စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲလားရာအပေါ် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၊ ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်နှင့် ဆက်သွယ်မေးမြန်းချက်။
စစ်ကောင်စီကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ယခု ၂၀၂၅ ခုနှစ် ဒီဇင်ဘာ သို့မဟုတ် လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအစောပိုင်းတွင် ကျင်းပနိုင်ရန်စီစဉ်ထားသည်ဟု စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘယ်လာရုစ်ခရီးစဉ်တွင် ထုတ်ပြောခဲ့သည်။
နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့သိမ်းယူထားသည့် စစ်ကောင်စီက ရွေးကောက်ပွဲတရပ် ပြန်လည် ကျင်းပပေးပြီး အာဏာရပါတီကို နိုင်ငံ့တာဝန်များကို လွှဲအပ်ပေးမည်ဟုလည်း စစ်ခေါင်းဆောင်က အမြဲတစေ ကြွေးကြော်ခဲ့သည်။
တဘက်တွင်လည်း အာဏာသိမ်းမှုကို ဆန့်ကျင်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး လက်နက်ကိုင် တိုက်ပွဲများကလည်း နိုင်ငံအနှံ့ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ စိုးမိုးနယ်မြေမှာလည်း သုံးပုံတစ်ပုံပင် မပြည့်တော့သည့် အခြေအနေတွင် ရှိနေသည်။
ထိုအခြေအနေတွင် စစ်ကောင်စီက ကျင်းပမည့်ရွေးကောက်ပွဲကို တရုတ်အပါအဝင် ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့ က ထောက်ခံပေးနေသလို လိုအပ်သည့်အကူအညီကိုလည်း ပေးသွားမည်ဟု ထုတ်ပြောထားကြသည်။
ထိုအခြေအနေတွင် စစ်ကောင်စီက စီစဉ်ကျင်းပမည့် ရွေးကောက်ပွဲတွင် စစ်ကောင်စီနယ်မြေစိုးမိုးမှုအတွင်းက ပြည်သူများအား အတင်းအကြပ် မဲပေးရန်ကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတို့ ရှိလာနိုင်သည့်အပေါ် မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း၊ ပရိုဂရမ်ဒါရိုက်တာနိုင်အဲမွန်ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ လက်နက်ကိုင်တိုက်ပွဲတွေကြား ရွေးကောက်ပွဲကို မရမကကျင်းပလာရင် ပြည်သူတွေအနေနဲ့ အထူးသဖြင့် စစ်ကောင်စီနယ်မြေစိုးမိုးမှုအတွင်းက အရပ်သားပြည်သူတွေမဲပေးဖို့ လူ့အခွင့်အရေးချိုးဖောက် ခံရနိုင်ဖွယ်ရှိမလား။
ဖြေ။ ။ ဒီမေးခွန်းက ကျွန်တော်တို့လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်း၊ ချိုးဖောက်မှုတွေကို စောင့်ကြည့် လေ့လာခြင်းနဲ့ ထုတ်ပြန်ပြောဆိုမှုတွေနယ်ပယ်တွေဆီက အစိုးရိမ်ရဆုံးဖြစ်လာနိုင်မယ့် အခြေအနေတွေ ဖြစ်တယ်။ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းအလွန်ကာလမှာ ရွေးကောက်ပွဲအတုအယောင်ကို သူတို့အနေနဲ့ မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်လိမ့်မယ်ဆိုတာ ကြိုတွက်ပါတယ်။ သို့သော် မြေပြင်က သူတို့ရဲ့အခြေအနေက လွတ်လပ် မျှတပြီး အားလုံးပါဝင်မယ့် ရွေးကောက်ပွဲတွေကိုလုပ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါ။ ဒါကြောင့် အတုအယောင်လို့ ကျတော်တို့ပြောတာပါ။
‘မရမက’ သာ လုပ်မယ်ဆိုရင် ဧကန်မုချ ပြည်သူတွေဟာ UDHR ပုဒ်မ ၂၁ က အခွင့်အရေးတွေ ICCPR ပုဒ်မ ၂၅ က အခွင့်အရေးတွေကို တိုက်ရိုက်ချိုးဖောက်ခံရမှာဖြစ်တဲ့အပြင် မြေပြင်မှာလည်းပဲ ရွေးကောက်ပွဲနဲ့ဆက်စပ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ကြုံတွေ့ကြရမှာပါ။ စိတ်ဝမ်းကွဲကြမယ်၊ အများကစိုးရိမ်တဲ့ မွေးရာပါ အခွင့်အရေး၊ လွတ်လပ်မှုနှင့် ငြိမ်းချမ်းရေးကို အန္တရာယ်အများကြီး ဖြစ်စေနိုင်ပါမယ်။ သူတို့ထိန်းချုပ်နယ်မြေမှာ ကျင်းပခဲ့ရင်တောင် ဘယ်လိုအခြေအနေမျိုးမှာမှ သမာသမတ်ကျတဲ့၊ လွတ်လပ်ပြီးတရားမျှတတဲ့ နိုင်ငံရေး ကိုယ်စားပြုမှုကြီး ဖြစ်လာမှာမဟုတ်ဘူးဆိုတာ အသေအချောပါပဲ။
မေး။ ။ တရုတ်၊ ရုရှားစတဲ့ နိုင်ငံတွေက စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံပေးနေသလို အကူအညီတွေလည်းပေးမယ်၊ နောက်ပြီး စောင့်ကြည့်လေ့လာရေးအဖွဲ့တွေလည်း စေလွှတ်မယ်လို့ ပြောထားတယ်ဆိုတော့ အတိုင်းအတာတစ်ခုအထိ ရွေးကောက်ပွဲအထမြောက်လို့ ရလဒ်ထွက်လာရင် ဘယ်လောက်အထိ လွတ်လပ်တရားမျှတမှု ရှိနိုင်မလဲ။
ဖြေ။ ။ အဲဒီစစ်အုပ်စု မိတ်ဖက်နိုင်ငံတွေဟာ စစ်အုပ်စုနဲ့ မသူတော်အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက် တွေ့တဲ့သဘောပါပဲ။ နိုင်ငံတကာက ဂုဏ်သိက္ခာရှိရှိနဲ့ ပေါင်းဖက်ဆက်ဆံကြတဲ့ နိုင်ငံမဟုတ်တာ အားလုံးအသိပါ။ ဒါကြောင့် အာဏာရှင်အချင်းချင်းဝန်းရံတဲ့ အခင်းအကျင်းသာဖြစ်လို့ အထမြောက်တယ်လို့ သူတို့အနေနဲ့ ကြေညာ သည့်တိုင် အထက်ကပြောသလို လွတ်လပ်ပြီးမျှတတဲ့ အားလုံးပါဝင်မယ့် ရလဒ်မဟုတ်တာတော့ ရဲရဲကြီး ပြောနိုင်ပါတယ်။
စစ်အုပ်စုဟာ စစ်ရာဇဝတ်မှုတွေကို အဖန်တလဲလဲ ကျူးလွန်နေတဲ့အတွက်ကြောင့်မို့ လူ့အခွင့်အရေးစံကို တန်ဖိုးထားတဲ့ နိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံတွေက အခု စစ်ကောင်စီက ကျင်းမယ်လုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံပံ့ပိုးမှုများမပြုလုပ်ဖို့ ကျွန်တော်တို့တွေ အရင်ကတည်းက လေးလေးနက်နက် တောင်းဆို advocate လုပ်နေတာပါ။
ဒီလို အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံခြင်းသည် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပဋိပက္ခကို ပိုမိုကြီးထွားအောင် လုပ်ဆောင်နေခြင်းသာဖြစ်တဲ့အတွက် သူတို့ရဲ့အတုအယောင် ရွေးကောက်ပွဲဟာ တရားမဝင်ပါဘူး။ တိုင်းရင်းသားပြည်သူလူထုရဲ့ စိတ်ရင်းဆန္ဒကလည်း အတင်းအကြပ် သေနတ်နဲ့တေ့ပြီး မဲရုံကိုသွားရမယ့်အခြေအနေမို့ ဖြစ်နိုင်တဲ့နည်းနဲ့ ဆန့်ကျင်ကန့်ကွက်ဖို့ အစဉ်တစိုက် ပြောနေကြတာပါ။ နိုင်ငံတကာကလည်းသိအောင် နိုင်ငံရေးအင်အားစုတွေ လူ့အခွင့်အရေးနယ်ပယ်က လုပ်နေသူတွေ အနေနဲ့ ကန့်ကွက်ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ တကယ်လို့ရွေးကောက်ပွဲကို စစ်ကောင်စီထိန်းချုပ်နယ်မြေရော လက်ရှိတော်လှန်ရေးမှာ တိုက်ပွဲ မဖြစ်တဲ့ NCA ထိုးထားတဲ့ EAO တွေရဲ့ နယ်မြေတွေမှာရောပြုလုပ်ပြီး ပြည်သူတွေမဲပေးရတာမို့ တက်လာမယ့် ကိုယ်စားလှယ်တွေက တရားဝင်မှုရသွားပြီလို့ ပြောနိုင်မလား။ ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ ဖြစ်နိုင်ပါတယ်၊ သူတို့ဒီလိုပဲ သူ့မိတ်ဖက်အင်အားစု အသိုင်းအဝိုင်းသေးသေးလေးတွေကို ဗဟိုပြုပြီး ကြိုကြားကြိုကြား ကွက်လုပ်သွားပြီး အတုအယောင်ရလာဒ်ကို ကြေညာသွားနိုင်ပါမယ်။ ဒီနိုင်ငံမှာ ရှေးက သာဓကတွေ အများကြီးရှိခဲ့တာပဲ။ အတုအယောင် ရွေးကောက်ပွဲသာဖြစ်လို့ တရားဝင်ကိုယ်စားပြုမှုလို့ ကမ္ဘာကြီးကသတ်မှတ်ဖို့တော့ အတော်ခက်ပါလိမ့်မယ်။
အာဏာရှင်တွေလုပ်လေ့ရှိတဲ့အတိုင်း ဝါဒဖြန့်မှုတွေ၊ သူတို့မီဒီယာတွေကနေ မှိုင်းတိုက်မှာတွေ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုမှုတွေကို ပိတ်ပင်ဟန့်တားမှာတွေ ကန့်ကွက်သူတွေကို မတရား ဖမ်းဆီးနှိပ်ကွပ်၊ နှစ်ရှည် ထောင်တန်းချမှာတွေဆိုတာ နေ့စဉ်ဖြစ်လာမယ့် ချိုးဖောက်မှုတွေလို့ ခန့်မှန်းတယ်။ (အတုအယောင် ရွေးကောက်ပွဲ) ဖြစ်လာခဲ့ရင်ပေါ့။
မေး။ ။ ဒီအပေါ် အတင်းအကြပ်ပဲပြောပြော လူထုကမဲပေးထားလို့ အစိုးရအဖွဲ့ဖြစ်လာမယ့် ကိုယ်စားလှယ်တွေ တက်လာရင် စစ်အာဏာရှင်စနစ်တော်လှန်ရေးနဲ့ တော်လှန်သူတွေအပေါ် ဘယ်လောက်အထိ ရိုက်ခတ်လာနိုင်မလဲ။
ဖြေ။ ။ အနည်းနဲ့အများတော့ ရိုက်ခတ်လာနိုင်တယ်။ ဥပမာ – ပိုပြီး ရန်/ငါ စည်းခြားမှုတွေ ဖြစ်လာမယ်။ ဥပမာ မွန်မှာဆို ရွေးကောက်ပွဲဝင်မယ့် MUP စစ်အုပ်စုနဲ့ ဆက်ဆံနေတဲ့အဖွဲ့တွေနဲ့ တော်လှန်မှုကို support လုပ်နေတဲ့ ထောက်ခံတဲ့အင်အားစုကြား ပိုပြီးအဖြူအမည်းကွဲကြလိမ့်မယ်။ ရပ်ရွာအတွင်းမှာ ဒလန်တွေ၊ သတင်းပေးတွေ အကူအညီနဲ့ တော်လှန်ရေးအင်အားစုတွေကို တနည်းတဖုံနဲ့ ထောက်ပို့လုပ်နေတဲ့အနေအထားကို အတော်လေး ထိခိုက်နိုင်တယ်။
သို့ပေမယ့် ရွေးကောက်ပွဲမဖြစ်သေးတဲ့ အခုလိုအခြေအနေမျိုးမှာတောင် တော်လှန်ရေးဟာ သူ့နည်းသူ့ဟန်နဲ့ ရှေ့ဆက်နေတဲ့အတွက် အစိုးရအဖွဲ့ဖြစ်လာရင်တောင် တော်လှန်ရေးကာလမှာ သူတို့အနေနဲ့ governance & administration တွေကို လောက်လောက်လားလား လုပ်နိုင်မယ်မထင်ပါဘူး။ မလွှမ်းခြုံနိုင်ဘူးလို့ မြင်တယ်။ သို့သော် မေးခွန်းထဲကအတိုင်းပဲ သူတို့အနေနဲ့ သူတို့ရဲ့ထွက်ပေါက်တပေါက်တည်းဖြစ်မယ့် ရွေးကောက်ပွဲကို လုပ်လိုက်နိုင်မယ်ဆိုရင် နိုင်ငံတကာမှာ သူတို့ရဲ့တရားဝင်မှုကို တစုံတရာ support ဖြစ်သွားနိုင်တော့ အဲဒီအခင်းအကျင်းက လက်ရှိ သူတို့ရဲ့တရားဝင်မှုကို ဆန့်ကျင်မယ့် advocacy ကိုတော့ အနည်းငယ် ထိခိုက်ဝေဝါးစေနိုင်ပါတယ်။
မေး။ ။ မွန်ပြည်နယ်မှာလည်း မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ မရှိသေးတဲ့အခါကြတော့ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းလာရင် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြား ဒေသတွင်းနေအရပ်သားတွေအပေါ်မှာ ဘယ်လိုမျိုးသက်ရောက်လာနိုင်မလဲ။
ဖြေ။ ။ ကျွန်တော်အထက်မှာရှင်းပြခဲ့သလိုပဲ သူတို့ဖိနိုင်တဲ့နယ်တွေမှာရှိတဲ့ ပြည်သူလူထုတွေတော့ သူတို့လိုရာ ရလဒ်တွေမှာ တောက်လျှောက် အခြေခံလူ့အခွင့်အရေးတွေ၊ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးအပါအဝင် လွတ်လပ်စွာ ရပ်တည်၊ နိုင်ငံရေးအရ ကိုယ်စားပြုမှု၊ တိုင်းရင်းသားနိုင်ငံရေး ပြောဆို ရေးထား ထုတ်ဖော်မယ့် ကိစ္စတွေအားလုံး အတော်အချိုးဖောက်ခံရပါမယ်။ မွန်အပြင် ရန်ကုန်တိုင်း၊ ပဲခူး၊ ဧရာဝတီနဲ့ ကရင်နယ်တွေ မှာလည်း အလားတူဖြစ်လာနိုင်တာပဲ။
မေး။ ။ နောက်ဆုံးအနေနဲ့ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲတရပ်ကိုကျင်းပဖို့ အခွင့်မရှိဘူး ဆိုပေမယ့် ကျင်းပဖို့စီစဉ်နေသလို နိုင်ငံအနှံ့ စစ်အာဏာရှင်နစ် အမြစ်ပြတ်ရေးကလည်း ဆက်ရှိနေတာမို့ ရွေးကောက်ပွဲက တကယ်ရောဖြစ်နိုင်ရဲ့လား။ ဖြစ်လာမှာလား။
ဖြေ။ ။ ကျွန်တော့်အမြင်တော့ ဖြစ်လာနိုင်မယ်လို့ မယုံသေးဘူး။ အာဏာသိမ်းခေါင်းဆောင်က သူဖြစ်ချင်တာပဲ ပြောလေ့ရှိတာမို့လို့ပါ။ ဖြစ်ခဲ့ရင်တောင် သူပြောတဲ့ timeline ထက် နောက်ကျနိုင်ပါလိမ့်မယ်။ ဖြစ်ခဲ့ရင်လည်း အတုအယောင်အခင်းအကျင်း တစုံလုံးသာဖြစ်မှာပါ။ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူအားလုံးရဲ့ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု စံနှုန်းနဲ့ ဆန့်ကျင်သွေဖယ်မယ့် အတုအယောင် ရလဒ် အာဏာရှင်ရဲ့ထွက်ပေါက်လမ်းသာ ဖြစ်မှာပါ။
သံလွင်တိုင်းမ် ပေးပို့သည်။