BIMSTEC ထိပ်သီးအစည်းအဝေးအား စစ်ကောင်စီဥက္ကဌ တက်ရောက်ခွင့်ပိတ်ရန် တောင်းဆိုကန့်ကွက်စာ ပေးပို့မှုနှင့်ပတ်သက်ပြီး ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) ဥက္ကဌဒေါ်ခင်ဥမ္မာနှင့် ဆက်သွယ်မေးမြန်းချက်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ပြုလုပ်မည့် BIMSTEC ထိပ်သီးအစည်းအဝေးကို ဧပြီ ၃ ရက်နေ့နှင့် ၄ ရက်နေ့ တို့တွင် ကျင်းပမည်ဖြစ်ရာ အဖွဲ့ဝင်နိုင်ငံခုနစ်နိုင်ငံဖြစ်သည့် ထိုင်း၊ ဘင်္ဂလားဒေ့ရ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် မြန်မာနိုင်ငံတို့မှ အစိုးရအဖွဲ့ကိုယ်စားလှယ်များတက်ရောက်ကြမည် ဖြစ်သည်။
BIMSTEC အစည်းအဝေးတွင် မြန်မာကိုယ်စားပြုအနေဖြင့် မြန်မာစစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်နိုင်ငံဝန်ကြီးချူပ်က တက်ရောက်ခွင့်ဖိတ်ပေးသည့်အပေါ် မြန်မာအရပ်ဘက်အဖွဲ့အစည်း ၃၁၉ ဖွဲ့ကနေ ကန်ကွက်သည့်စာကို BIMSTEC အဖွဲ့ဝင်နိုင်ငံများထံ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေး၊ နည်းပညာစသည့်ကဏ္ဍအသီးသီး၌ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ BIMSTEC အစည်းအဝေးသို့ မြန်မာစစ်ကောင်စီ ဥက္ကဌအား တက်ရောက်ခွင့်ပိတ်ပင်ရန် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားကြောင်းလည်း သိရသည်။
BIMSTEC အစည်းအဝေးသို့ စစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တက်ရောက်ခွင့်ပြုတာက ဘယ်လိုသက်ရောက်မှု ရှိလာနိုင်ပါလဲ။ စစ်ကောင်စီဥက္ကဌ တက်ရောက်ခွင့်ကိုပိတ်ပင်ရန် ကန့်ကွက်စာပေးပို့ ရာတွင်ပါဝင်သည့် ရှေ့ပြေးအသံအဖွဲ့ ( Progressive Voice) ဥက္ကဌဒေါ်ခင်ဥမ္မာ ထိုအခြေအနေများနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ပထမဦးဆုံးအနေနဲ့ BIMSTEC ထိပ်သီးအစည်းအဝေးဆိုတာ ဘယ်လိုအစည်းအဝေးမျိုးပါလဲ။ ပြောပြပေးပါဦး ခင်ဗျ။
ဖြေ။ ။ BIMSTEC ကတော့ ဘင်္ဂလားပင်လယ်အော်နဲ့ထိစပ်နေတဲ့ အရှေ့တောင်အာရှနိုင်ငံနဲ့ တောင်အာရှနိုင်ငံ ၇ နိုင်ငံကပေါင်းပြီးမှ ဖွဲ့ထားတဲ့အဖွဲ့ဖြစ်ပါတယ်။ ဒီ BIMSTEC ကတော့ ပြောရမယ်ဆိုရင် စီးပွားရေးအရ၊ နည်းပညာပိုင်းအရ ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက်ကို စုထားတဲ့ဟာဖြစ်ပါတယ်။ ပြောရမယ် ဆိုရင် အစုအဖွဲ့လိုဖြစ်နေတဲ့ဟာမျိုးကို အကြောင်းအရာပေါ်မူတည်ပြီး တွေ့ကြတာမဟုတ်ဘဲနဲ့ အာဆီယံလောက် ပဋိညာဉ်စာချုပ်တွေ ဖွဲ့စည်းပုံသဘောမျိုး မရှိတာကလွဲလို့ရှိရင် သူမှာက ၇ နိုင်ငံကနေပြီး သဘောတူညီချက်တွေ နဲ့စုထားတဲ့အဖွဲ့လို့ ပြောလို့ရပါတယ်။ ဆိုတော့ သူတို့ဘက်က စီးပွားရေးနဲ့နည်းပညာဆိုင်ရာ ကဏ္ဍအသီးသီး ၁၄ ကဏ္ဍလောက်ရှိတာကို ၇ နိုင်ငံက ပူးပေါင်းလုပ်ဆောင်နေကြတာရှိတယ်။ အကြောင်းအရာပေါ်မှာမူတည်ပြီး အစည်းအဝေးတွေလည်းလုပ်နေတာရှိတော့ ဘန်ကောက်မှာလုပ်နေတဲ့အစည်းအဝေးလည်း ပုံမှန်လုပ်နေကြ အစည်းအဝေးလို့ ပြောလို့ရပါတယ်။
မေး။ ။ စစ်ကောင်စီဘက်က ဒီအစည်းအဝေးတက်ရောက်မှာကို ဘာလို့ ပိတ်ပင်ကန့်ကွက်တာပါလဲ။
ဖြေ။ ။ ဒီအစည်းအဝေးကို စစ်အုပ်စုတက်ရောက်ဖို့ ကျွန်မတို့ ဘာကြောင့်ပိတ်ပင်ရတာလဲဆိုရင် (၁) အချက်က စစ်အုပ်စုဟာ မြန်မာနိုင်ငံရဲ့အချုပ်အချာအာဏာကို ဥပဒေကြောင်းအရသော်လည်းကောင်း၊ ရွေးကောက်ပွဲနဲ့ ဥပဒေအရသော်လည်းကောင်း သို့မဟုတ် နယ်မြေစိုးမိုးထိန်းချုပ်မှုအရသော်လည်းကောင်း သူ့မှာတရားဝင်မှု ဘာမှ မရှိနေတဲ့အတွက်ကြောင့်ဖြစ်တယ်။ ပြောချင်တာကတော့ သူသည် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်အစိုးရ မဟုတ်ဘူး။ ရွေးကောက်ပွဲနဲ့တက်လာတာလည်း မဟုတ်သလို နယ်မြေစိုးမိုးမှုလည်း မရှိတော့ဘူး။ ဒါကြောင့် စစ်အုပ်စုသည် နယ်မြေစိုးမိုး အစိုးရဘဲပြောပြော ရွေးကောက်ပွဲကြောင့်ပြောပြော တက်လာတဲ့အစိုးရ မဟုတ်နေ ဘူး။ အဲအတွက်ကြောင့်မို့ တရားဥပဒေနှင့်အညီဥပဒေကြောင်းအရ မြန်မာနိုင်ငံကိုကိုယ်စားပြုခွင့် သူ့မှာမရှိနေဘူး၊ ဒါကြောင့် တခြားနိုင်ငံတွေအနေနဲ့ သူ့ကိုပေးမတက်သင့်ဘူးဆိုတာက သူသည်မြန်မာကိုယ်စားပြုဖြစ်မနေလို့ အဲဒါက အဓိက ဖြစ်ပါတယ်။
နောက်တခုက မင်းအောင်လှိုင်သည် နိုင်ငံတကာရာဇဝတ်သားဖြစ်နေပြီး အာဂျင်တီးနားကလည်း သူ့ကို ဖမ်းဝရမ်းထုတ်ထားပြီ။ နိုင်ငံတကာရာဇဝတ်ရုံး ICC ကလည်း သူ့ကို ဖမ်းဝရမ်းထုတ်ပေးဖို့ကို ရှေ့နေချုပ်က နေပြီးတော့မှ တရားရုံးကို လျှောက်တင်ပြီးသားဖြစ်ပါတယ်။ ပြောချင်တာကသူသည် မြန်မာနိုင်ငံထဲမှာ ပြည်သူလူထုတွေကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေ၊ မတရားဖမ်းဆီးသတ်ဖြတ်မှုတွေ၊ ဗုံးကြဲမှုတွေအပါအဝင် အကြမ်းဖက်မှုမျိုးစုံကို နိုင်ငံတကာရဲ့ဥပဒေအောက်မှာဆိုရင် လူမဆန်ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံကိုကိုယ်စားပြုမှုမရှိတဲ့အပြင် သူဟာ ရာဇဝတ်သား ဖြစ်နေပြီဖြစ်တဲ့အတွက် အဲဒီအစည်းကို မြန်မာနိုင်ငံကိုယ်စားပြုပြီး တက်ရောက်ပိုင်ခွင့်ကို မရှိတာ ဖြစ်ပါတယ်။
မေး။ ။ စစ်ကောင်စီအနေနဲ့ ဒီအစည်းအဝေးကို တက်ရောက်ခွင့်ရသွားရင် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါလဲ။
ဖြေ။ ။ ပြောရမယ်ဆိုရင် မင်းအောင်လှိုင်နဲ့သူ့အပေါင်းအပါ ရာဇဝတ်သားတစုသည် ဘာဖြစ်နေလဲဆိုတော့ ငရဲခွေးကြီး လွတ်နေတယ်လို့ပြောရမလား။ ပြည်သူတွေကို ငါတို့သတ်ချင်ရင်သတ်လို့ရတယ် ငါတို့ လက်ခုပ်ထဲကရေ ငါတို့ဗုံးကြဲချင်ဗုံးကြဲမယ်၊ ဘယ်သူ့ကိုမှဂရုမစိုက်ဘူးဆိုတဲ့ဟာမျိုး ဖြစ်နေတယ်။ ဆိုတော့ သူတို့ ဒီအစည်းအဝေး တက်ရောက်ခွင့်ရခဲ့လို့ရှိရင် သူတို့လုပ်နေတဲ့အရာတွေကို တစ်ကမ္ဘာလုံးကငုတ်တုတ်ထိုင်ပြီး ရပ်ကြည့်နေတယ်။ ဘယ်သူမှ ငါတို့လုပ်တာကို မတားနိုင်ဘူး။ ဘယ်သူမှ ငါတို့ကိုမတားရဲဘူး။ ငါတို့က ဘယ်သွားသွား သွားလို့ရနေသေးတယ် ဘယ်လောက်ပဲ ငါတို့အကြမ်းဖက်မှုလုပ်နေပါစေ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး သွားခွင့်ရနေသေးတယ်ဆိုတဲ့ သူ့ကိုတရားဝင်မှု ပေးလိုက်သလိုဖြစ်သွားမယ်။
မင်းအောင်လှိုင်အနေနဲ့ တက်ခွင့်ရမယ်ဆိုရင် သူ့ကို သိက္ခာတင်မဲ့ ဂုဏ်ထပ်မယ့်ပွဲ ဖြစ်သွားပါမယ်။ ရှင်းရှင်းပြောရလို့ရှိရင် အဲဒီကနေပြန်လာပြီးတော့မှ သူ့အနေနဲ့ မြန်မာနိုင်ငံမှာဗုံးကြဲတာတွေ၊ အကြမ်းဖက်မှုတွေ ပိုလုပ်လာမယ်လို့ ကျွန်မတို့တွေ မြင်လို့ရပါတယ်။ သူတို့ရဲ့ တရားမဝင်ဖြစ်နေတာကို ကျန်တဲ့ ၆ နိုင်ငံကနေ ပြီးတော့မှ တရားဝင်မှုပေးသလိုဖြစ်သွားမယ်။ ကျန်ခဲ့တဲ့ ၄ နှစ်ကျော် နွေဦးတော်လှန်ရေးစခဲ့တဲ့အချိန် ကတည်းကနေ အခုချိန်ထိ မင်းအောင်လှိုင်ဟာ သူအားကိုးတဲ့ တရုတ်နဲ့ရုရှားကလွဲလို့ရှိရင် ဘယ်မှသွားလို့ရတာ မဟုတ်ဘူး။ အဲတော့ တရုတ်နဲ့ရုရှားလောက်ပဲသွားရဲတဲ့သူက ထိုင်းနိုင်ငံလိုနေရာမျိုးကို လာခွင့်ရလိုက်ပြီဆိုရင် သူသည်ပိုပြီးတော့မှ သွေးနားထင်ရောက်ပြီး ငါလုပ်ချင်တာလုပ်လို့ရတယ် ဘယ်သူမှ ငါ့ကိုမတားရဲဘူးဆိုတာမျိုး ဖြစ်သွားမယ်။
ကျွန်မတို့ တိုင်းပြည်နဲ့ပြည်သူလူထုပေါ်မှာ သူရဲ့အကြမ်းဖက်မှုတွေကို ပိုတွေ့ရလာတာမျိုးဖြစ်လာလိမ့်မယ်။ အခုကြုံနေရတဲ့ ကပ်ဆိုက်မှုကြားထဲမှာ စစ်အုပ်စုက ပိုပြီးအကျိုးခံစားခွင့်ရသွာမဲ့ အခြေအနေမျိုးကို ဒီအစည်းအဝေးကနေပြီးတော့မှ အမြတ်ထုတ်လို့ရသွားနိုင်တယ်။ နောက်တခုက သူဒီအစည်းအဝေးကို အချုပ်အခြာအာဏာပိုင်တဲ့ ထိပ်တန်းခေါင်းဆောင်တစ်ယောက်အနေနဲ့ တက်ခွင့်ရမယ်ဆိုရင် သူ့ကို တရားဝင်မှု ပေးလိုက်ရသလို ဖြစ်သွားနိုင်မယ်။ အဲဒီအဆင့်ကနေပြီးတော့မှ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲလုပ်မယ့် ဟာကိုပါ ကျန်တဲ့နိုင်ငံတွေက ထောက်ခံမှုပေးတဲ့ပုံစံမျိုးဖြစ်သွားမှာကို ကျွန်မတို့ ဖြစ်နိုင်ချေတွေကို တွက်ကြည့်ရတယ်ပေါ့နော၊ စိုးရိမ်စရာ ဖြစ်ပါတယ်။
မေး။ ။ စစ်ကောင်စီအနေနဲ့ ဒီအစည်းအဝေးကို တက်ရောက်ခွင့်မရခဲ့လို့ရှိရင် ပြည်သူလူထုတွေအတွက် အကောင်းဘက်က ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်ပါလဲ။
ဖြေ။ ။ သူတက်ခွင့်မရှိဘူး တက်လို့မရတော့ဘူးဆိုလို့ရှိရင်တော့ ဒီစစ်အုပ်စုကိုဖြိုချဖို့ ကြိုးစားနေကြတဲ့ ပြည်သူလူထုတရပ်လုံး၊ တိုင်းရင်းသားလူမျိုးစုတွေအားလုံး၊ လူငယ်မျိုးဆက်တွေ အားလုံးအတွက်ဘက်က ပိုပြီးမှ အားသာတယ်။ စစ်အုပ်စုဘက်က မတရားလုပ်တဲ့အရာတွေကို သူတို့ဘက်ကမြင်တဲ့အတွက်ကြောင့်မို့လို့ စစ်အုပ်စုနဲ့တော့ ပုလင်းတူဘူးဆို့တော့ အဖြစ်မခံနိုင်ဘူးဆိုပြီး သူတို့ဘက်က ဆုံးဖြတ်တယ်ဆိုရင် တော်လှန်ရေး အောင်မြင်ဖို့ ကြိုးစားနေတဲ့ ပန်းတိုင်ရလဒ်ကောင်းတယ်ပေါ့နော။ ဒါပေမယ့် ဒီနိုင်ငံ ၇ နိုင်ငံကို ကြည့်တဲ့ အခါမှာလည်း ကျွန်မတို့စိတ်ပူရတာကတော့ အိန္ဒိယအပါအဝင် ဒီနိုင်ငံတွေက ဘယ်လောက်ထိ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို လိုက်နာနေတဲ့နိုင်ငံတွေလည်း ဆိုတဲ့အပေါ်မှာ ကျွန်မတို့ဘက်ကလည်း စိတ်ပူစရာတွေတော့ ရှိပါတယ်။
မေး။ ။ စစ်ကောင်စီအနေနဲ့ BIMSTEC ထိပ်တန်းအစည်းအဝေး တက်ရောက်မယ့်အပေါ် ထိုင်းအရပ်ဘက် အဖွဲ့အစည်းတွေဘက်ကရော ဘယ်လိုအမြင်မျိုးရှိလဲဗျ။
ဖြေ။ ။ ဒီတစ်ရက်နှစ်ရက်မှာပဲ ဒုက္ခရောက်နေတဲ့ပြည်သူတွေကို မကူညီတဲ့အပြင် ဗုံးကြဲပြီးတော့ သတ်ဖြတ်မှုတွေလုပ်နေတဲ့ ဒီစစ်အုပ်စုနဲ့ပက်သက်ပြီးတော့မှ အထူးသဖြင့် BIMSTEC အစည်းအဝေးက ဘန်ကောက်မြို့မှာလုပ်မှာဆိုတော့ ထိုင်းနိုင်ငံရဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ရာနဲ့ချီကနေပြီးတော့ သူတို့ရဲ့ ဝန်ကြီးချုပ်ရုံးကို စာတိုက်ရိုက်၊ လူကိုယ်တိုင်ပေးကြပြီးတော့မှ ဆိုရှယ်မီဒီယာမှာလည်း သူတို့ သတင်းစကား ဖြန့်ဝေမှုတွေလည်း အများကြီးလုပ်နေတယ်။
မီဒီယာတွေဘက်က ဖော်ပြနေကြတာကတော့ ထိုင်းအရပ်ဘက် အဖွဲ့အစည်းတွေရဲ့တောင်းဆိုမှုက မင်းအောင်လှိုင်ကို BIMSTEC အစည်းအဝေးကို ပေးမလာနဲ့၊ ပေးမတက်နဲ့ ဘာကြောင့်လဲဆိုတော့ ဒီလူဟာ ပြည်သူတွေကို အကြမ်းဖက်နေတဲ့ရာဇဝတ်သား ဖြစ်နေတယ်ဆိုတဲ့ဟာ အပါအဝင် မြန်မာပြည်သူတွေ ဒုက္ခရောက်နေတာ သူကြောင့်ဆိုတာမျိုးတွေကိုပါ ကြိုးစားဖော်ပြနေကြပါတယ်။ အဲအပေါ်မှာ အိမ်ရှင် ထိုင်းအစိုးရအနေနဲ့ ဘယ်လိုလုပ်ဆောင်မယ်ဆိုတာကိုတော့ ကျွန်မတို့စောင့်ကြည့်ရမှာဖြစ်ပါတယ်။
မေး။ ။ တဖက်မှာ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီနဲ့မဟုတ်ဘဲ BIMSTEC ထိပ်သီးအစည်းအဝေးကို ဘယ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ မြင်မိပါလဲဗျ။
ဖြေ။ ။ BIMSTECကတော့ ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံကို တကယ်ကိုယ်စားပြုတဲ့ တရားဥပဒေကြောင်းအရ ရော နယ်မြေစိုးမိုးမှုအရရော ကြည့်မယ်ဆိုရင်တော့ စစ်အုပ်စုကို ခေါ်လို့မရတော့ဘူး။ မကောင်းတော့ဘူး ဆိုတာကို သူတို့မြင်ရတော့မယ်ပေါ့နော။ နေပြည်တော်ကို ဘယ်လောက်ပဲချုပ်ကိုင်ထား ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင် သူ့မှာတရားဝင်မှု ဘာမှမရှိနေဘူး။
နယ်မြေစိုးမိုးမှု အရကြည့်မယ်ဆိုရင်လည်း တိုင်းပြည်ရဲ့ နယ်မြေတော်တော်များများ နေရာတွေကို စစ်အုပ်စုထက် တော်လှန်ရေးဘက်က NUG, PDF, ERO စိုးမိုးထား ပြီးသားဖြစ်နေပြီဆိုတဲ့အပေါ်မှာ သူတို့ ဖိတ်သင့်တာက NUG, ERO တွေကို သူတို့ဖိတ်သင့်တယ်။ ဒါမှပဲ စစ်မှန်တဲ့ တိုင်းပြည်ကို ကိုယ်စားပြုမှုနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ နည်းပညာတွေကို ဆွေးနွေးကြမယ်ဆိုရင် ပိုပြီးတော့လက်တွေ့ကြမယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ နိုင်ငံတကာကို Progressive Voice တို့လိုအရပ်ဘက်အဖွဲ့အစည်းတွေကနေပြီးတော့ ဘယ်လိုနေရာမျိုးမှာ ဘယ်လိုပုံစံမျိုးနဲ့ပါဝင်ပေးဖို့ အကြံပြုချင်ပါလဲ။ ဖြည့်စွက်ပြီး ပြောပေးပါအုံးဗျ။
ဖြေ။ ။ မြန်မာနိုင်ငံက အခု စစ်အုပ်စုနဲ့တော်လှန်ရေးအပါအဝင် တော်လှန်ရေးကိုထောက်ခံပြီး စစ်အုပ်စု ဖိနပ်အောက်က လွတ်မြောက်ချင်တဲ့ ပြည်သူတွေအားလုံးက တဖက်လိုဖြစ်နေတဲ့အပေါ်မှာ သူတို့အနေနဲ့ မြင်ရမှာက စစ်အုပ်စုကိုမဖိတ်တာ အဓိက သူတို့လုပ်သင့်တဲ့အရာဆိုတာကို သိဖို့လိုပါတယ်။
ဒါမှပဲ မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ရှေ့ရေးကို ဆက်သွားမယ်ဆိုရင် စီးပွားရေးအရပဲပြောပြော သူတို့ဆွေးနွေးမယ့် အကြောင်းအရာတွေက ပြည်သူတွေရဲ့ဘဝတွေပေါ်မှာမူတည်ပြီး သူတို့အကောင်းဆုံး လုပ်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်နိုင်မယ်လို့မြင်တယ်။ ကျွန်မတို့ ဒီအရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့လည်း မင်းအောင်လှိုင် ကိုတော ပေးမတက်နဲ့၊ ကြားကာလအစိုးရတွေက သူတို့တကယ်ကို ဖိတ်ခေါ်ဆွေးနွေးရမယ် ဆိုတာကို ကျွန်မတို့အမြဲပြောနေပြီး BIMSTEC အဖွဲ့အစည်းကိုလည်း ကျွန်မတို့စာပို့ထားပါတယ်။
KNG ပေးပို့သည်။