ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ကရင်သုတေသနပညာရှင် စောဖိုးရှီးနှင့် အမေးအဖြေ
(Arsenic) အာဆင်းနစ်ဆိုတာဘာလဲ၊ သံလွင်မြစ်ထဲကို အာဆင်းနစ်အဆိပ်တွေ ဘယ်လိုရောက်လာသလဲ။ မြစ်ရေအဆိပ်သင့်တော့ ဘာတွေစိုးရိမ်ရလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းသင့်လဲ ဆိုတဲ့အပေါ်မှာ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ကရင်သုတေသနပညာရှင် စောဖိုးရှီးကို ကေအိုင်စီ – ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ (Arsenic) အာဆင်းနစ် ဆိုတာ ဘာလဲ အရင်ရှင်းပြပေးပါ ဆရာ။
ဖြေ။ နားလည်လွယ်အောင် ပြောရရင် အာဆင်းနစ်ဆိုတာ သံသတ္တု အပိုင်းအစ အသေးတစ်မျိုးပဲ။ ဥပမာ ပေးရမယ်ဆိုရင် ရွှေကြော၊ ကျောက်အကြောတွေနဲ့အတူ မြေကြီးအောက်မှာရှိတဲ့ အကြောတွေကြားမှာ တည်ရှိနေတာ။ အထူးသဖြင့် ရွှေလုပ်တဲ့နေရာတွေနဲ့ ရွှေကြောရှိတဲ့နေရာတွေမှာ အာဆင်းနစ်ဓာတ်က အနည်းအများပေါ် မူတည်ပြီး ရှိနေတတ်တယ်။
ကျောက်တူးဖော်တာ၊ ရွှေတူးပြီး ရွှေတွေကို သံလွင်မြစ်ဘေးမှာ ရေဆေးချတဲ့အခါမျိုးတွေမှာလည်း အာဆင်းနစ်ဆိုတဲ့ သံဓာတ်တစ်မျိုးက ပျော်ဝင်ပြီးပါသွားတတ်တယ်။ သူ့ကို စားသုံးမိလိုက်တာနဲ့ တန်းပြီး ရောဂါလက္ခဏာ မပြဘဲ၊ နေမကောင်းဖြစ်တဲ့အခါမျိုး ဒါမှမဟုတ် ကိုယ်ခံအားနည်းတဲ့အချိန်မျိုးကျမှသာ ဖြစ်ပေါ်လာတတ်တဲ့ ရောဂါမျိုးပါ။
မေး။ သံလွင်မြစ်ထဲ အာဆင်းနစ် အဆိပ်သင့်မှုဟာ ဘယ်လိုအခြေခံအကြောင်းရင်းတွေကြောင့် ဖြစ်ပွားရတာလဲ သိပါရစေ။
ဖြေ။ ၂၀၂၅ ခုနှစ်တုန်းက မဲခေါင်မြစ်ဆုံ ချင်းရိုင်ဘက်ကနေ စီးဆင်းလာတဲ့ ရေပြင်မှာ ရွာသားတွေ ဖမ်းမိတဲ့ ငါးတွေရဲ့ အရေခွံပေါ်မှာ အနာအဆာတွေကို စတွေ့ခဲ့တာ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးတဲ့အခါမှာ အာဆင်းနစ်ဓာတ်တွေ အရမ်းများနေတာကို တွေ့ရတယ်။
အဲဒီအဆိပ်ဓာတ်က ဘယ်လောက်အထိ ဆိုးရွားလာလဲဆိုရင် ဒေသခံ ရေလုပ်သားတွေရဲ့ ခန္ဓာကိုယ်မှာပါ အနာတွေ ဖြစ်လာပြီး အနာကျက်နှုန်း နှေးလာတယ်။ မဲခေါင်မြစ်ကနေတစ်ဆင့် သံလွင်မြစ်ထဲကို အဆိပ်တွေ စီးဝင်မယ် ညစ်ညမ်းမှု ရှိလာနိုင်တယ်ဆိုပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရေထုကို ထပ်စမ်းသပ်ခဲ့ကြတာပဲ။
အဲဒီ စစ်ဆေးချက်တွေအရ သံလွင်မြစ်ရေထဲမှာ အာဆင်းနစ်ဓာတ် ပါဝင်မှုနှုန်းက တစ်လီတာမှာ 0.29 မီလီဂရမ် အထိ ရှိနေပြီး၊ ဒီပမာဏဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဘေးကင်းလုံခြုံစိတ်ချရမှု သတ်မှတ်ချက်ထက် အဆပေါင်းများစွာ ကျော်လွန်နေတယ်လို့ သိရတယ်။
မေး။ သံလွင်မြစ်ထဲ အာဆင်းနစ်အဆိပ်ပျော်ဝင်မှုအပေါ် စိုးရိမ်ရတဲ့အခြေအနေရှိသလား၊ ဘယ်အဆင့်အထိ ရောက်နေပြီလဲဆိုတာ ပြောပြပေးပါဦး။
ဖြေ။ ထိုင်းနိုင်ငံရဲ့ထုတ်ပြန်ချက်အရဆိုရင် ကရင်နီပြည်နယ်ထဲကနေ ထိုင်းနိုင်ငံဘက်အထိ စီးဆင်းသွားတဲ့ သံလွင်မြစ်ရေထဲမှာ အာဆင်းနစ်ဓာတ် ပါဝင်မှုနှုန်းက သတ်မှတ်ချက်ထက် ကျော်လွန်နေတယ်။ အဲဒီအခြေအနေက ပြည်သူတွေအတွက် စိုးရိမ်ရတဲ့ အနေအထားရှိတယ်။ သံလွင်မြစ်ရဲ့ အရှေ့ဘက် ထိုင်းနိုင်ငံထဲ မြစ်ရေစီးဆင်းမှုအပိုင်းတွေမှာတော့ ဒီအာဆင်းနစ်ဓာတ်က နေရာအလိုက် အနည်းနဲ့အများ ရှိနေတာပေါ့။
သံလွင်မြစ်ရဲ့ မြေသားနဲ့ မြစ်ကမ်းစပ်တွေမှာပါ အာဆင်းနစ်ဓာတ်တွေ စိမ့်ဝင်ကုန်တာကြောင့် စိုက်ပျိုးရေးလုပ်တဲ့အခါ မြေဆီလွှာကနေတစ်ဆင့် အဆိပ်ဓာတ်တွေ ပါလာနိုင်ပါတယ်။ အထူးသဖြင့် စိုက်ပျိုးထားတဲ့ ငရုတ်သီးပင်တွေနဲ့ အခြားအသီးအနှံပင်တွေမှာ အာဆင်းနစ်ဓာတ်တွေ ကူးစက်ပါဝင်သွားနိုင်လို့ အထူးသတိထားကြဖို့ လိုပါတယ်။
မေး။ ပြည်သူလူထုအတွက်ရော ဒီဘေးအန္တရာယ်က ဘယ်လောက်အထိ အခက်အခဲ ပြဿနာဖြစ်စေလဲ ဆရာ သိသလောက်ပြောပြပေးပါဦး။
ဖြေ။ ဒေသခံပြည်သူတွေအနေနဲ့ ဝမ်းရေးအတွက် အခြားရွေးချယ်စရာ စီးပွားရေးလမ်းကြောင်း မရှိတော့ ထိုင်းနိုင်ငံဘက်ခြမ်းအထိ နယ်မြေတိုးချဲ့ပြီး ကမ်းစပ်မှာ ငါးဖမ်းတာ သီးပင်စားပင်စိုက်ပျိုးတာတွေအပေါ်မှာပဲ အဓိက မှီခိုအားထားနေကြရတယ်။ အဲဒီလုပ်ငန်းတွေက သူတို့ရဲ့ တစ်ခုတည်းသော မိသားစုဝင်ငွေရလမ်း ဖြစ်ပေမယ့် လက်ရှိမှာ သံလွင်မြစ်ထဲကနေ ဖမ်းဆီးရမိတဲ့ ငါးတွေကို သွားရောင်းရင် အဆိပ်ဓာတ်စိုးရိမ်မှုတွေရှိနေလို့ ဝယ်စားသုံးမယ့်သူ မရှိသလောက် နည်းသွားတယ်။ ငါးတွေ ရောင်းမထွက်တော့ ဒေသခံ ရေလုပ်သားတွေနဲ့ မိသားစုတွေမှာ ကြီးမားတဲ့ စီးပွားရေး ထိခိုက်ပျက်စီးမှုတွေကို ကြုံတွေ့လာရတယ်။
မေး။ သံလွင်မြစ်ကိုပဲ မလွဲမရှောင် မှီခိုအားထားနေရတဲ့ ပြည်သူတွေအတွက် ဒီအာဆင်းနစ် အဆိပ်သင့်မှုကို ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ဖြေရှင်းသင့်လဲ သိပါရစေ။
ဖြေ။ ကာကွယ်ဖြေရှင်းဖို့ နည်းလမ်းက နှစ်ခု ရှိတယ်။ တစ်ခုက ရွာထဲမှာ အသိပညာပေးတာ၊ ရေကိုသန့်စင်ဖို့ နည်းလမ်းတွေနဲ့ အာဆင်းနစ်ဓာတ် လျော့ကျအောင် လုပ်နိုင်တယ်။
တိရစ္ဆာန်ဘက်ကျတော့ ငါးကို မဖြစ်မနေ စားရမယ်ဆိုရင် ငါးရဲ့ ခေါင်းနဲ့ ဝမ်းဗိုက်တွင်းထဲက ကလီစာတွေကို မစားသင့်ဘူး။ ရေထဲမှာဆိုရင် ခရုထဲမှာ ပိုများတဲ့အတွက် ခရုကိုလည်း မစားသင့်ဘူး။ အဲဒီလိုဆိုရင်တော့ အကာအကွယ်ဖြစ်မယ်။
မေး။ သံလွင်မြစ်ကမ်းနားမှာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲ။ ရောဂါလက္ခဏာတစ်ခုခု ပြလာတာမျိုးရောရှိပြီလား။
ဖြေ။ အဆိပ်အတောက်နဲ့ ပတ်သက်ပြီး ချင်းမိုင်တက္ကသိုလ်ရဲ့ စမ်းသပ်ချက်အရဆိုရင် သော်လဲထကျေးရွာမှာ သောက်ရေသုံးရေအတွက်က သံလွင်မြစ်ရေကိုပဲ အသုံးပြုရတဲ့အတွက် အာဆင်းနစ်ဓာတ်ကို လက်သည်းနဲ့ ဆီးတွေမှာပါ စစ်ဆေးတာ အဆိပ်တွေ့တယ်လို့ သိရတယ်။
မေး။ အဆိပ်သင့်မှုတွေ ပိုများမလာဖို့အတွက် ဘယ်လိုမျိုး အရေးယူဆောင်ရွက်မှုတွေ လုပ်သင့်တယ်လို့ ထင်လဲဆရာ၊ အကြံပြုပေးပါဦး။
ဖြေ။ သက်ဆိုင်ရာ ခေါင်းဆောင်တွေအနေနဲ့ လူထုတွေကို ထိခိုက်စေမယ့် အရာတွေနဲ့ ပတ်သက်ပြီး တိကျသေချာတဲ့ ကာကွယ်မှုပိုင်းမှာ အသိပညာပေးတာတွေ၊ ကြိုတင်ပြင်ဆင်နိုင်ဖို့နဲ့ လျှော့ချနိုင်ဖို့တွေ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
ချင်းမိုင်တက္ကသိုလ်ဘက်ကလည်း ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ အချက်အလက်တွေ စုဆောင်းထားပြီးဖြစ်လို့ ကာကွယ်နိုင်ဖို့အတွက် ဆက်လက်နားစွင့်ရပါမယ်။ နောက်ပြီးတော့ မြစ်ကမ်းဘေးမှာနေတဲ့သူတွေအတွက် ကျောက်တူးဖော်ရေးတွေမှာ ရေဆေးကျောက်တွေမှာ အသုံးပြုတဲ့ ဆေးရည်တွေကို ရှင်းလင်းပေးတာတွေ လိုအပ်ပါတယ်။
မေး။ နောက်ဆုံးအနေနဲ့ ပြည်သူလူထုကို ဘာများ အသိပေး ပြောကြားချင်တာရှိလဲ။
ဖြေ။ ဒီလိုအကြောင်းအရာတွေကို သိလိုက်တာနဲ့စိုးရိမ်စိတ်တွေဖြစ်နိုင်တယ်။ ဒါပေမယ့် သေချာလေ့လာပါ၊ ကြိုတင်ကာကွယ်ရမယ့်အရာတွေကို စူးစမ်းပြီးပြင်ဆင်ထားစေချင်တယ်။ သတိထားပြီးဂရုတစိုက်နားစွင့်စေချင်တယ်။
ကေအိုင်စီ