ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးထွန်းဝင်းနှင့် အမေးအဖြေ
လာမယ့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်းမှာ ကြံ့ခိုင်ရေးပါတီက စတင်လှုပ်ရှားမှုတွေရှိနေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရခိုင်ပြည်နယ်စစ်ကောင်စီကလည်း လာမယ့် ရွေးကောက်ပွဲအတွက် တစ်ပြည်နယ်လုံး လူဦးရေစာရင်းတွေကို လာမယ့် ဇန်နဝါရီ ၉ ရက်နေ့မှာ စကောက်တော့မယ်လို့ ဆိုထားပါတယ်။ ဒီလို ထွက်ပေါ်နေတဲ့ သတင်းတွေအပါအဝင် စစ်ကောင်စီက ၂၀၂၃ ခုနှစ်မှာ ပီအာရ်စနစ်နဲ့ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းဝင်းကို မေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်။
မေး- ရွေးကောက်ပွဲ၊ ရွေးကောက်ဆိုပြီး အသံထွက်လာသလို ဒီလာမယ့် ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက ပီအာရ်စနစ်နဲ့ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရခိုင်ပြည်မှာ တချို့ ပါတီတွေက ပြင်ဆင်မှု တချို့ လုပ်နေပြီလို့လည်း အသံတွေထွက်နေတာတွေ့ရပါတယ်။ တကယ်ကော ရခိုင်ပြည်ဘက်မှာ ဒီစစ်ကောင်စီ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ပြင်ဆင်မှုတွေ ရှိနေပါပြီလားဆရာ။
ဦးထွန်းဝင်း- လက်ရှိအခြေအနေအရတော့ သတင်းဘဲကြားနေရတာများတယ်။ တချို့မြို့တွေမှာ စာရင်းကောက်တယ်ဆိုတာလည်း တိုးတိုးတိတ်တိတ်တော့ ကြားတယ်။ ဒါကလည်း ပီပီပြင်ပြင် သူတို့လှုပ်ရှားတဲ့ အနေအထားတွေတော့ မရှိသေးဘူး။ ဆိုလိုတာက ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရခိုင်ပြည်မှာဆိုတာထက် ကျနော်တို့ လက်လှမ်းတမီကို ပြောရမယ်ဆိုရင် ရခိုင်ပြည်မြောက်ပိုင်းက မြို့နယ်တွေမှာတော့ ဒီနေ့အချိန်အထိ နိုင်ငံရေးပါတီတွေ ဘက်ကရော၊ သူတို့ စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ ကော်မရှင်တွေဘက်ကပါ တစ်စုံတခု ထူးခြားတဲ့ လှုပ်ရှားမှု လက္ခဏာတွေကတော့ အခုအချိန်ထိ မမြင်ရသေးပါဘူး။
မေး- စစ်ကောင်စီကတော့ သူတို့ရဲ့ လုပ်ငန်းစဉ် ၅ ရပ်ထဲမှာ နောက်ဆုံးလုပ်ငန်းစဉ်က ရွေးကောက်ပွဲလို့ ချမှတ်ထားပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈ နှစ်)နဲ့ အညီ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဘာညာရေးထားတာပေါ့။ သူတို့လုပ်ငန်းစဉ်မှာ။ ဒီတော့ သူတို့ လုပ်ငန်းစဉ်ကို ကြည့်ရင် သူတို့က ဒီရွေးကောက်ပွဲကို မဖြစ်မနေ လုပ်သွားမယ်ဆိုတဲ့ အနေအထားမျိုးကို တွေ့ရပါတယ်။ ရခိုင်နိုင်ငံရေး ပါတီတွေကရော စစ်ကောင်စီကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ အနေအထားများ ရှိနေပြီလားဆရာ။
ဖြေ-ရခိုင်နိုင်ငံရေးပါတီတွေ အထဲမှာလည်း တချို့ပါတီတွေက လက်ရှိ အချိန်မှာ စစ်ကောင်စီက ဖိတ်တဲ့အစည်းအဝေးတစ်ချို့၊ အခမ်းအနားတချို့ကို တက်တဲ့ ပါတီတွေလည်းရှိတယ်။ မတက်တဲ့ ပါတီတွေလည်းရှိတယ်။ အခုချိန်ထိကတော့ ဘယ်ပါတီကရွေးကောက်ပွဲဝင်မယ်၊ မဝင်ဘူး ဆိုတာကတော့ တိတိကျကျတော့ပြောရခက်တယ်။ ဆိုတော့ နည်းနည်းတော့ အချိန်စောင့်ပြီး ကြည့်ရမယ်။ ဝင်နိုင်ခြေရှိတဲ့ ပါတီတချို့ကိုလည်း တွေ့မြင်နေရတယ်။ သို့သော် ဒီအချိန်မှာတော့ ထုတ်ဖော်ပြောဖို့ကတော့ နည်းနည်းလိုနေသေးတယ်။ ပါတီတွေက သူတို့ကိုယ်တိုင် တရားဝင်ကြေညာထားတာမရှိသေးတော့ ကြိုပြောဖို့ခက်နေသေးတယ်။ ဆိုလိုတာကတော့ အခုအခင်းအကျင်းမှာ ဘယ်ပါတီတွေက စကစနဲ့ နီးနီးကပ်ကပ် ရှိနေလဲဆိုတာကို ကြည့်ရင်တော့ ခန့်မှန်းလို့ရမယ်။ ဘယ်ပါတီတွေက ဝင်လာနိုင်ခြေရှိလဲဆိုပြီးတော့ ခန့်မှန်းလို့တော့ ရနိုင်ပါတယ်။
မေး- ဒီစစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ရခိုင်လူထုရဲ့ သဘောထားက ဘယ်လို ဖြစ်လာနိုင်ပါလဲဆရာ။ ရခိုင်လူထုကတော့ ယခင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတိုင်းမှာ ကိုယ့်အမျိုးသားရေး လိုအပ်ချက်ကို ညီညီညွတ်ညွတ်နဲ့ ဖြည့်ဆည်းခဲ့ကြပြီး တာဝန်ကျေခဲ့ကြတယ် ဆရာ။ ဒါပေမယ့်လည်း ကောင်းမွန်တဲ့ ဘာမှရလဒ်မှ မထွက်လာခဲ့ဘူး။ ဒီလိုဖြစ်လာတော့ တချို့ ရခိုင်လူထုက ပါတီနိုင်ငံရေးကို စိတ်ပျက်လာကြတာတွေလည်း တွေ့နေရတယ်။ ဒီတော့ ခုလာမယ့် ရွေးကောက်ပွဲ အပေါ် မှာကော ရခိုင်လူထုက ဘယ်လိုသဘောထားကြမယ်လို့ မြင်ပါသလဲ။
ဖြေ- အဓိကတော့ ၂၀၂၃ နိုင်ငံရေးအခင်းအကျင်းကတော့ အမျိုးမျိုးတော့မှန်းနေကြတယ်။ သာမန်အခြေအခံ လူတန်းစားဘက်က ကြည့်ရင်တော့ နိုင်ငံရေးအပြောင်းအလဲတခု၊ အရွေ့တခုကို ဘယ်လို အခြေအနေနဲ့မဆို နည်းနည်းရွေ့သွားရင် ကိုယ်တို့ နေ့စဉ် ကြုံတွေ့နေရတဲ့ နိစ္စဓူဝလူမှု ဘဝပြသနာတွေ ပြေလျော့မလားဆိုတဲ့ မျှော်လင့်ချက်တချို့ ရှိကြတာကို တွေ့ရတယ်။ အဓိက နိုင်ငံရေးအပြောင်းအလဲပေါ့။ ဒီလိုမျိုး ယေဘူယျ မျှော်လင့်ချက်တွေကတော့ရှိကြတယ်။ သေချာတာ တစ်ခုကတော့ မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ ပြဿနာတွေ၊ အရင်ကြုံခဲ့တဲ့ပြဿနာတွေအားလုံးရဲ့ ဇစ်မြစ်ဟာ ဘာလဲဆိုတာကို ဒီအချိန်မှာတော့ လူထုကတော့ ရှင်းရှင်းလင်းမြင်ခဲ့ကြပြီပေါ့။ အထူးသဖြင့်ကတော့ တိုင်းရင်းသားဒေသဘက်တွေက ပြည်သူတွေ ဒီအချိန်မှာ နားလည်သင့်သလောက်လည်း နားလည်နေကြပြီဆိုတော့…… ၂၀၂၃လို့မဟုတ်ဘူး။ အနာဂတ် လာမယ့်နှစ်တွေမှာလည်း ကိုယ်တို့လိုချင်တဲ့ နိုင်ငံရေးပန်းတိုင် တစ်ခုကို တနည်းအားဖြင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ကို မရသရွေ့ကတော့ ဒီလိုအကျပ်အတည်းတွေကြားထဲမှာ လုံးပါးပါးပြီးဖြစ်နေမယ်ဆိုတာကိုတော့ ရခိုင်လူထုက သဘောပေါက်နေပြီဖြစ်ပါတယ်။
မေး- ၂၀၂၃ ခုနှစ်မှာ ပြုလုပ်မယ့်ရွေးကောက်ပွဲကို ဆရာရဲ့ ပုဂ္ဂိုလ်ရေး အမြင်က ဘယ်လိုရှိပါသလဲ။
ဖြေ-၂၀၂၃ ရွေးကောက်ပွဲကတော့ ဖြစ်မှာလား၊ မဖြစ်ဘူးလားဆိုပြီး သုံးသပ်ပြောဆိုနေကြတာတော့ တွေ့တယ်။ နည်းနည်း စဉ်းစားစရာတော့ရှိတယ်။ ရွေးကောက်ပွဲဆိုတာကလည်း နေရာတခုထဲမှာ ကွက်ပြီးချလို့ရတဲ့ ကိစ္စလည်းမဟုတ်ဘူး။ ဆိုတော့ မြန်မာတစ်နိုင်ငံလုံးမှာ ဘယ်လောက်ထိ တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းချုပ်နိုင်ပြီးလဲဆိုတဲ့ အပေါ်မှာလည်း မူတည်တယ်။ အခုအခြေအနေက မြန်မာနိုင်ငံနေရာအနှံ့မှာမထိန်းချုပ်နိုင်တဲ့ ဧရိယာတွေ တော်တော်များများ ရှိနေတာကို အားလုံးလည်း သိတယ်။ လောလောဆယ်မှာတော့ စကစအစိုးရကတော့ ဘယ်သူတွေဘာပြောပြော သူတို့လုပ်ချင်တယ်ဆိုရင် လောလောဆယ်သူတို့က State holder ၊ Power holder နေရာမှာလည်း ရှိနေတယ်ဆိုတော့ ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံအခြေခံဥပဒေလို ဘယ်သူပါပါ မပါပါ လုပ်ခဲ့တဲ့ ပုံစံမျိုးလုပ်သွားနိုင်တယ်။ နာဂစ်မုန်တိုင်း တိုက်နေတုန်းမှာ ဖွဲ့စည်းပုံ အတည်ပြုရေး ကိစ္စရပ်တွေကို လုပ်ခဲ့သလိုမျိုးပေါ့။ ပီးရင် ၂၀၁၀ ရွေးကောက်ပွဲလို အားနဲ့ လုပ်သွားနိုင်တယ်။ ဘယ်လိုအခြေအနေမှာဘဲရှိရှိ သူတို့လုပ်ချင်တဲ့ဆိုတော့ သူတို့အားနဲ့ လုပ်သွားနိုင်တယ်လို့ သုံးသပ်လို့ရတယ်။ ဒီလိုမျိုးလုပ်ရင်တော့ တရားမျှတမှု ရှိတာ၊ မရှိတာက တစ်ပိုင်း။ မှန်ကန်မှုရှိတာ၊ မရှိတာကတော့တစ်ပိုင်းပေါ့။ ဒီရွေးကောက်ပွဲကိုတော့ စစ်ကောင်စီအနေနဲ့ အားနဲ့ လုပ်ရင်တော့ ဒီရွေးကောက်ပွဲဟာ ဖြစ်ချင်လည်းဖြစ်သွားနိုင်တယ်ပေါ့နော်။
မေး- ရွေးကောက်ပွဲကို NLDတို့ NUG တို့က မထောက်ခံဘူးလို့ တရားဝင် ထုတ်ဖော် ပြောဆိုထားတယ်။ အမေရိကန်အစိုးရကလည်း အခုအချိန်က ရွေးကောက်ပွဲ လုပ်မယ့် အချိန် မဟုတ်ဘူး။ ပြည်သူတွေ ရွေးကောက်တင်မြောက်ထားတဲ့ မူလအစိုးရဆီကိုဘဲ အာဏာပြန်လွှဲပေးဖို့ ပြောနေတာတွေလည်း ရှိနေတယ်။ ဒီတော့ နိုင်ငံတကာက ဒီရွေးကောက်ပွဲကို ထောက်ခံနိုင်မယ်လို့ ထင်ပါသလား။ ဘယ်လို အမြင်ရှိပါသလဲ။
ဖြေ- နိုင်ငံတကာက အသိအမှတ်ပြုမလား၊ ထောက်ခံမလား။ ဒါကတော့ တစ်ခါတစ်ခါ ခန့်မှန်းရတော့ ခက်တယ်။ နိုင်ငံတကာဆိုတာကလည်း နေရာဒေသနဲ့လိုက်ပြီးတော့ အမြင်တွေက တူကြတာ မဟုတ်ဘူး။ ဥပမာ- ဒေသအတွင်းမှာရှိတဲ့ အာဆီယံနိုင်ငံအချင်းချင်းမှာတောင်မှ မြန်မာနိုင်ငံကို မြင်တဲ့အမြင်ကတမျိုး။ နောက်ပြီး အနောက်အုပ်စုကချဉ်းကပ်တဲ့ ပုံစံကလည်းတမျိုး။ တခါတခါမှာ နိုင်ငံတကာဆိုတာကလည်း ကိုယ်တို့အယူအဆကိုအခြေခံပြီး ကိုယ်တို့နိုင်ငံရဲ့ အကျိုးစီးပွားကို အခြေခံပြီး ချဉ်းကပ်ကြတာလည်းရှိတယ်။ ဆိုတော့ ဒီလောက်ပြောနေ၊ ဆိုနေကြတဲ့ကြားထဲကလည်း တချို့ အနောက်နိုင်ငံအုပ်စုတွေက အခုချိန်ထိ စကစနဲ့ ရင်းနှီးမှုတွေ ရှိနေသေးတယ်။ တချို့က ရင်းနှီးမြှပ်နှံမှုတွေကို ရပ်ဆိုင်းလိုက်တာမျိုးမရှိဘဲ ဆက်ပြီးသွားနေတာတွေ ထင်ထင်ရှားရှား ရှိနေသေးတယ်။
ဆိုလိုတာက ဒါကလည်း သူတို့အသိအမှတ်ပြုမှု ရဖို့မရဖို့၊ နိုင်ငံတကာ Legitimacy တရားဝင်မှု မဝင်မှု ဆိုတဲ့ ကိစ္စကတော့ ခုဏကပြောသလို တစ်နိုင်ငံချင်းစီရဲ့သူတို့အကျိုးစီးပွားနဲ့လည်း ဆက်စပ်လို့စဉ်းစားရမယ့်ကိစ္စတွေပါ။ ဒါကတော့ ရနိုင်မလား၊ မရနိုင်လားကတော့ ဒီကစဉ်းစားရဖို့ ခက်တယ်။ စဉ်းစားမယ်ဆိုရင် အရင်နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်သွားခဲ့တဲ့ ကာလ တစ်လျှောက်လုံးမှာလည်း နိုင်ငံတကာက အသည်းအသန် ကန့်ကွက်တာတွေ ပြုလုပ်ခဲ့ကြတယ်၊ ရှုတ်ချခဲ့ကြတယ်။ ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုခဲ့သလဲဆိုတာလည်း သူတို့သိတယ်။ နိုင်ငံတကာက မသိဆိုတာလည်းမရှိပါဘူး။ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲကိုလည်း သူတို့ ဘယ်လိုဖန်တီးပြီး ဘယ်လိုလုပ်ခဲ့လဲဆိုတာလည်း နိုင်ငံတကာက သိတယ်။ ဒါပေမယ် “ နိုင်ငံရေး အပြောင်း အလဲတခုဆိုဟေ့” ဆိုတာနဲ့ တချို့နိုင်ငံတွေကလည်း အတင်းတိုးဝင်ပြီးတော့ အဲလို လွယ်လွယ်ကူကူ အသိအမှတ်ပြုလက်ခံသွားတာမျိုး အရင်လည်းမြင်ဖူးပါတယ်။ ဒါကြောင့် နိုင်ငံတကာ၊ သံတမန်ရေးရာ အခင်းအကျင်းကတော့ ပြောရဆိုရ နည်းနည်း ခက်ပါတယ်။
မေး- နောက်ထပ် ဘာများဖြည့်စွက်ပြီးတော့ ပြောလိုပါသလဲ။
ဖြေ- ၂၀၂၃ မှာဘယ်လိုဖြစ်ပါစေဆိုပြီး ထိုင်ဆုတောင်းနေလို့လည်း ရမယ့် ကိစ္စလည်းမဟုတ်ဘူး။ နိုင်ငံရေးဆိုတာက လက်တွေ့ကျကျလုပ်ရတဲ့ အလုပ်ဆိုတော့ အားလုံးဟာ ပူးပေါင်းပါဝင်ပြီး ညီညီညွတ်ညွတ်နဲ့ လုပ်သွားနိုင်မှ ဖြစ်မှာ။ နိုင်ရာ နိုင်ရာကနေပြီးတော့ ကိုယ်စီကိုယ်စီ အားထည့်လို့ ပါဝင်လုပ်ကိုင်မှသာ ကျနော်တို့မျှော်မှန်းတဲ့ရလဒ်ကို ရလာမှာ ဖြစ်ပါတယ်။ ဒီရလဒ်က ၂၀၂၃မှာလည်း ဖြစ်ချင် ဖြစ်လာမယ်။ ၂၀၂၄ မှာလည်း ဖြစ်ချင်ဖြစ်လာမယ်။ ကျနော်တို့ အားထည့်ရင် အားထည့်သလောက်၊ ကျနော်တို့စုစည်းရင် စုစည်းနိုင်သလောက်၊ ကျနော်တို့ ဘုံရည်မှန်းချက်တူတဲ့ အပေါ်မှာ ကျနော်တို့စုစည်းမှု အားကောင်းရင် အားကောင်းသလောက်ကတော့ ကျနော်တို့မျှော်မှန်းတဲ့ ပျော်ရွှင်တဲ့၊ ပြည့်စုံတဲ့၊ ဂုဏ်သိက္ခာနဲ့အညီ လူ့ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအဝိုင်းတစ်ခုကို ဖန်တီးနိုင်ဖို့လို့ ကျနော်တို့မျှော်လင့်ပါတယ်။
ခိုင်လူလှ(ရိုးမမြေ) – ပေးပို့သည်။