ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်မှုနယ်မြေအတွင်း စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်ခတ်တာ ဖမ်းဆီးတာတွေနဲ့ ကျေးရွာတွေအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေလည်း ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်မှု နယ်မြေအတွင်းက စစ်ကောင်စီတပ်ရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ပြည်သူတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး ကရင်လူအခွင့်အရေးအဖွဲ့ KHRG ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကို အခုလို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး – လက်ရှိ ကရင်ပြည်နယ်အတွင်းက ပြည်သူလူထုတွေ ကြုံတွေ့နေရတဲ့ လူအခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး ဘယ်လိုပြောပြချင်ပါလဲ။
ဖြေ – လူ့အခွင့်အရေး အခြေအနေက အင်မတန် ဆိုးရွားတယ်ပေါ့နော်၊ ဘာဖြစ်လဲဆိုရင် တစ်အချက်ကကျတော့ စစ်ဘေးရှောင် ပြည်သူလူထုတွေ ကြုံတွေ့နေရတဲ့ အခက်အခဲအခြေနေ အပေါ်မှာ ဆိုးရွားလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်ခြင်း ခံနေရတာကို ကျွန်တော်တို့ တွေ့နေရတယ်။ ထိုနည်းတူပါပဲ၊ ထွက်ပြေးတိမ်းရှောင်ခြင်း မပြုရပေမယ့်လည်း စစ်တပ်ရဲ့ ထိုးစစ်ဆင်ကြောင့်မို့လို့ နောက် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုနဲ့ လေကြောင်း တိုက်ခိုက်မူတွေကြောင့် သူတို့ရဲ့ အသက်ရှင်သန်ခွင့်ကို ချိုးဖောက်ခံနေရတာရှိသလို အသက်မွေးဝမ်းကျောင်းပြုခွင့်လည်း ချိုးဖောက်ခံရတာကို ကျွန်တော်တို့ တွေ့ရတယ်၊ ထိုနည်းတူပဲ ဒီလွတ်လပ်စွာ သွားလာနေထိုင်ခွင့် အပေါ်မှာလည်း ချိုးဖောက်ခံနေရတာကို ကျွန်တော်တို့ မြင်တွေ့ရတာ ရှိပါတယ်။
မေး – စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ပြည်သူလူထုတွေ ဘယ်လောက်လောက်ရှိပြီလဲ။
ဖြေ – ဟုတ်ကဲ့၊ လူဉီးရေအားဖြင့် လောလောဆယ်တော့ တိတိကျကျ ကျွန်တော်တို့ ပြောလို့မရဘူးပေါ့နော်၊ ဒါပေမယ့်လည်း ခန့်မှန်းခြေက အမြဲတမ်း ၆ သိန်း ဝန်းကျင်လောက်တော့ ရှိမယ်။
မေး – စစ်ဘေးရှောင်ပြည်သူတွေ အဓိက ကြုံတွေ့နေရတဲ့အခက်အခဲနဲ့ လိုအပ်ချက်တွက ဘာတွေဖြစ်မလဲ။
ဖြေ – စစ်ဘေးရှောင်တွေထဲမှာတော့ အထူးသဖြင့် ကလေးသူငယ်၊ အမျိုးသမီး၊ ကိုယ်ဝန်သည်အမျိုးသမီး အပါအဝင် နောက် သက်ကြီးရွယ်အိုတွေမှာက သာမာန်လူတန်းစားထက်တော့ အခက်ခဲတွေကို ပိုပြီးတော့ ကြုံတွေ့နေရတယ်။ အထူးသဖြင့် အသက်ကြီးရွယ်အိုသူတွေအတွက် ဆိုလို့ရှိလျှင် အဓိက လိုအပ်တဲ့ အစာအာဟာရဓာတ်၊ ဆေးဝါး ကူညီထောက်ပံ့မှုနဲ့ ကလေးသူငယ်တွေ အတွက် ပညာရေးကိစ္စ အပါအဝင် ကိုယ်ဝန်သည် မိခင်အမျိုးသမီးအနေနဲ့လည်းပဲ အထူးကျန်းမာရေး လိုအပ်မှုအတွက် ကျန်းမာရေး အကူအညီကိုလည်း အချိန်နဲ့တပြေးညီ ပြည့်စုံလုံလောက်စွာ ရရှိနိုင်တာမျိုး မရှိဘူး။ ဒါကြောင့် သူတို့ရဲ့ ရှင်သန်နေထိုင်မှုကတော့ သာမာန်လူတန်းစားထက်တော့ စစ်ဘေးရှောင်တွေမှာက ပိုပြီးတော့ ခက်ခဲနေတာကို ကျွန်တော်တို့ မြင်တွေ့နေရတယ်။
နောက် အခက်အခဲရှိတာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနဲ့ ပတ်သက်ပြီး အချိန်နဲ့ တပြေးညီ ပြည့်စုံလုံလောက်စွာ မရရှိနိုင်တဲ့ အခက်အခဲပေါ့။ ဘာလို့လဲဆိုရင် စစ်ဘေးရှောင်တွေက သတ်မှတ်ထားတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ စုပြုံပြီးနေတာမျိုး မဟုတ်ဘဲနဲ့ ကိုယ့်အစီစဉ်နဲ့ကိုယ် သူတို့သိတဲ့နေရာဒေသ တောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်တဲ့ လူတွေ အများအပြား ရှိတယ်။ အဲဒီနေရာတွေမှာဆိုရင် ကူညီပေးတဲ့ အဖွဲ့တွေကနေ လက်လှမ်းမမှီနိုင်တဲ့ အုပ်စုတွေကလည်း အများကြီး ရှိတယ်။ အဲဒါကြောင့်မို့လို့ ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီကို ကူညီပေးတဲ့ အဖွဲ့အစည်းတွေဆီကနေ မရရှိတဲ့စစ်ဘေးရှောင်တွေကလည်း အများအပြား ရှိနေတယ်ပေါ့။
မေး – လက်ရှိ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG အနေနဲ့ရော ဒီစစ်ဘေးရှောင် အရေးအတွက် ဘာတွေ လုပ်ဆောင်ပေးနေတာရှိပါလဲ။
ဖြေ – လက်ရှိ ကျွန်တော်တို့ မြန်မာပြည် အရှေ့တောင်ပိုင်းမှာရှိတဲ့ ကရင်ပြည်နယ်အတွင်းမှာ လူ့အခွင့်အရေး အခြေအနေတွေကို ဆက်လက်ပြီးတော့မှ လက်လှမ်းမှီသလောက် အကောင်းဆုံး ကျွန်တော်တို့ မှတ်တမ်း ပြုစုတယ်။ ရရှိတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ နိုင်ငံတကာ အဆင့်သော်လည်းကောင်း ကျွန်တော်တို့ တင်ပြတယ်။ ပြီးတော့ စစ်တပ်ကကျူးလွန်တဲ့ ဆိုးရွာတဲ့ လူ့အခွင့်ရေး ချိုးဖောက်မူတွေ၊ စစ်ရာဇဝတ်မူတွေကို နိုင်ငံတကာ ရာဇဝတ်မှုတွေအပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာအောင် ဆက်လက်ပြီးတော့ လုပ်ဆောင်နေပါတယ်။
မေး – အဲဒီလိုလုပ်ဆောင်တဲ့အခါမှာ KHRG အနေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံတွေ့ရတာရှိပါလဲ။
ဖြေ – အဓိက ကတော့ လုံခြုံရေး အခက်အခဲပေါ့။ မြေပြင်မှာ တကယ်ဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ကျွန်တော်တို့က ထိထိရောက်ရောက် မှတ်တမ်းပြုစုနိုင်စွမ်း မရှိဘူးပေါ့နော်။ အောက်ခြေမှာ ကြတော့လည်း စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်။ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မူတွေ၊ လေကြောင်း တိုက်ခိုက်မူတွေလည်း ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ကျွန်တော်တို့ရဲ့လုံခြုံရေးဆိုင်ရာကို ကြီးမားတဲ့ အခက်အခဲ စိန်ခေါ်မှုအနေနဲ့ ကြုံတွေ့နေရတာပေါ့နော်၊ နောက်တစ်ခုက အင်တာနက်၊ အွန်လိုင်း ပြတ်တောက်မှုတွေကြောင့် မြေပြင်က အချက်အလက်တွေကို အချိန်နဲ့တပြေးညီ ဆက်သွယ်ပေးပို့နိုင်စွမ်း မရှိဘူး။
မေး – လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေနဲ့ပတ်သက်ပြီး တခြားဘာများ ဖြည့်စွက်ပြောချင်တာ ရှိပါလဲ။
ဖြေ – အဓိက,ကတော့ ကရင်ပြည်နယ်အတွင်းမှာဆိုရင် ဒီလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကြုံတွေ့တိုင်း စစ်အာဏာရှင်ရဲ့ ဖိနှိပ်အုပ်ချုပ်မှုကို ကြုံတွေ့ခံစားလာရတာ နှစ်ပေါင်း ၇၀ ကျော်ပြီပေါ့။ အခုလည်းပဲ တစ်နိုင်ငံလုံး အတိုင်းတာအရ စစ်အာဏာရှင်တို့ရဲ့ ဖိနှိပ်အုပ်ချုပ်မှုကို ကြုံတွေ့ခံစားနေရတယ်။ ဆိုတော့ စစ်ကောင်စီက နေပြီးတော့မှ ကျုးလွန်နေတဲ့ ကြီးလေးဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ နိုင်ငံတကာရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာ ကျွန်တော်တို့ တွေ့ရတယ်။ နောက် လူသားမျိုးနွယ်တွေအပေါ်မှာလည်း စစ်ရာဇဝတ်မှု ကျူးလွန်နေတာ တွေ့ရတယ်။ ဒီဟာတွေဆိုလို့ရှိရင် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝ ရှိလာဖို့ လိုတယ်။ သူတို့ရဲ့ကျူးလွန်မှုအပေါ်မှာလည်းပဲ အပြစ်ပေး အရေးယူမှုတွေ လုံးဝရှိလာရမယ်။
နောက်ပြီးတော့ ခေတ်အဆက်ဆက်က အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ကြုံတွေ့လာရတဲ့ ချိုးဖောက်မှုတွေ အတွက် တရားမျှတမှု ရှိလာအောင် ကျွန်တော်တို့ကလည်း သက်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကို လည်းကောင်း၊ ဒီအဖွဲ့အစည်းအသီးသီးကနေ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကြီးလေဆိုးရွားတဲ့ ချိုးဖောက်မှု အရပ်ရပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာဖို့အတွက် နိုင်ငံတကာ အဆင့်မှာ ဆက်လက်လုပ်ဆောင်နေရတာပါ။ နိုင်ငံတကာအနေနဲ့လည်းပဲ ဒီဟာကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာဖို့အတွက်ကို လည်းကောင်း၊ ထိခိုက်နစ်နာသူတိုင်းအတွက် တရားမျှတမူ ရှိလာဖို့အတွက်ကို လည်းကောင်း သူတို့ (နိုင်ငံတကာ) က မဖြစ်ဖြစ်အောင် လုပ်ဆောင်ပေးရမှာ ဖြစ်တယ်။ တကယ်လို့သာ ဒီပြစ်မှုတွေကို ကျူးလွန်တဲ့သူ (စစ်ကောင်စီ) က တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာအောင် မလုပ်ဆောင်နိုင်ဘူးဆိုရင် ပြစ်မှုကျူးလွန်သူ (စစ်ကောင်စီ) တွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ရအောင် လုပ်ဆောင်ပေးနေတာနဲ့ အတူတူပဲလို့ ကျွန်တော်တို့ ပြောလို့ရတယ်။
IMNA ပေးပို့သည်။