27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ရာမညပူးတွဲစစ်ကြောင်းရဲ့ စစ်ရေးရည်မှန်းချက် ဗျူဟာမြောက်စစ်ဆင်ရေးတွေ ပြုလုပ်သွားမှာပါ။ သို့သော်လည်း စစ်ရေးမဟာဗျူဟာနည်းဗျူဟာနဲ့ စစ်ဆင်ရေးတွေကို ဘယ်အချိန်ဘယ်နေရာ ဘယ်လို စစ်ရေးနည်းနဲ့ ပြုလုပ်သွားမယ်ဆိုတာ ပြောလို့မရသေးပါဘူး”...

“ရာမညပူးတွဲစစ်ကြောင်းရဲ့ စစ်ရေးရည်မှန်းချက် ဗျူဟာမြောက်စစ်ဆင်ရေးတွေ ပြုလုပ်သွားမှာပါ။ သို့သော်လည်း စစ်ရေးမဟာဗျူဟာနည်းဗျူဟာနဲ့ စစ်ဆင်ရေးတွေကို ဘယ်အချိန်ဘယ်နေရာ ဘယ်လို စစ်ရေးနည်းနဲ့ ပြုလုပ်သွားမယ်ဆိုတာ ပြောလို့မရသေးပါဘူး” – ဒေါက်တာသီရိမွန်ချမ်း (ရာမညစစ်ကြောင်း ပြောခွင့်ရသူ)

လက်ရှိနိုင်ငံရေး အခြေအနေအပေါ် တုံပြန်မှုအပါအဝင်၊ ရာမညစစ်ကြောင်း လက်ရှိလှုပ်ရှားမှုအခြေအနေများနှင့် ပတ်သက်ပြီး ရာမညစစ်ကြောင်း၏ပြောခွင့်ရသူ ဒေါက်တာသီရိမွန်ချမ်းနှင့်ဆက်သွယ်မေးမြန်းချက်။

မွန်လက်နက်ကိုင်တော်လှန်ရေး ၄ ဖွဲ့ကို ပူးပေါင်းထားသည့် ရာမညစစ်ကြောင်းသည် မကြာသေးမီရက်ပိုင်းက သံဖြူဇရပ် – ရေး ကားလမ်းပိုင်း၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ကိုတွေ့ရှိရသည်။

လက်ရှိတွင်လည်း စစ်ကောင်စီကဦးစီးပြီး မွန်တော်လှန်ရေးအဖွဲ့တချို့ပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နေပြည်တော်တွင် ပြုလုပ်နေပြီး မကြာခင်မှာပင် မွန်အမျိုးသားညီလာခံကို ပြုလုပ်ရန်ရှိကြောင်း သိရသည်။

ထိုအခြေအနေများနှင့်ပတ်သက်ပြီး လက်ရှိနိုင်ငံရေးအခြေအနေအပေါ် ရာမညစစ်ကြောင်းက ဘယ်လို သဘောထားရှိပါလဲ။ ရာမညစစ်ကြောင်း၏ လက်ရှိလှုပ်ရှားမှုအခြေအနေများအပေါ် ရာမညစစ်ကြောင်း၏ ပြောခွင့်ရသူ ဒေါက်တာသီရိမွန်ချမ်းနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မကြာသေးမီက ရာမညစစ်ကြောင်းအနေနဲ့ သံဖြူဇရပ် – ရေး ကားလမ်းပိုင်းမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ပုံရိပ်တွေကို လူမှုကွန်ရက်မှာ ဖြန့်ဝေထားတာတွေ့ရတယ်။ စစ်ကြောင်းအနေနဲ့ အခုလို လမ်းခရီး စစ်ဆေးမှုတွေပြုလုပ်တာ ပထမဆုံးအကြိမ်လား။ ဘာကြောင့် ပြုလုပ်တာပါလဲ။

ဖြေ။ ။ ရာမညပူးတွဲစစ်ကြောင်းအနေနဲ့ အခုလို လမ်းခရီးစစ်ဆေးမှုတွေပြုလုပ်တာက ပထမဆုံးအကြိမ်ပါ။ ပထမအချက်က နှစ်လကျော်ဖွဲ့စည်းလာခဲ့တဲ့ ပူးတွဲစစ်ကြောင်းက စစ်ရေးပူးပေါင်းမှုကိစ္စတွေ ပြီးစီးသွားပြီး စစ်ရေးလှုပ်ရှားမှုတွေ အချိန်မရွေးစတင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို ပြည်သူလူထုတွေကို သတင်းကောင်း ပေးချင်တာဖြစ်တယ်။ ဒုတိယအချက်က ဒီလိုမျိုးစတင်လှုပ်ရှားလာတာကို စကစဘက်က ဘယ်လိုတုံ့ပြန်လာမလဲ ဆိုတာကို စစ်ရေးအရ သွေးတိုးစမ်းချင်တာလည်း ပါပါတယ်။

မေး။ ။ သံဖြူဇရပ်-ရေး ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စခန်းချတာ၊ ကင်းပုန်းဝပ်တာ ကာကင်းစခန်းတည်ဆောက်တာစတဲ့ စစ်ရေးလှုပ်ရှားမှုတွေ လတ်တလောပြင်ဆင်နေတာမျိုး ရှိနေပြီလား။

ဖြေ။ ။ ရာမညပူးတွဲစစ်ကြောင်းဖွဲ့စည်းခဲ့တဲ့ သတင်းထွက်ပေါ်လာပြီးတာနဲ့ သံဖြူဇရပ်-ရေးကားလမ်းအပြင် မွန်ပြည်နယ်တခွင်လုံးမှာ စစ်ရေးအရ အချက်အခြာကျတဲ့ တပ်စခန်းတွေ ဗျူဟာမြောက်အချက်အချာ နေရာကျတဲ့ မြို့ရွာနေရာတွေမှာ တပ်အင်အားတွေတိုးချဲ့ပြီးတော့ လက်နက်ကြီးတပ်စခန်းတွေလည်း တိုးချဲ့ လာခဲ့တယ်။ ရာမညပူးတွဲစစ်ကြောင်းရဲ့ ဗျူဟာမြောက်ပူးတွဲစစ်ဆင်ရေး မွန်ပြည်တခွင်မှာ ဖြစ်ပေါ်လာနိုင်မယ့် မြို့သိမ်းစခန်းသိမ်း တိုက်ပွဲတွေအတွက် စစ်ကောင်စီတပ်ဘက်က ပိုပြီးလုပ်နေပါတယ်။

မေး။ ။ ရာမညစစ်ကြောင်းအနေနဲ့ရော အမှတ် – ၈ ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ သံဖြူဇရပ် – ရေး ကားလမ်း ပိုင်းကို ဘယ်အတိုင်းအတာထိထိန်းချုပ်ထားနိုင်ပြီလဲ။

ဖြေ။ ။ အမှတ် – ၈ ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ သံဖြူဇရပ် – ရေး ကားလမ်းပိုင်းကို ရာမညပူးတွဲစစ်ကြောင်း ကနေ အပြီးအပိုင်ထိန်းချုပ်ထားဖို့ စစ်ရေးအစီအစဉ် ချမှတ်ထားတာမရှိသေးဘူး။ အထက်မှာ ပြောခဲ့သလိုပဲ သံဖြူဇရပ် – ရေး ကားလမ်းပေါ်မှာ လမ်းခရီးစစ်ဆေးမှုတွေ ပြုလုပ်နေတာက စကစတပ်တွေက ဘယ်လို တုံ့ပြန်မှုတွေ ပြုလုပ်လာမလဲဆိုတာ စစ်ရေးအရ ကြိုတင်ပြင်ဆင်မှုတွေလုပ်နိုင်ဖို့ ရှောင်တခင်သွေးတိုးစမ်းတဲ့ သဘောပါ။ နောက်နောင် အမှန်တကယ် စစ်ဆင်ရေးပေါ်မူတည်ပြီး သံဖြူဇရပ် – ရေး ကားလမ်းဖြတ်တောက်မှု တွေ အပြီးအပိုင်ထိန်းချုပ်မှုတွေ လိုအပ်ရင်လိုအပ်သလို ပြုလုပ်သွားမှာပါ။

မေး။ ။ နောက်ပြီး ရာမညစစ်ကြောင်းက အခုဆို တပ်လေးတပ်ကနေပူးတွဲထားတာ ၂ လကျော်ပြီဆိုပေမယ့် မြေပြင်မှာစစ်ကြောင်းက ရဲဘော်တွေချည်းပါဝင်တဲ့တိုက်ပွဲဖော်ဆောင်မှုတွေ ဘာကြောင့်မပြုလုပ်နိုင်သေးတာပါလဲ။

ဖြေ။ ။ တိုက်ပွဲဖော်ဆောင်မှုတွေမလုပ်သေးတာက ဖွဲ့စည်းပြီးတာနဲ့တိုက်ပွဲဖော်ဆောင်ရဖို့က စစ်ရေးအရ ရန်သူအနေအထား၊ နယ်မြေအနေအထားနဲ့ မိမိတို့တပ်ဘက်ကလည်း လိုအပ်တဲ့စစ်ရေးပြင်ဆင်မှုတွေ စစ်ရေး မဟာဗျူဟာနည်းဗျူဟာတွေလည်း ချမှတ်ဖို့လိုအပ်တယ်။ စစ်ရေးအမြင်အရဖွဲ့စည်းကြောင်း သတင်းထွက်တာနဲ့ မြေပြင်မှာတိုက်ပွဲဖော်ဆောင်ရင်း ရန်သူအတွက် စစ်ရေးအရပိုပြီးအားသာနိုင်တယ်။

စစ်ကြောင်းဖွဲ့ပြီး ဇန်နဝါရီလကနေ ယခုအချိန်အထိ စကစကသူတို့ရဲ့တပ်ကို အထူးတပ်လှန့်ထားပြီးတော့ စစ်ရေးအရ ပြန်လည်ခုခံဖို့ တပ်အင်အားတွေလည်း တိုးချဲ့ချထားတယ်။ ရာမညပူးတွဲစစ်ကြောင်းရဲ့ စစ်ရေး ရည်မှန်းချက် ဗျူဟာမြောက်စစ်ဆင်ရေးတွေ ပြုလုပ်သွားမှာပါ။ သို့သော်လည်း စစ်ရေးမဟာဗျူဟာနည်းဗျူဟာနဲ့ စစ်ဆင်ရေးတွေကို ဘယ်အချိန်ဘယ်နေရာ ဘယ်လိုစစ်ရေးနည်းနဲ့ ပြုလုပ်သွားမယ်ဆိုတာ ပြောလို့မရသေးပါဘူး။

မေး။ ။ အခုလိုအခြေအနေမှာ ငြိမ်းချမ်းရေးခေါင်းစဉ်တပ်ပြီး စစ်ကောင်စီနဲ့ ပုလဲနံသင့်တဲ့အဖွဲ့တွေ ဆွေးနွေးမှု အပေါ် ဘယ်လိုမြင်ပါလဲ။ ပြည်သူလူထုအကျိုးထက် စစ်ကောင်စီအကျိုးများ ပိုမိုဖြစ်ထွန်းနေမလား။

ဖြေ။ ။ မတ် ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲက အရင်က ဆွေးနွေးပွဲ တွေလိုပဲ၊ စစ်ကောင်စီနဲ့ ပလဲနံသင့်တဲ့အဖွဲ့တွေကြား ဆွေးနွေးမှုတွေပဲဆိုတော့ ဘယ်လိုဆွေးနွေးပွဲခေါင်းစဉ်ပဲ တပ်တပ် ဘယ်လိုအချိန်အခါမျိုးမှာပဲလုပ်လုပ် ထူးမခြားနားပါဘူး။ အာဏာသိမ်းပြီးနောက်ပိုင်း စကစနဲ့ အပစ်ရပ် ပလဲနံသင့်တဲ့ EAO တွေ နိုင်ငံရေးပါတီတွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကြိမ်ကြိမ်ပြုလုပ်လာခဲ့တယ်။

သို့သော်လည်း ဘာမှရေရေရာရာတိုးတက်မှုတွေ မရှိခဲ့ဘူး။ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်အသက်သွင်းမယ့် ဆွေးနွေးပွဲတွေ ၂၀၀၈ အခြေခံဥပဒေကို အခြေခံပြီးပြလုပ်တဲ့ ရွေးကောက်ပွဲတွေက ပြည်သူလူထုအကျိုးထက် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် စစ်ကောင်စီအကျိုးသာ ဖြစ်လာမှာပါ။

မေး။ ။ အဲဒီဆွေးနွေးပွဲမှာ အပစ်ရပ်ထိုးမွန်ပြည်သစ်ပါတီနဲ့ မွန်နိုင်ငံရေးပါတီတို့က ကိုယ်စားလှယ်တချို့လည်း ပါဝင်နေတယ်။ ဧပြီမှာဆိုလည်း မွန်အမျိုးသားညီလာခံကျင်းပဖို့ ရှိနေပြန်တယ်။ ဒီအချက်တွေက အချိန်ကိုက် ဖြစ်နေတော့ ဒေသတွင်းတည်ငြိမ်ရေးအတွက် တော်လှန်ရေးအပေါ် တစုံတရာသက်ရောက်မှု ရှိလာနိုင်မလား။

ဖြေ။ ။ မတ် ၂၄ ရက်ကနေ ၂၆ ရက်နေ့အထိ ကျင်းပနေတဲ့ဆွေးနွေးပွဲမှာ စစ်ကောင်စီနဲ့ပလဲနံသင့်တဲ့ မွန်ပြည်သစ်ပါတီ၊ မွန်နိုင်ငံရေးပါတီတို့ တက်ရောက်နေကြတယ်။ ဒီလာမယ့် ဧပြီ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ မော်လမြိုင်မြို့ပေါ်မှာ ကျင်းပမယ့် မွန်အမျိုးသားအစည်းအရုံးကလည်း မွန်ပြည်သစ်ပါတီနဲ့ MUP တို့ကပဲ ဦးဆောင်ကျင်းပမှာဖြစ်ပြီး စစ်ကောင်စီအသိအမှတ်ပြု မွန်နိုင်ငံရေးအင်အားစုနဲ့ မွန်အဖွဲ့အစည်းများသာ တက်ရောက်ကြမှာပါ။ အရင်က ကျင်းပလာခဲ့တဲ့ မွန်အမျိုးသားညီလာခံတို့လိုမျိုး မွန်တမျိုးသားလုံးပါဝင်တဲ့ ညီလာခံလို ကွန်ဖရင့်လိုမဟုတ်ဘူး။

ဒါကြောင့် စစ်ကောင်စီနဲ့ပလဲနံသင့်တဲ့ပါတီတွေ အဖွဲ့အစည်းတွေသာ တက်ရောက်မယ့် မွန်အမျိုးသား အစည်းအဝေးကို မိမိတို့လို မွန်လက်နက်ကိုင်အဖွဲ့အစည်းတွေ ပြည်တွင်းပြည်ပမှာရှိနေကြတဲ့ မွန်တမျိုးသားလုံး ရဲ့ အသိအမှတ်ပြုမှုမရရှိနိုင်တဲ့ မတ် ၂၄ ကနေ ၂၆ အထိ စကစရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလိုပဲ။ ဧပြီ ၂ ရက်နေ့က ၅ ရက်နေ့အထိကျင်းပမယ့် အစည်းအဝေးကလည်း ဒေသအတွင်းတည်ငြိမ်ရေးတို့ တော်လှန်ရေးအတွက် ထူးခြားတဲ့သက်ရောက်မှုတွေ ရှိလာမှာမဟုတ်ဘူး။

သံလွင်တိုင်းမ် ပေးပို့သည်။