“အခုဆို ရခိုင်မှာ ရေကြီးနေတဲ့ ပြဿနာပါ ထပ်ဖြစ်လာခဲ့တယ်။ ဒီလို တိုင်းပြည်ရဲ့ ဝန်ထုတ်ဝန်ပိုးကို ဖြေရှင်းဖို့ ချဉ်းကပ်တဲ့အခါမှာ လုံခြုံရေး ရှုထောင့်ကနေ ချဉ်းကပ်တာမျိုးမဟုတ်ဘဲ လူသားချင်း စာနာမှု ထောက်ထားတဲ့အနေနဲ့ ချဉ်းကပ်ဖို့ လိုအပ်တယ်” ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်

By MPM 4 စက်တင်ဘာ, 2023 👁

မုန်တိုင်းကူညီကယ်ဆယ်ရေးလုပ်ဆောင်နေမှုများနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်နှင့် မေးမြန်းချက်။

ရခိုင်ပြည်ကို “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်သွားခဲ့တာ အခုဆိုရင် ၃ လကျော် ရှိသွားပါပြီ။ လက်ရှိ မုန်တိုင်းသင့် ရခိုင်ပြည်သူတွေရဲ့ အခြေအနေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ မေလက မိုခါမုန်တိုင်းဒဏ်ကို ရခိုင်ပြည်သူတွေ အပြင်းထန်ဆုံး ကြုံတွေ့ခဲ့ပါတယ်။ ဩဂုတ် လဆန်းပိုင်းမှာလည်း တခါထပ်ပြီး ရေကြီး၊ ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်။ စစ်ရေး ပဋိပက္ခရော၊ လူမူ အကျပ်အတည်းတွေနဲ့ပါ ရင်ဆိုင်နေရတဲ့ ရခိုင်ဒေသကို နိုင်ငံတကာကလည်း စိတ်ဝင်စားမှု ရှိနေတယ်။ အဲဒီလို အခြေအနေမျိုးမှာ သဘာ၀ဘေးအန္တရာယ်ကို ကြုံတွေ့နေရတဲ့ ရခိုင်ဒေသခံပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့နေရာမှာ အခုအချိန်ထိ ကြန့်ကြာနေရတာက ဘာအတားအဆီးတွေကြောင့်များပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ဆိုလည်း “မိုခါ” ဖြစ်ပြီးကတည်းက အဖွဲ့အစည်း၊ ပုဂ္ဂိုလ်၊ တစ်ဦးတစ်ယောက်တည်း၊ စကစ ကရော ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။ တခြားအရပ်ဖက်အဖွဲ့အစည်းတွေရော၊ နိုင်ငံရေး ပါတီတွေရော ဆောင်ရွက်ဖို့ ခက်ခဲလိမ့်မယ်လို့ မြင်တယ်။ ဒါကြောင့် နိုင်ငံတကာအကူအညီတွေ လာရောက်ဖို့ အမြဲ ဖိတ်ခေါ်ခဲ့တယ်။ စကစ ဘက်ကလည်း လုံခြုံရေးအရ စိုးရိမ်တာတွေ ရှိတယ်။ တကယ်ဒုက္ခ ရောက်ရတာက ဌာနေတိုင်းရင်းသား ပြည်သူတွေပဲ။

ကျွန်တော်တို့ အကြိမ်ကြိမ် ပြောခဲ့တာကတော့ နိုင်ငံရေး၊ လုံခြုံရေးအရ မကြည့်ဘဲ လူသားချင်းစာနာ ထောက်ထားမှုအရပဲ ကြည့်ပြီးတော့ ဆောင်ရွက်ဖို့ ကျွန်တော်တို့က တောက်လျှောက် ပြောခဲ့တယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကူညီပေးဖို့ သူတို့ဝင်ချင်တာလည်းရှိတယ်။ စိုးရိမ်တာက သူတို့ဘယ်လောက်အထိ လုပ်ကိုင်ခွင့်ရမလဲ။ ဘယ်လောက် လမ်းဖွင့်ပေးနိုင်မလဲ။ ဘယ် လောက် ကူညီခွင့် ရနိုင်မလဲ ပြည်သူတွေဆီ ထိထိရောက်ရောက် ရောက်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်တဲ့ အချက်တွေတော့ ရှိတယ်။ ဒီအပေါ်မှာဘဲ အခြေခံတယ်လို့ မြင်ပါတယ်။

မေး။ ။ ရခိုင်အမျိုးသားကွန်ရက်အနေနဲ့ မိုခါမုန်တိုင်းဒဏ်သင့်ခဲ့တာရော ရေကြီးရေနစ်မြုပ်ခဲ့တာတွေမှာ ကူညီကယ်ဆယ်ရေးတွေ ဘယ်လောက်ထိ လုပ်နိုင်ခဲ့ပါလဲ။ လေဘေး၊ ရေဘေး ဒုက္ခသည်တွေအနေနဲ့ ဘာတွေထပ်ပြီး လိုအပ်နေပါသေးလဲဗျ။

ဖြေ။ ။ ကျွန်တော်တို့လုပ်ကိုင်ဆောင်ရွက်ခဲ့တာ အလွန်တရာနည်းပါတယ်။ ဒီတစ်ကြိမ်မှာတော့၊ ဘာကြောင့်လဲ ဆိုတော့ ကယ်ဆယ်ရေး အဖွဲ့တွေ မရောက်နိုင်တဲ့ ဥပမာ ပေါက်တောမြို့နယ်ထဲက ဖရုံကာကျွန်းစုတွေဖြစ်တဲ့ မြေငူကျွန်းကိုပဲ ကူညီပေးနိုင်ခဲ့တယ်။ နောက် ရသေ့တောင်မြို့နယ်နဲ့ တခြားဒေသတွေမှာ ရေသန့်စက်တွေ ပေးနိုင်ခဲ့တယ်။ အခုလက်ရှိ ရခိုင်မှာ ဒုက္ခရောက်နေတာကတော့ စစ်တွေ၊ ရသေ့တောင်၊ ပေါက်တော အဲဒီမြို့နယ်တွေမှာ ဆိုရင် မိုခါမုန်တိုင်းအပြီး အတော်လေး ကြာနေပြီဖြစ်တဲ့ အချိန်မှာတောင်မှ မုန်တိုင်းတိုက်တဲ့ အနေအထားက မီးလောင်ပြီး တစပြင်လို ဖြစ်သွားတာမျိုးကို တွေ့ခဲ့ရတယ်။ အခြေခံအဆောက်အအုံတွေ ဘာမှ မရှိတော့ဘူး။

လမ်းပန်းဆက်သွယ်ရေးကအစ အကုန်လုံး ပြတ်တောက်သွားတယ်။ မြို့ပေါ်ကလွဲပြီး ကျေးရွာတွေမှာ ဆိုရင် လျှပ်စစ်ဓာတ်အားတောင် မရနိုင်သေးတဲ့ အနေအထားမျိုးပေါ့နော်။ ပြန်လည်ထူထောင် ဖို့က တော်တော်လေးကို ခက်ခဲတယ်။ ဒီဟာကို အမြန်ဆုံး လူသားချင်းစာနာထောက်ထားပြီးတော့ တခြား စံချိန်စံညွှန်းတွေနဲ့ မကြည့်ဘဲ အမြန်ဆုံးအကူအညီပေးဖို့ လိုအပ်တယ်လို့ ကျွန်တော်တော့ မြင်တယ်။ အရပ်ဖက် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ ရက္ခိုင့်တပ်တော်တို့ ကူညီနေပေမယ့်လည်း လိုအပ်နေဆဲပဲ ဖြစ်တယ်။ သန်းချီတဲ့လူသားတွေ ဒုက္ခရောက်နေဆဲပဲ ဖြစ်တယ်။ ဒီအကူအညီတွေကိုပေးဖို့ တိုက်တွန်းချင်ပါတယ်။

မေး။ ။ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်နေတဲ့ ရခိုင်ဒေသကို နိုင်ငံတကာကူညီကယ်ဆယ်ရေးတွေ ဝင်ရောက်ရေးမှာ အတားအဆီးတွေကို ကျော်ဖြတ်ဖို့ဆိုရင် ဘာတွေလိုအပ်ပါလဲ။

ဖြေ။ ။ ရခိုင်မှာရှိတဲ့ ပြည်သူတွေကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ လာရောက်မယ်ဆိုတာ ကြိုဆို တယ်။ ဝမ်းမြောက်တယ်၊ မျှော်လင့်နေဆဲ ဖြစ်တယ်။ အဓိက အရေးကြီးတဲ့အချက်က စကစဘက်က ဘယ်လောက် လမ်းဖွင့်ပေးနိုင်မလဲ။ ဘယ်လောက်ထိ သူတို့သဘောထားကြီးမလဲ။ ဒီအပေါ်မှာ နိုင်ငံရေးအရ၊ လုံခြုံရေးအရ မမြင်ဘဲ တကယ်လူသားတွေ ဒုက္ခရောက်နေတာ ဒီနိုင်ငံက လူသားတွေ ဖြစ်တယ်။ ဌာနေတိုင်းရင်းသားတွေ ဖြစ်တယ်။ ဒါဟာ လက်ရှိတာဝန်ယူထားတဲ့ စကစမှာ တာဝန်အများကြီးရှိတယ်။

မေး။ ။ ပြီးခဲ့တဲ့ရက်ပိုင်းက UNOCHA အကြီးအကဲ စစ်တွေမြို့ကိုရောက်တယ်၊ မိုခါမုန်တိုင်း ဒဏ်သင့်ခဲ့တာ တွေနဲ့ ပတ်သက်ပြီးတော့ မြေပြင်စာရင်းကောက်ပြီး အကူအညီတွေပေးမယ်လို့ ပြောခဲ့တာ သတင်းတွေ မှာတွေ့ရပါတယ်။ UNOCHA အကြီးအကဲပြောခဲ့တဲ့ အကူအညီဆိုတာ တကယ်လက်တွေ့မှာရော ဖြစ်နိုင်ပါလား။

ဖြေ။ ။ UNOCHA အကြီးအကဲကတော့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ ဩဂုတ် ၁၆ ရက်နေ့ က တွေ့တယ်လို့ သိရတယ်။ UNOCHA အနေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဘယ်လိုအကူအညီတွေ ပေးမယ်။ ဘယ်လိုအထိ လူသားချင်း စာနာထောက်ထားမှုနဲ့ ဘယ်လိုချဉ်းကပ်မယ်ဆိုတာတွေ ကျွန်တော်တို့အနေနဲ့ တိတိကျကျ မသိဘူး။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ အကူအညီပေးဖို့ ချဉ်းကပ်လာတယ်ဆိုတာ ကျွန်တော်တို့ အနေနဲ့ ပြည်သူတွေကိုယ်စား ဝမ်းသာတယ်။ ဝမ်းမြောက်တယ်။

ထို့အတူ စကစဘက်ကလည်း ဒီလိုအကူအညီပေးဖို့ လုပ်ဆောင်လာတဲ့အပေါ်မှာ တခြားအင်အားစုတွေ စိုးရိမ်သလို နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ မကြိုးစားဘဲ လူသားချင်း စာနာထောက်ထားမှုအရ မိုခါ မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို သဘောထားကြီးကြီးနဲ့ ကူညီသင့် ပါတယ်။ အခုဆို ရခိုင်မှာ ရေကြီးနေတဲ့ ပြဿနာပါ ထပ်ဖြစ်လာခဲ့တယ်။ ဒီလို တိုင်းပြည်ရဲ့ ဝန်ထုတ်ဝန်ပိုးကို ဖြေရှင်းဖို့ ချဉ်းကပ်တဲ့အခါမှာ လုံခြုံရေး ရှုထောင့်ကနေ ချဉ်းကပ်တာမျိုးမဟုတ်ဘဲ လူသားချင်း စာနာမှု ထောက်ထားတဲ့အနေနဲ့ ချဉ်းကပ်ဖို့ လိုအပ်တယ်။

ထို့အတူ ရက္ခိုင့်တပ်တော် AA ထိန်းချုပ်ထားတဲ့ နယ်မြေ ဒေသတွေမှာလည်း အတတ်နိုင်ဆုံး လူသားချင်း စာနာထောက်ထားမှုနဲ့ ပတ်သက်ပြီး အပြုသဘောဆောင် အကောင်းမြင်တဲ့ အနေအထားနဲ့ စာတွေ ထုတ်ထားတာ ရှိတယ်။ ဒါကြောင့် UNOCHA အနေနဲ့ ကူညီမှုတွေကို ဘယ်လောက် အတိုင်းအတာထိ ကူညီနိုင်မယ်ဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်တယ်။

မေး။ ။ UNOCHA အကြီးအကဲက စစ်တွေမြို့လောက်ကိုပဲ လာရောက်ခဲ့တဲ့ အနေအထား ရှိတယ်လို့ သိထားရပါတယ်၊ မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သူတွေ ဩဂုတ်လဆန်းပိုင်းတုန်းက ရေကြီးရေနစ်မြုပ်ဒဏ် ခံခဲ့ရတဲ့ ဒေသတွေလည်း ရှိခဲ့တယ်ပေါ့။ တကယ် ဒုက္ခရောက်ရတဲ့နေရာအထိ သွားရောက်ပြီး မြေပြင်အချက်အလက် တွေကို ကောက်ယူရရှိနိုင်ပါ့မလား။

ဖြေ။ ။ UNOCHA အနေနဲ့ ဒီအချက်အလက်တွေ ရရှိရေးအပေါ်မှာ သူ့အနေနဲ့ အချက်အလက်တွေ ရယူလိုစိတ် ရှိတဲ့ ရှုထောင့်ကပဲ ချဉ်းကပ်ဖို့ လိုပါမယ်။ ရက္ခိုင့်တပ်တော်ကလည်း လူတစ်သိန်းကျော် ဒုက္ခရောက်သွားရတယ် ဆိုတဲ့ အချက်အလက်တွေကို တင်ပြထားပြီး ဖြစ်တယ်။ ရခိုင်အမျိုးသားကွန်ရက်နဲ့ တခြားသောလူမှုရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက မုန်ခါမုန်တိုင်းနဲ့ ပတ်သက်ပြီး ဘယ်ဒေသတွေကို ဘယ်လောက် အတိုင်းအတာအထိ ကူညီနိုင်ခဲ့တယ်။ ဘယ်လောက် ဒုက္ခရောက်နေဆဲ ဖြစ်တယ်၊ ဘယ်ဒေသမှာ ဘာတွေ လိုအပ်တယ် ဆိုတာကို အချက်အလက်တွေကို ကျွန်တော်တို့ရဲ့ Facebook Page ကနေ ယူလို့ရပါတယ်။

မေး။ ။ ဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါဦး။

ဖြေ။ ။ UNOCHA အကြီးအကဲအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအရ အကူအညီပေးဖို့ ကြိုးပမ်းလာတဲ့ အပေါ် ပြည်သူတွေကိုယ်စား ဝမ်းမြောက်ကြိုဆိုပါတယ်။ စကစဘက်ကလည်း လုံခြုံရေးအရ စိုးရိမ်တာတွေ မလုပ်လဲ လူသားချင်းစာနာမှု တိုင်းပြည်ရဲ့ ပြဿနာတစုံတရာ ပြေလည်သွားမလားဆိုတဲ့ ရှုထောင့်ကနေ အမြန်ဆုံး ညွှန်ကြားချက်တွေ လမ်းဖွင့် ဆောင်ရွက်ပေးသင့်တယ်လို့ တိုက်တွန်းချင်တယ်။ UNOCHA ဘက် ကလည်း လူသားချင်းစာနာ ထောက်ထားမှုအကူအညီ အမြန်ဆုံးပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးပါလို့ အဓိက တိုက်တွန်းချင်တယ်။ ရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့လည်း အကူအညီပေးဖို့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲလို့ ပြောချင်ပါတယ်။

နိရဉ္စရာ ပေးပို့သည်။