အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F တာဝန်ခံတပ်မှူး အောင်စံရှားနဲ့ အမေးအဖြေ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့တွင်းရှိ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရဲစခန်း၊ ခလရ (၂၈၄) တပ်ရင်းနဲ့ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံး၊ လဝကရုံး၊ ဆက်သွယ်ရေးရုံး၊ အခွန်ရုံး၊ တရားသူကြီးရုံးတွေ ကို ဇွန်လ ၂ ရက် မနက် ၅ နာရီမှာ KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F နဲ့ Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး တပြိုင်ထဲ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦး ထိခိုက်သေဆုံး ဒဏ်ရာရရှိသွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သံဃာ ၁ ပါး အပါအဝင် အရပ်သား ၃ ဦး သေဆုံးသွားခဲ့တယ်လို့ အထူးစစ်ဆင်ရေး တပ်ဖွဲ့ – S.O.F က ဇွန် ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒါကြောင့် ကြာအင်းဆိပ်ကြီးမြို့ပေါ် တိုက်ပွဲအခြေအနေ၊ မြို့တွင်း တိုက်ပွဲဆင်နွှဲရတဲ့ အကြောင်းအရင်းနဲ့ စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F တာဝန်ခံတပ်မှူး အောင်စံရှားကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး- အရင်ဆုံး ကြာအင်းဆိပ်ကြီးမြို့တွင်း တိုက်ပွဲအခြေအနေလေး ပြောပြပေးပါဦး။
ဖြေ- ခလရ ရဲစခန်း၊ ၂၈၄ နဲ့ ကြာအင်းဆိမ့်ကြီး ရဲစခန်း ပြီးရင် ထွေအုပ်ရုံးနဲ့ နောက်တရားသူကြီးရုံးပေါ့။ ကျွန်တော်တို့ ပစ်မှတ်ထား ဝင်ပြီးတိုက်ခိုက်ခဲ့တာပေါ့။ Drone အဖွဲ့နဲ့ ပူးပေါင်းပြီးလုပ်တယ်။ စစ်ဆင်ရေး မစ်ရှင်ပေါ့။ ၄ နာရီမှာ ကျွန်တော်တို့ Drone မစ်ရှင်ကို စတယ်။ အလင်းရောင်ရတဲ့အချိန် ပစ်မှတ်ကို သေချာမြင်ရတဲ့ အချိန်မှာ ကျွန်တော်တို့ တပြိုင်နက် ထိုးစစ်ဆင်ပြီး တိုက်ခိုက်တယ်။ တဖက်မှာ ရဲစခန်းကို တစ်ဖွဲ့က တိုက်ခိုက်ပြီးတော့ တစ်ဖွဲ့က ရုံးတွေမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက် တိုက်ခိုက်တာပေါ့။ တပြိုင်နက်တည်း တိုက်ခိုက်တာပေါ့။ စစ်မျက်နှာပြင်နှစ်ခု တိုက်ခိုက်ခဲ့တာပါ။
အဲဒီမှာ ရဲစခန်းကိုဝင်ပြီးတော့ သိမ်းပိုက်လိုက်တဲ့အထိ မရလိုက်ဘူး၊ အချိန်အကန့်သတ်ကြောင့် မရလိုက်ဘူး။ ရဲစခန်းမှာ လုံခြုံရေးယူထားတဲ့ရဲတွေကို အလစ်ငိုက်ဝင်တိုက်နိုင်ခဲ့တယ်။ ၁၀ ဦး ကျဆုံးတယ်ဆိုတာ ကျွန်တော်တို့ မျက်မြင်ပေါ့။ အဲဒီထဲမှာ အရာရှိတွေပါလား၊ မပါလားဆိုတာ သေချာမသိဘူး။ ရဲကပဲ အနည်းဆုံး ၅ ဦး ၆ ဦး ရှိမယ်။ ရုံးတွေဘက်မှာရှိတဲ့ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေ အနည်းဆုံး ၅ ယောက်၊ ၆ ယောက် အနည်းဆုံးပဲ။ စနိုက်ပါနဲ့က ၂ ယောက် အတိကျရမယ်။ ကျန်တာက အနည်းဆုံး သုံးလေးယောက်ပေါ့။ သေချာတာကတော့ ခန့်မှန်းပြီးလည်းပြောလို့ရတယ်။
ရဲ ၅ ယောက်နဲ့ စစ်ကောင်စီတပ်သား ၅ ယောက် ၆ ယောက် ဒါက မျက်မြင်ကျဆုံးခဲ့တဲ့ အရေအတွက်ပေါ့။ ထိခိုက်ဒဏ်ရာရတာ ထုတ်ပြန်ထားတယ်။ ၁၄ ယောက်၊ ၁၅ ယောက်လောက် ရှိမယ်။ အော်သံတွေဘာတွေနဲ့ပေါ့။ နောက်ပြီး ကျွန်တော်တို့တိုက်ခိုက်တဲ့ ပုံစံကလည်း ရဲစခန်းကို အဓိကပေါ့။ ရဲစခန်းနဲ့ တရားသူကြီးရုံးတွေဆိုရင် လုံးဝ ကြေမွပျက်စီးသွားတယ်။ နောက်ပြီး ဆက်သွယ်ရေးရုံးကို မီးရှို့လိုက်တယ်။ အဲဒီမှာလည်း သူတို့ တပ်ဖွဲ့ဝင်တွေ ရှိတယ်ပေါ့။ ထိခိုက်ဒဏ်ရာရသူ ပိုများမယ်။ အတိအကျကို မသိနိုင်သေးတာ။ သေချာတာက ၁၀ ယောက်ကျော် သေလိမ့်မယ်။ ထိခိုက်ဒဏ်ရာရတာက အနည်းဆုံး ၁၅ ယောက် ရှိလိမ့်မယ်။
မေး- ကြာအင်းဆိပ်ကြီးမြို့ထဲကို အခုနှစ်အတွင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်တာ ၂ ကြိမ် ရှိပြီပေါ့နော်။ ဘာကြောင့် တိုက်ခိုက်ဖြစ်တာလဲ။
ဖြေ- ကြာအင်းဆိပ်ကြီးမြို့နယ်ကို ၂ ခါ ရှိပြီ။ ဘာကြောင့် တိုက်ခိုက်ခဲ့လဲဆိုရင် ကြာအင်းဆိပ်ကြီးနယ်မြေက တကယ်တော့ သူတို့စိုးမိုးနယ်မြေ မဟုတ်တော့ဘူး။ ကြာအင်းဆိပ်ကြီးမြို့က မြို့ပေါ်ကွက်ကွက်လေးမှာပဲ သူတို့ရဲ့ တပ်ရင်းတွေထားတဲ့ နေရာမှာပဲ သူတို့တွေရှိတော့တယ်။ တခါတလေကျရင် သူတို့က မထင်မှတ်ပဲနဲ့ ကင်းပုန်းချတာ ၊ မြို့လယ်ခေါင်မှာ သူတို့ဂိတ်ပေါ့ အဲဒီမှာ အစစ်အဆေး အရမ်းများတယ်။ အဲဒီလိုနေရာမှာ စစ်ဆေးတဲ့အခါ မထင်ရင်မထင်သလို ပစ္စည်းတွေယူတယ်။ ပိုက်ဆံတွေ သူတို့ယူတယ်။ အဲဒီလိုတွေ ခဏခဏ လုပ်တယ်ဆိုတော့ လူတွေလည်း အများကြီး ထိခိုက်တယ် နစ်နာတယ်ပေါ့။ အဆိုးဆုံးက မသင်္ကာရင် ဖမ်းဆီးပြီး သတ်ဖြတ်တာ။ ဒီဘက်နယ်မြေခံ အထူးသဖြင့် ကြာအင်းဆိပ်ကြီးမြို့ကို ဖြတ်သွားဖြတ်လာ နယ်မြေခံတွေ အများဆုံး ခံရတယ်။
စစ်ကောင်စီက ဒီဂိတ်မှာ ဖမ်းသွားတယ်။ ကင်းပုန်းတွေ ချထားပြီး စစ်တယ်။နောက်ပြီး လူက လုံးဝအစ ပျောက်သွားတာ။ တိုက်ပွဲရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လက်နက်ကြီးက နေ့တိုင်းနီးပါး ပစ်တယ်။ နောက်ပြီး မြို့ပတ်ချာလည် ကျေးရွာတွေရော ပစ်တယ်။ လက်နက်ကြီးပစ်ခတ်မှုက တောက်လျှောက်ပဲပေါ့။ ဆိုတော့ အကြမ်းဖက်မှုတွေကို သူတို့လုပ်တာ တော်တော်များနေပြီ။ ကြာအင်းဆိပ်ကြီးမြို့နယ် မြို့ပေါ်ကွက်ကွက်လေးမှာရှိတဲ့ စစ်ကောင်စီရှိတဲ့နေရာတွေကို ချေမှုန်းဖို့ အစီစဉ်ရှိတယ်။ အဲဒါမို့လုပ်ရတာပါ။ မြို့ပေါ်တိုက်ပွဲဆိုတော့ ကျေးလက်စစ်ဆင်ရေးလောက်တော့ လွယ်ကူတဲ့ အရာ မဟုတ်ဘူး။ သေချာတာက သူတို့စခန်းထဲမှာပဲ နေထိုင်တယ်။ အပြင်သွားလာနိုင်တဲ့ အနေအထား မရှိတော့ဘူး။ တဖြည်းဖြည်းနဲ့ လုံးပါးပါး နေပြီ။ ဒီမှာ သူတို့ရဲ့ စိုးမိုးနယ်မြေ မရှိသလို သူတို့ရဲ့တပ်ရင်းတွေလည်း လုံးဝ ပျောက်သွားမယ်။ ကျွန်တော်တို့ အဲ့လောက်အထိ မျှော်မှန်းထားတယ်။
မေး- လက်ရှိ ကြာအင်းဆိပ်ကြီးမြို့အခြေအနေ ဘယ်လိုကြားသိရတာရှိလဲ။
ဖြေ- ကြာအင်းဆိပ်ကြီး အခြေအနေက မြို့ပေါ်ကွက်ကွက်လေးမှာပဲ သူတို့စခန်းတွေမှာပဲ သူတို့အထိုင်ချပြီး အဲဒီ ဂိတ်တွေမှာ တခါတလေ ကင်းပုန်းချပြီးတော့ ဖမ်းဆီးတာတွေ လုပ်တယ်။ လက်ရှိကတော့ သူတို့ရဲ့လှုပ်ရှားမှုက အဲဒါပဲ။ ကျန်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်က အကျယ်ကြီးပါပဲ။ ကြာအင်းဆိပ်ကြီးမြို့နယ် တခွင်လုံး သူတို့အုပ်ချုပ်နယ်မြေ မရှိဘူး။ သူတို့ စစ်ကြောင်းတောင်မှ လုံးဝထိုးနိုင်တဲ့ အနေအထားမရှိတော့ဘူး။ ခဏခဏ ကျွန်တော်တို့ သူတို့ကို တိုက်ခိုက်တယ်။ သူတို့ခံရတယ်ပေါ့။ ဒေသခံတွေကတော့ ပုံမှန်ရောင်းဝယ်ဖောက်ကား သွားလာမှုလုပ်နိုင်တယ်။ အဓိကကတော့ မော်လမြိုင်-ကြာအင်းဆိပ်ကြီးလမ်းမတွေ အသုံးပြုပေါ့။ အဲဒီလမ်းမက ဒေသဖွံ့ဖြိုးရေးလမ်းဖြစ်တော့ လမ်းမှာ ပုံမှန်သွားလာမှု လုပ်နိင်တယ်ပေါ့။ ကြာအင်းဆိပ်ကြီးရဲ့ မြို့ပေါ်က ဂိတ်တွေမှာပဲ အန္တရာယ်ရှိတာပေါ့။
မေး- တိုက်ပွဲဖြစ်စဉ်အတွင်း အရပ်သားအပေါ် စစ်ကောင်စီတပ်က ပစ်မှတ်ထားတိုက်ခိုက်ပြီး အရပ်သားတွေ သေဆုံးတယ်ပေါ့နော်။ အဲ့ဒီအပေါ် ဘာများပြောချင်ပါလဲ။
ဖြေ- စစ်ကောင်စီက မနေ့ကဆို သူတို့အဓိက ပစ်မှတ်ထားတိုက်ခိုက်တာ ဗလီတွေနဲ့ ဘုန်းကြီးကျောင်းတွေ ခရစ်ယာန်ကျောင်း ရှိတယ်။ သူတို့ အဲဒီနေရာတွေကို အဓိကထား တိုက်ခိုက်တယ်။ ၁၂၀-မမတွေနဲ့ ထုတယ်။ လေယာဉ်တွေနဲ့ ဗုံးပါ ကြဲတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ မရှိတဲ့ ရပ်ကွက်တွေနဲ့ အဆောက်အဦးတွေ ဖြစ်တယ်။ သူတို့ ပစ်မှတ်ထား တိုက်ခိုက်တယ်။ ကျွန်တော်ထင်တယ် ဒါဟာသက်သက်ကို နယ်မြေခံတွေ ကြောက်လန့်မှု ရှိအောင် သူတို့ အငြိုးကြီးကြီးနဲ့ လုပ်တဲ့ပုံစံ ဖြစ်နေတာပေါ့။ သေဆုံးသွားတဲ့ နယ်မြေခံတွေ ဘုန်းကြီးတစ်ပါးနဲ့ လူနှစ်ယောက် ရှိတယ်။ အဲဒီအတွက် MOD ရဲ့ ပြည်သူလူထု လုံခြုံရေးဌာနနဲ့ ကျွန်တော်တို့ တိုင်ပင်ပြီးတော့ အစီအစဉ်ဆွဲထားတာ ရှိတယ်။ ကျွန်တော်တို့ ဘယ်လိုအကူအညီပေးရမလဲဆိုတာ စီစဉ်နေပါတယ်။
မေး- ပြည်သူတွေကို ဘာတွေများ ပြောပြချင်တာရှိမလဲ။
ဖြေ- ပြည်သူတွေကို အဓိကထား ပြောချင်တာက ဒီလမ်းမတစ်လျှောက်မှာ ပြည်သူတွေက ဒီလမ်းကိုပဲ အမှီပြုပြီး အသွားအလာ နေကြရတာ။ အသွားအလာ နည်းနိုင်သမျှနည်းအောင် သွားဖို့နဲ့ မဖြစ်မနေ သွားလာတဲ့ အခါမှာလည်း ဒီဂိတ်တွေမှာ သတိထားသွားလာဖို့ အဓိကက စစ်ကောင်စီဂိတ်ကို လုံးဝသတိထား သွားလာဖို့ပါ။ ကျွန်တော်တို့အနေနဲ့ စစ်ဆင်ရေးလုပ်တဲ့အခါ ထိခိုက်မှုအနည်းဆုံးနဲ့ အချိန်အားဖြင့် ကပ်လုပ်တယ်။ စစ်ဆင်ရေးပုံစံ နေရာယူတာကအစ ပြည်သူတွေ အတတ်နိုင်ဆုံး ထိခိုက်မှုလျော့အောင် ဆောင်ရွက်သွားမယ်။ ပြည်သူတွေအနေနဲ့ သတိဝိရိယနဲ့သွားဖို့ အဲဒါကိုပဲ အဓိက ပြောချင်ပါတယ်။ ကြားထဲမှာ လက်နက်ကြီး ထိမှန် သေဆုံးသွားတဲ့ ပြည်သူတွေအရေအတွက်ကတော့ စာရင်းကောက်ဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့ ဘက်ကနေ လူမှုကူညီရေးကဏ္ဍကနေ လူထုလုံခြုံရေးဌာနနဲ့ ပူးပေါင်းပြီးတော့ တတ်နိုင်တဲ့ကဏ္ဍကနေ ကူညီပေးသွားမယ်။ အဲ့ဒါကတော့ အဓိက ပြောချင်ပါတယ်။
သံလွင်တိုင်းမ်-ပေးပို့သည်။