27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“သန်းခေါင်စာရင်းကောက်ယူမှုသည် စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက် အထောက်အကူပြုစေသလို ၂၀၂၄ ခုနှစ် စက်တင်ဘာလနဲ့ အောက်တိုဘာလတို့မှာ ယင်းတို့ ဒစ်ဂျစ်တယ် (digitize) အဖြစ် ပြုလုပ်ထိန်းသိမ်း...

“သန်းခေါင်စာရင်းကောက်ယူမှုသည် စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက် အထောက်အကူပြုစေသလို ၂၀၂၄ ခုနှစ် စက်တင်ဘာလနဲ့ အောက်တိုဘာလတို့မှာ ယင်းတို့ ဒစ်ဂျစ်တယ် (digitize) အဖြစ် ပြုလုပ်ထိန်းသိမ်း ပြီးသားဖြစ်တဲ့ sim registration, national databaseနဲ့ ၆၆/၆ အိမ်ထောင်စုဇယားတွေဟာ မြေပြင်အနေ အထားတွေကိုစစ်ဆေးဖို့အပြင် ထိရှလွယ်သူတွေအနေနဲ့ စိတ်ဒုက္ခခံလိုက်ရတဲ့အနေအထားဖြစ်ပါတယ်” ဦးအသံ (vox) / မြန်မာအင်တာနက်ပရော့ဂျက်နှင့်နွေဦးလုံခြုံရေးအဖွဲ့

စစ်ကောင်စီကလုပ်ဆောင်နေသည့် ဒစ်ဂျစ်တယ်ယန္တရားများနှင့်ပတ်သက်ပြီး မြန်မာအင်တာနက်ပရော့ဂျက်နှင့် နွေဦးလုံခြုံရေး Myanmar Internet Project (MIP) / Spring Revolution Security (SRS) အဖွဲ့ဝင် ဦးအသံ (vox) နှင့် ဆက်သွယ်မေးမြန်းချက်။

အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၅၊ မတ်လဝန်းကျင်မှစတင်ပြီး ၄င်းတို့အားဆန့်ကျင်သူတစ်ဦးချင်းစီကို စောင့်ကြည့်ခြေရာခံနိုင်သည့်နည်းပညာများ သိသိသာသာစတင်အသုံးပြုလာကြောင်းနှင့် စစ်ကောင်စီ၏ ဒစ်ဂျစ်တယ်ဖိနှိပ်မှုများက လေးနှစ်တာအာဏာသိမ်းကာလအတွင်း ပိုမိုပြင်းထန်လာသည်ကိုတွေ့ရှိရသည်ဟု ဒီဂျစ်တယ်လွပ်လပ်ခွင့်ဆိုင်ရာ လှုပ်ရှားမှုများကို လုပ်ဆောင်နေသည့် Myanmar Internet Project (MIP)/ Spring Revolution Security (SRS) အဖွဲ့က အစီရင်ခံစာထုတ်ပြန်သည်။

စစ်ကောင်စီ၏ဒစ်ဂျစ်တယ်ဖိနှိပ်မှုများ ပိုမိုပြင်းထန်လာကာ အရပ်သားပြည်သူများအား ဖိနှိပ်ဖမ်းဆီးမှုများလည်း ပိုမိုမြင့်တက်လာတာကြောင့် ပြည်တွင်းနေပြည်သူများသည် ဘက်စုံစောင့်ကြည့်ခံဘဝ ရောက်ရှိနေ သည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

ထိုအခြေအနေများကြောင့် စစ်ကောင်စီက ခြေရာခံစောင့်ကြည့်နေသည့် ဒစ်ဂျစ်တယ်ယန္တရားများနှင့် ပတ်သက်ပြီး မြန်မာအင်တာနက်ပရော့ဂျက်နှင့် နွေဦးလုံခြုံရေး Myanmar Internet Project (MIP)/ Spring Revolution Security (SRS) အဖွဲ့က ဦးအသံ (vox) ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ စစ်အာဏာသိမ်းထားတဲ့ လေးနှစ်ကျော်အတွင်းမှာ စစ်ကောင်စီရဲ့ဒစ်ဂျစ်တယ် စောင့်ကြည့်ရေးယန္တရားတွေက အင်အားပိုကောင်းလာတယ်လို့ MIP အဖွဲ့ အစီရင်ခံစာအရသိရပါတယ်။ ဒါက ဘယ်အချက်တွေကို အခြေခံပြီး ပြောထားတာပါလဲ။

ဖြေ။ ။ ဒီအတွက် Myanmar Internet Project နှင့် SRS က အာဏာသိမ်းပြီးနောက်ပိုင်း ဒစ်ဂျစ်တယ် အခွင့်အရေး ချိုးဖောက်မှုတွေ၊ အင်တာနက် ပြတ်တောက်မှုများနဲ့ ဥပဒေပြင်ဆင်ပြဌာန်းမှုတွေကို မှတ်တမ်းယူထားတဲ့အပေါ် အခြေခံခဲ့ပါတယ်။ အဆိုပါမှတ်တမ်း အချက်အလက်တွေအတွက်တော့ လွတ်လပ်သော သတင်းမီဒီယာများမှ ဖော်ထုတ်တင်ဆက်မှုများ၊ scout ချန်နယ်များနဲ့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာက ထုတ်ပြန်လာတဲ့အချက်အလက်များအပေါ် လေ့လာပါတယ်။ ထို့အပြင် SRS (နွေဦးလုံခြုံရေး) ရဲ့ ဒစ်ဂျစ်တယ် လုံခြုံရေးမှာ ဆွေးနွေးလာတဲ့ clinic မှတဆင့် ဆွေးနွေးမှုများ၊ တိုင်ပင်သောသူများအနေနဲ့ ကြုံတွေ့ရသော အခက်အခဲများအပြင် မိတ်ဖက်အဖွဲ့အစည်းများရဲ့ မြေပြင်ကြုံတွေ့မှုများကို အခြေခံပါတယ်။

မေး။ ။ MIP က စောင့်ကြည့်လေ့လာမှုအရဆိုရင် စစ်ကောင်စီက ဒီဒစ်ဂျစ်တယ်စောင့်ကြည့်ရေးယန္တရားတွေထဲမှာ ဘယ်လိုနည်းပညာတွေကို အဓိကထား အသုံးပြုတာမျိုးတွေ့ရပါလဲ။

ဖြေ။ ။ လက်ရှိ စစ်ကောင်စီရဲ့ စောင့်ကြည့်ရေးယန္တရားတွေမှာ အစိတ်အပိုင်းတွေအဖြစ် (၁) Sim registration နဲ့ EID/UID national database နဲ့အတူ သန်းခေါင်စာရင်း (census) ကောက်ယူမှုတွေ၊ (၂) အင်တာနက်နဲ့ ဆက်သွယ်ရေးစနစ်များကို ကြားဖြတ်နားထောင် (intercept) တာ၊ အလုံးစုံ စောင့်ကြည့်တာ (blanked monitoring) နဲ့ လက်ရှိ firewall နဲ့ ဆင်ဆာဖြတ်မှု (censorship) ဆောင်ရွက်တာတွေ၊ (၃) CCTV စနစ်တွေ၊ (၄) သိမ်းဆည်းရမိသော ဒစ်ဂျစ်တယ်ပစ္စည်းတွေကို ဖောက်ထွင်စစ်ဆေး (digital forensic) တာတွေကို တွေ့ရပါတယ်။ နည်းပညာရင်းမြစ်အရတော့ တရုတ်နည်းပညာတွေပါ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ sim registration, e-ID, UID ကိစ္စရပ်တွေ၊ ထို့အပြင် လက်ရှိ VPN ပိတ်ဆို့ဖို့ တပ်ဆင်ထားတဲ့ firewall စနစ်တွေ၊ ထို့အပြင် facial recognition တို့ VIN recognition တို့ပါဝင်တဲ့ CCTV network မှာ တွေ့ရပါတယ်။

ဖောက်ထွင်းရေးနည်းပညာတွေအနေနဲ့တော့ EU နိုင်ငံတွေ, Israel နဲ့ US & Canadian နည်းပညာတွေကို အသုံးပြုနေတာမျိုး တွေ့ရပါတယ်။ ဒါ့အပြင် လက်ရှိလူမှုကွန်ရက်တွေကို စောင့်ကြည့် တာမျိုးတွေလည်း တွေ့ရပါတယ်။ ဒါ့အပြင် လက်ရှိအတည်ပြုထားတဲ့ Cyber Security Law အရ “ intermediary liability” အနေနဲ့ မြန်မာပြည်တွင်းအခြေစိုက်ဝန်ဆောင်မှုထောက်ပံသူ (service provider) တွေကို အချက်အလက်များ ထိန်းသိမ်းစောင့်ရှောက်စေမှုအပြင် အချက်အလက်တောင်းခံလာရင် ထုတ်ပေးရမယ်။ ပူးပေါင်းပေးရမယ် ဆိုတာမျိုးတွေလည်း ရှိပါတယ်။ ဒီအချက်တွေအရ ဘဏ်တွေ mobile wallet တွေရဲ့ လက်ရှိစောင့်ကြည့် ဖိနှိပ်မှုများအပြင် အခြား service တွေကိုလည်း သက်ရောက်နိုင်တဲ့အနေအထား ရှိနေပါတယ်။

Photo – MIP

မေး။ ။ ပြည်သူတွေကိုဖိနှိပ်ဖို့၊ သူတို့ကိုဆန့်ကျင်သူတွေကို နှိမ်နင်းဖမ်းဆီးဖို့ စစ်ကောင်စီက ဒီယန္တရားတွေကို အသုံးပြုတာမှာ အထူးသဖြင့် ဘယ်လိုနေရာဒေသမျိုးတွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုပါလဲ။ ဒီနည်းပညာတွေကိုအသုံးပြုပြီး ဖမ်းဆီးခဲ့သူ အရပ်သားပြည်သူအရေအတွက် ဘယ်လောက်ထိရှိနေပါလဲ။

ဖြေ။ ။ လက်ရှိ နည်းပညာတွေအရ ယင်းတို့ထိန်းချုပ်နေမြေများ၊ အထူးသဖြင့် CCTV ထူထပ်တဲ့အပြင် ယင်းတို့အာဏာစက်သက်ရောက်မှု ကောင်းသောနေရာတွေမှာ လှုပ်ရှားရသူတွေအနေနဲ့ လှုပ်ရှားရခက်ခဲလာတယ်ဆိုတာမျိုးရှိပါတယ်။ Data For Myanmar ရဲ့ စုစည်းချက်များအရ ၂၀၂၂ ဖေဖော်ဝါရီလမှ ၂၀၂၄ ဇူလိုင်လကုန်အထိ အွန်လိုင်းပေါ်မှာ ထုတ်ဖော်ပြောဆိုမှုကြောင့် (၁,၆၉၁) ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ မြန်မာ အင်တာနက်ပရောဂျက် (MIP) စာရင်းပြုစုထားချက်များအရ ၂၀၂၄ ခုနှစ်တွင် ဖေ့ဘွတ်ခ့် (Facebook)၊ တစ်တော့ခ့် (Tik Tok) နဲ့ တယ်လီဂရမ် (Telegram) တို့မှ တဆင့် ဆန့်ကျင်သည့် အမြင်သဘောထားများ ရေးသားခဲ့သူ အနည်းဆုံး (၃၇၄) ဦး ထိန်းသိမ်းဖမ်းဆီးခံခဲ့ရပါတယ်။

မေး။ ။ ဒီထဲမှာ စစ်ကောင်စီက ၂၀၂၄ ခုနှစ် အောက်တိုဘာကကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းဟာလည်း အန္တရာယ်ရှိတဲ့လုပ်ငန်းစဉ်ထဲ ပါဝင်နေတာတွေ့ရပါတယ်။ ဒီသန်းခေါင်စာရင်းကရော အရပ်သားပြည်သူတွေ လုံခြုံရေးအတွက် ဘယ်လိုတွေအန္တရာယ်ပြုနိုင်လဲဆိုတာကို ရှင်းပြပေးပါဦး။

ဖြေ။ ။ ဗျူဟာမြောက်တယ် ယူဆပါတယ်။ စစ်ကောင်စီဟာ ဒစ်ဂျယ်တယ်နည်းပညာကို အသုံးပြုပြီး ဖိနှိပ်ဖို့ကို ၂၀၂၁ ခုနှစ် အကုန်ပိုင်းလောက်ကစပြီး ဗျူဟာတစ်ခုအနေနဲ့ အကောင်အထည်ဖော်လာတာကို တွေ့ရပါတယ်။ Sim registration မှသည် national database၊ ထိုမှတဆင့် UID ကိစ္စ အတင်းအကြပ် အကောင်အထည်ဖော်လာမှုမှသည် သန်းခေါင်စာရင်းကောက်ယူမှုသည် စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက် အထောက်အကူပြုစေသလို ၂၀၂၄ ခုနှစ် စက်တင်ဘာလနဲ့ အောက်တိုဘာလတို့မှာ ယင်းတို့ ဒစ်ဂျစ်တယ် (digitize) အဖြစ် ပြုလုပ်ထိန်းသိမ်းပြီးသားဖြစ်တဲ့ sim registration, national databaseနဲ့ ၆၆/၆ အိမ်ထောင်စုဇယားတွေဟာ မြေပြင်အနေအထားတွေကို စစ်ဆေးဖို့အပြင် ထိရှလွယ်သူတွေအနေနဲ့ စိတ်ဒုက္ခခံလိုက်ရတဲ့ အနေအထားဖြစ်ပါတယ်။

မေး။ ။ အခု ဒါတွေကိုအသုံးပြုပြီး ဖမ်းဆီးခံရသူတွေလည်းများလာတယ်ဆိုတော့ အရပ်သားပြည်သူတွေအနေနဲ့ ဒီနည်းပညာတွေကိုသိရှိပြီး ဂရုစိုက်ရှောင်ရှားနိုင်မယ့် နည်းလမ်းတွေရော ရှိပါလား။ အကြံပြုပေးပါဦး။

ဖြေ။ ။ လုံခြုံရေးက မြန်မာနိုင်ငံအတွင်းလှုပ်ရှားသူများအတွက် နေထိုင်မှုစနစ်ပုံစံဖြစ်လာပါပြီ။ လုံခြုံရေးအတွက်လည်း တစ်ဦးနဲ့တစ်ဦး လိုအပ်မှုမတူသလို လုံခြုံရေးအတွက် အက်ပလီကေးရှင်း (application) တစ်ခု၊ ခလုတ်တစ်ခုထဲနဲ့ လုံခြုံအောင် ပြုလုပ်လို့မရနိုင်ပါဘူး။ လက်ရှိအနေအထားမှာ ဖုန်းဆင်းကတ် အသုံးပြုမှု၊ မှတ်ပုံတင်ထားမှုနဲ့ အခြားအကောင့်တွေနဲ့ ဆက်စပ်နေမှုအနေအထား၊ လုံခြုံသော VPN အသုံးပြုမှု၊ ဆက်သွယ်ရေး၊ အချက်အလက် (အွန်လိုင်းနဲ့ အော့ဖ်လိုင်း) လုံခြုံရေးတွေ ဂရုစိုက်ဖို့လိုပါတယ်။ ဒါ့အပြင် အရေးပေါ်အစီအမံတွေလည်းထားရှိဖို့ လိုမှာဖြစ်ပါတယ်။

ယေဘုယျအားဖြင့် လုံခြုံရေးအသိရှိထားဖို့ လိုပါတယ်။ ကိုယ့်လုံခြုံရေးအနေအထားက ကိုယ့်လှုပ်ရှားမှုအပေါ်မှာလိုက်ပြီး အချိန်နှင့်အမျှ ပြောင်းလဲနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်လုံခြုံရေးနဲ့ ပေါက်ကြားနိုင်မှု အနေအထားတွေကို အမြဲသုံးသပ်ပြီး လိုအပ်တဲ့အစီအမံတွေ ဆောင်ရွက်ဖို့လိုပါတယ်။ ဒါ တစ်ဦးတစ်ယောက်ခြင်းအနေနဲ့ပါ။ အဖွဲ့အစည်း၊ အသင်းအဖွဲ့လိုက်အတွက်လည်း ဒီလိုမျိုးသုံးသပ်ဖို့လိုမှာဖြစ်သလို အများနဲ့ ဖြစ်လာတဲ့အနေအထားမှာ လုံခြုံရေးသည် teamwork အနေနဲ့လည်း ဖြစ်လာပါတယ်။ ဒါကြောင့် သေချာစွာ ရန်သူ့အနေအထား (adversary ရဲ့ capability) ကို မျက်ခြေမပြတ်ဖို့နဲ့ လိုက်လျှောညီထွေမှုရှိသော လုံခြုံရေးလုပ်ငန်းစဉ် (protocol) များရှိနေဖို့ လိုအပ်မှာဖြစ်ပါတယ်။

မေး။ ။ အခုဒီလိုမျိုး စစ်ကောင်စီရဲ့ဘက်စုံစောင့်ကြည့်ခံနေရတဲ့ အရပ်သားပြည်သူတွေလုံခြုံရေးအတွက် MIP / SRS က ကူညီဆောင်ရွက်ပေးတာမျိုး ရှိနေပါလား။

ဖြေ။ ။ MIP န SRS ရဲ့ initiative တစ်ခုအနေနဲ့ ပြည်သူတွေအတွက် ဒီဂျစ်တယ်ဆိုင်ရာအခက်အခဲတွေ၊ စိုးရိမ်မှုတွေကို (၂၄) နာရီအတွင်း ကြိုးစားဖြေရှင်းတိုင်ပင်နေတဲ့ clinic အနေနဲ့ ဖော်ဆောင်ထားတာရှိပါတယ်။ တယ်လီဂရမ်ချယ်နယ်အနေဖြင့်လည်း ဒီဂျစ်တယ်လုံခြုံရေးနဲ့ privacy အကြံပြုချက်များအပြင် tool guide များကို ဖြန့်ဝေနေတာတွေရှိပါတယ်။ ပြည်သူများအနေနဲ့ လွတ်လပ်စွာအခမဲ့ တိုင်ပင်တာဆွေးနွေးတာတွေကို ဆောင်ရွက်ပေးနေပါတယ်။ အခြားထောက်ပံမှုများလည်း မိတ်ဖက်အဖွဲ့အစည်းများနဲ့ လက်တွဲပြီး ထောက်ပံ့နေတာတွေ ရှိပါတယ်။

မေး။ ။ ဖြည့်စွက်ပြောချင်တာများရှိပါသေးလား။

ဖြေ။ ။ လက်ရှိ မြန်မာ့ဒစ်ဂျစ်တယ်လွတ်လပ်ခွင့် ချိုးဖောက်ခံရမှု၊ နည်းပညာလက်လှမ်းမှီမှုတွေအတွက် ပြန်ပြင်လိုမရတဲ့ အနေအထား၊ တနည်းအားဖြင့် ချောက်ထဲကျနေတဲ့အနေအထား ဖြစ်နေပါပြီ။ လက်ရှိ အင်တာနက်ဖြတ်တောက်ထားမှုသည် ခလုတ်တစ်ချက်နှိပ်ပြီး ပြန်ဖွင့်လို့ရတဲ့အနေအထား မဟုတ်တော့ ပါဘူး။ ထို့အတူပဲ လက်ရှိ စစ်ကောင်စီ စီမံထားတဲ့ယန္တရားတွေ၊ ထို့အတူ အလိုမတူပဲ အတင်းအကြပ် ကောက်ယူထားတဲ့ ပြည်သူတွေရဲ့အချက်အလက်တွေသည်လည်း ဒစ်ဂျစ်တယ် (digitize) ဖြစ်ထားတဲ့ အနေအထားမှာ လက်ပြောင်းလွှဲဖြစ်မှု၊ ပေါက်ကြားမှု၊ လုံခြုံမှု၊ ဒီနည်းတူစွာ ဒါတွေကို ဘယ်လိုရှေ့ဆက် စီမံမလဲ၊ အစရှိတာတွေကို ဘယ်လိုနောက်ပြန်လှည့်ကုစားကြမလဲဆိုတာ မေးခွန်းတွေဖြစ်လာပါပြီ။

ရှမ်းနီအသံ ပေးပို့သည်။