ရခိုင်စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်နဲ့ ဆက်သွယ်မေးမြန်းချက်။
ကချင်ပြည်နယ်၊ လိုင်ဇာမြို့က ရက္ခိုင့်တပ်တော်ရဲ့ မုန်လိုင်ခက်စခန်းကို များမကြာမီက စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ရက္ခိုင့်တပ်တော်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးနဲ့ တပ်ဖွဲ့ဝင်တစ်ယောက် ကျဆုံးခဲ့ရပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီပစ်ခတ်မှုအပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ပြောခွင့်ရ ဦးခိုင်သုခက AA တပ်စခန်းတွေကို မြန်မာစစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်တဲ့ ဖြစ်စဉ်တွေကြောင့် စစ်ရေးတင်းမာမှု မြင့်တက်လာတဲ့ အနေအထားရှိနေပြီး ဆက်တိုက် ဖြစ်လာရင် တိုက်ပွဲတွေ ပြန်ဖြစ်တဲ့အဆင့်ကို ရောက်သွားနိုင်တယ်လို့ သတိပေး ပြောဆိုထားပါတယ်။
ဒီလို ရခိုင်စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေ ဖြစ်ပေါ်နေတဲ့အပေါ် မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ရဲ့ အမြင်သဘောထားတွေကို ဆက်သွယ်မေးမြန်းတင်ဆက်ထားပါတယ်။
မေး။ ။ ပထမဆုံးအနေနဲ့ ရခိုင်မှာ နားလည်မှုနဲ့ အပစ်အခတ် ရပ်စဲထားပေမယ့်လည်း ကချင်ပြည်နယ်မှာရှိတဲ့ AA တပ်စခန်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။ ဒီအကျိုးဆက်တွေကြောင့် ရခိုင်မှာ မတည်ငြိမ်မှုတွေ ရှိလာမှာကိုလည်း စိုးရိမ်မှုတွေရှိလာကြတယ်ပေါ့နော်။ ဒီအပေါ်မှာရော ဦးသန်းစိုးနိုင်အနေနဲ့ ဘယ်လိုမျိုး သုံးသပ်ပါလဲရှင့်။
ဖြေ။ ။ စစ်ကောင်စီနဲ့ နားလည်မှုယူတယ်ဆိုတာ ကျွန်တော့်အမြင်အရ ပြောရမယ်ဆိုရင်တော့ ယာယီပဲရမှာ။ ဘာကြောင့်လဲဆိုတော့ တပြည်လုံးမှာ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးက နေရာအနှံ့မှာ တိုက်ခိုက်နေကြတာ။ ရခိုင်ပြည်နယ်က ထကြွမလာအောင်၊ ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေ ဖြစ်မလာအောင် သူတို့အနေနဲ့ ကာလတခုအထိ ထိန်းထားတာပဲ ရှိတယ်။ ဒါပေမယ့် စစ်ရေး အခြေအနေကို သုံးသပ်ပြောဆိုရရင် AA ရဲ့ ရက္ခိတလမ်းစဉ်နဲ့ ရခိုင်ပြည် ပြည်သူ့အာဏာ ပြန်လည်ရယူရေး အကောင်အထည်ဖော် လှုပ်ရှားမှုရှိနေတဲ့ အစီအစဉ်အတွင်း အနေအထားမှာ ဒါကို စစ်ကောင်စီအနေနဲ့ ဘယ်လိုမှ ရေရှည်သည်းခံနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မလို့ ကျွန်တော်တို့အခု ရခိုင်တိုက်ပွဲ မဖြစ်ဆိုတာက အချိန်အတိုင်းအတာ တခုအနေနဲ့ ထိန်းထားတာပဲ ရှိပါတယ်။ ရေရှည်မှာ ခုလိုထိန်းထားလို့ရမယ့် အခြေအနေ မရှိနိုင်ပါဘူး။ အဲဒီအခါကျရင် ရခိုင်ပြည်နယ်မှာ အခြားတိုင်းနဲ့ ပြည်နယ်များနည်းတူ တိုက်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေ၊ လေကြောင်းထိုးစစ်တွေ မုချရှိလာလိမ့်မယ်လို့ ကျွန်တော်တို့ကတော့ ယုံကြည်ပါတယ်။
မေး။ ။ နောက်မေးခွန်းတစ်ခုအနေနဲ့ နှစ်ဖက်နားလည်မှုနဲ့ အပစ်အခတ်ရပ်စဲထားတယ် ဆိုပေမယ့်လည်း ရခိုင်ပြည်မှာ စစ်ကောင်စီက ကန့်သတ်ပိတ်ပင်မှုတွေ၊ လွတ်လပ်စွာ ကုန်သွယ်ခွင့် မရတာတွေ၊ စစ်ဆေးမှုတွေ တင်းကျပ်ထားတဲ့အပြင် နိုင်ငံတကာက အကူအညီတွေကို ပိတ်ပင်ထားတွေ ရှိနေပါတယ်။ ဒီအပေါ်မှာရော ဦးသန်းစိုးနိုင်အနေနဲ့ ဘယ်လိုမျိုးပြောချင်ပါလဲ။
ဖြေ။ ။ ရခိုင်ပြည်မှာ အထူးစိတ်ပျက်ဖို့ကောင်းတဲ့ကိစ္စကတော့ မိုခါမုန်တိုင်း ဖြစ်လာတဲ့အခါမှာ ရခိုင်ပြည်နယ်၊ စစ်တွေက စလို့ ဒေသရဲ့ ၉၀ ရာခိုင်နှုန်း ပျက်သွားတယ်။ အဲ့လိုအခြေအနေအောက်မှာ အရင်တုန်းကတည်းက ရှိနေတဲ့ ရခိုင်စစ်ရှောင်ဒုက္ခသည် ပေါင်းများစွာကို သူ့အနေနဲ့ နိုင်ငံတကာရဲ့ ထောက်ပံ့မှုတွေ၊ အကူညီတွေနဲ့ ရပ်တည်လာတာ ကျွန်တော်တို့သိရသလောက်ဆိုရင် ၃ နှစ်လောက် ရှိပြီ။ အခုဆို အဲဒီကိစ္စတွေကို နိုင်ငံတကာက ထောက်ပံ့မှုတွေကို သူ့အနေနဲ့ ကန့်သတ် တားဆီးထားတဲ့အတွက် ရခိုင်ပြည်သူလူထုအနေနဲ့ အခုဆိုရင် အထူးသဖြင့် စစ်ရှောင်ဒုက္ခသည်တွေ သိန်းနဲ့ချီပြီးတော့ တော်တော်ဒုက္ခရောက်နေတဲ့ အနေအထားပါ။ အဲ့လို အနေအထား ဖြစ်လာတဲ့အတွက် ကျွန်တော်သိရသလောက်ကတော့ စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်ချင်တယ်၊ သို့သော်ငြားလည်း နေရပ်ပြန်ခွင့် မပြုဘူး။ နိုင်ငံတကာက အကူအညီတွေလည်း ဖြတ်တောက်ထားတဲ့အတွက် ရခိုင်လူထု ဒုက္ခရောက်နေတာ တော်တော်များများ မြင်တွေ့နေရပါတယ်။
အဲ့ဒီကိစ္စတွေနဲ့ ပတ်သက်လို့ AA အနေနဲ့ နားလည်မှုယူဖို့ ရခိုင်ပြည်နယ် ဒေသအတွင်းမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး၊ ဥပဒေပြုရေး ကိစ္စတွေ အစိုးရတရပ် သံတမန်နဲ့ လုပ်မယ်ဆိုရင် ဒီပြဿနာတွေ ဖြေရှင်းဖို့အတွက် ဒါဟာ စစ်ကောင်စီနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာပါပဲ။ အဲ့တော့ အဲ့ဒီကိစ္စတွေကို အကြောင်းပြုပြီးတော့ ရခိုင်လူထုရဲ့ လှုပ်ရှားမှုတွေ မုချဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲ့လို ဖြစ်လာလို့ရှိရင် စစ်ရေးအရ ဖိနှိပ်မှုကလည်း စစ်တပ်ဘက်က လုပ်လာမှာပဲ။ အဲ့ဒါကြောင့် ရခိုင်ပြည်သူလူထုအနေနဲ့ တပြည်လုံးမှာ ဖြစ်ပွားနေတဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမှုနဲ့ ရေရှည်ကင်းကွာလို့ မရဘူး။ နွေဦးတော်လှန်ရေး လှုပ်ရှားတိုက်ခိုက်မှုကြောင့်မလို့ စစ်ကောင်စီရဲ့ စစ်အင်အားတွေ တစုံတရာ ယုတ်လျော့နေလို့သာ အခုယာယီအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ဘေးစစ်ဒဏ် ကနေပြီးတော့ ယာယီရှောင်လွှဲလို့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါပေမယ့် ပြဿနာ အမြောက်အများကတော့ ရခိုင်ပြည်သူလူထုမှာ ကြုံနေရတုန်းပါပဲ။ အဲ့ဒီပြဿနာတွေကို မဖြေရှင်းနိုင်လို့ရှိရင် ရခိုင်လူထုထဲမှာပဲ ပေါက်ကွဲမှုတွေနဲ့ ပုန်ကန်အုံကြွမှုတွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။
မေး။ ။ ရခိုင်မှာ နဂိုကတည်းက အလုပ်အကိုင်ရှားပါးပြီး စီးပွားရေး ကျပ်တည်းနေတဲ့ကြားထဲက ကုန်စျေးနှုန်း ကလည်း တဖြည်းဖြည်း တက်လာတယ်။ တဘက်မှာ စစ်ကောင်စီက ကန့်သတ်ပိတ်ပင်မှုတွေကြောင့် လွတ်လပ်စွာ စီးပွားရှာဖွေလို့မရ ဖြစ်လာပြီး အခြေအနေက ပိုဆိုးလာတယ်။ ဒီအခြေအနေအောက်မှာ နှစ်ဖက် ဆက်ဆံရေးတွေ တင်းမာလာမှုကလည်း ရှိလာတယ်ပေါ့နော်။ ဒီအခြေနေအပေါ်မှာရော AA အနေနဲ့ ဘယ်လို ကိုင်တွယ် ဖြေရှင်းသင့်တယ်လို့ ဦးသန်းစိုးနိုင်အနေနဲ့ မြင်ပါလဲ။
ဖြေ။ ။ ကျွန်တော်တို့အနေနဲ့ အခုချိန်မှာတော့ AA အနေနဲ့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ စစ်ကောင်စီကို တရားဝင်တောင်းဆိုမှုတွေ လုပ်သင့်တယ်။ နောက်တခု စစ်ကောင်စီကနေပြီးတော့ နိုင်ငံတကာ အကူအညီတွေ တားဆီးပိတ်ဆို့နေတဲ့ စစ်ကောင်စီရဲ့ ဂိတ်တွေ၊ ကင်းစခန်းတွေ ဖယ်ရှားနိုင်မှ၊ ဆိုလိုတာက ရခိုင်ပြည်နယ်မှာ ကုန်သွယ်စီးဆင်းမှု အဆင်ပြေ ချောမွေ့အောင် AA အနေနဲ့ တာဝန်ယူလုပ်ဆောင်နိုင်မယ်။ အဲ့လိုလုပ်ဆောင်နိုင်မှ ရခိုင်ပြည်သူလူထုအနေနဲ့ တကယ်တမ်း အဆင်ပြေသက်သာမယ်လို့ ယူဆပါတယ်။ အဲ့တော့ အဲ့ဒါတွေနဲ့ လက်ရှောင်နေလို့ကတော့ ကျွန်တော်တို့ လူထုအနေနဲ့ မခံမရပ်နိုင်အောင် စိတ်ဒုက္ခတွေ ရင်ဆိုင်လာရလိမ့်မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။
မေး။ ။ ရခိုင်ပြည်တွင်း စစ်ရေး၊ နိုင်ငံရေးအခြေနေပေါ်မှာ ဦးသန်းစိုးနိုင်အနေနဲ့ ခြုံငုံပြီး သုံးသပ်ဖြည့်စွက် ပြောချင်တာများ ရှိပါသေးလား။
ဖြေ။ ။ အဓိက က တပြည်လုံးဖြစ်နေတဲ့ ပြဿနာက စစ်ကောင်စီရဲ့ အကြမ်းဖက်မှုနဲ့ မှားယွင်းတဲ့ ပေါ်လစီတွေကြောင့် တိုင်းပြည်မှာ ပြဿနာတွေ ဖြစ်နေတာ။ အဲ့ဒီပြဿနာတွေက စစ်ကောင်စီကို ဖြုတ်ချနိုင်မှ ရခိုင် အပါအဝင် မြန်မာပြည်က ပြည်နယ်နှင့်တိုင်း အားလုံးလွတ်မြောက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ အခွင့်အရေးတွေ ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလှုပ်ရှားမှုထဲမှာ ရခိုင်အနေနဲ့ ဘာပဲဖြစ်ဖြစ် ပါဝင်ပြီးတော့ လှုပ်ရှားတိုက်ခိုက်ဖို့ လိုတယ်။ ဒီစစ်ကောင်စီ စစ်အာဏာရှင်စနစ် မြန်မြန်ပြုတ်ကျမှ ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေ ဖက်ဒရယ်အခွင့်အရေးနဲ့ ဒီမိုကရေစီ ရမယ်။ နောက်ပြီးတော့ ပြန်လည် ထူထောင်ခွင့်တွေ မြန်မြန်ဆန်ဆန် တက်တက်ကြွကြွ လှုပ်ရှားနိုင်မှာ ဖြစ်တယ်။ ဒီတိုက်ပွဲထဲမှာ AA လည်း ပါဝင်နိုင်ရင် ကောင်းတယ်လို့ ကျွန်တော်တို့က ယူဆတဲ့အကြောင်း ပြောချင်ပါတယ်ခင်ဗျ။
နိရဉ္စရာ ပေးပို့သည်။