28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ရခိုင်ပြည်မှာ အမ်းမြို့နယ်နဲ့ တခြားမြို့နယ်က စစ်ဘေးရှောင်တွေ မတူညီတဲ့ အချက်တစ်ခုရှိတယ်။ ဘာလဲဆိုတော့ အမ်းမြို့နယ်ဟာ အရမ်းအေးတယ်။ ဒါကြောင့် မကြာခဏ ကျန်းမာရေးထိခိုက်တာတွေရှိတယ်။...

“ရခိုင်ပြည်မှာ အမ်းမြို့နယ်နဲ့ တခြားမြို့နယ်က စစ်ဘေးရှောင်တွေ မတူညီတဲ့ အချက်တစ်ခုရှိတယ်။ ဘာလဲဆိုတော့ အမ်းမြို့နယ်ဟာ အရမ်းအေးတယ်။ ဒါကြောင့် မကြာခဏ ကျန်းမာရေးထိခိုက်တာတွေရှိတယ်။ အသက်သေဆုံးမှုတွေရှိပါတယ်” ကိုနိုင်နိုင်ဇော်/ လေးဝတီမျိုးချစ်လူငယ်ပရဟိတအသင်းတာဝန်ခံ

အမ်းမြို့နယ်ကစစ်ဘေးရှောင်များ ကြုံတွေ့နေရသည့် ကျန်းမာရေး၊ စားဝတ်နေရေးစသည့် အခက်အခဲများနှင့် ပတ်သက်ပြီး လေးဝတီမျိုးချစ်လူငယ်ပရဟိတအသင်း တာဝန်ခံကိုနိုင်နိုင်ဇော်နှင့် ဆက်သွယ်မေးမြန်းချက်။

စစ်ရေးပဋိပက္ခပြင်းထန်နေသည့် ရခိုင်ပြည်တွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၆ သိန်းကျော်အထိရှိနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ နေထိုင်ရေးစသည့် ကဏ္ဍအသီးသီး၌ အခက်အခဲများစွာဖြင့် ဖြတ်သန်းနေရသည်။

ယင်းတို့ထဲတွင် အမ်းမြို့နယ်မှ စစ်ဘေးရှောင် ၂,၀၀၀ ကျော်သည်လည်း လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီရရှိမှု နည်းပါးသဖြင့် စားဝတ်နေရေး အကျပ်အတည်းများ ကြုံနေရသည်။

စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲများကြောင့် စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့ ခံထားရသဖြင့် ဒေသတွင်းလူမှုအဖွဲ့အစည်းများကလည်း စစ်ဘေးရှောင်များအား ကူညီရာတွင် အခက်အခဲများ ရှိနေကြသည်။

ယင်းတို့ကြောင့် အမ်းမြို့နယ်က စစ်ဘေးရှောင်များကြုံနေရသည့် ကျန်းမာရေး၊ စားဝတ်နေရေးစသည့် အခက်အခဲများနှင့်ပတ်သက်ပြီး စစ်ဘေးရှောင်များအား ကူညီပေးနေသည့် လေးဝတီမျိုးချစ်လူငယ်ပရဟိတအသင်း တာဝန်ခံ ကိုနိုင်နိုင်ဇော်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အမ်းမြို့နယ်က စစ်ဘေးရှောင်တွေရဲ့ အခြေအနေတွေကို ပြောပြပေးပါဦး။

ဖြေ။ ။ ကျနော်တို့ကောက်ထားတဲ့ စာရင်းအရဆိုရင် စစ်ဘေးရှောင်ဦးရေ ၁,၇၀၀၊ ၁,၈၀၀ လောက်တော့ ရှိမယ်။ အခု လက်ရှိပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ မရောက်နိုင်တဲ့ နေရာတွေမှာလည်း လူဦးရေအများကြီး ရှိနိုင်တယ်။ အရင်က အမ်းမြို့နယ်တစ်ခုတည်းမှာ စစ်ဘေးရှောင်ဦးရေ ၄,၀၀၀ ကျော် ၅,၀၀၀ အထိရှိတယ်။ ဒါပေမဲ့လုံခြုံရေးအရ တနေရာကနေ တနေရာကို ရွှေ့ပြောင်းနေကြတော့ စာရင်းအတိအကျ ကောက်ရတာ ခက်တယ်။ ပြန့်ကြဲရွှေ့ပြောင်းနေကြတာ။

မေး။ ။ စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးအခြေအနေကိုလည်း သိချင်ပါတယ်။

ဖြေ။ ။ စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးအခြေအနေကတော့ အခုဆိုရင် အရေပြားရောဂါက ဆိုးလွန်းတယ် ပေါ့နော်။ ရခိုင်ပြည်ရဲ့ မြို့နယ်အသီးသီးမှာဖြစ်နေတယ်။ ဥပမာ – ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ဂွ၊ တောင်ကုတ်၊ အမ်း၊ မြောက်ဦး စတဲ့ မြို့နယ်အသီးသီးမှာ အဓိကတော့ အရေပြားရောဂါပြဿနာ ဖြစ်နေတာပါ။ ရခိုင်ပြည်မှာ အမ်းမြို့နယ်နဲ့ တခြားမြို့နယ်က စစ်ဘေးရှောင်တွေ မတူညီတဲ့အချက်တစ်ခုရှိတယ်။

ဘာလဲဆိုတော့ အမ်းမြို့နယ်ဟာ အရမ်းအေးတယ်။ ဒါကြောင့် မကြာခဏ ကျန်းမာရေးထိခိုက်တာတွေ ရှိတယ်။ အသက် သေဆုံးမှုတွေ ရှိပါတယ်။ မကြာသေးခင် လပိုင်းအတွင်းက အမ်းမြို့နယ်မှာ စစ်ဘေးရှောင် ၃ ယောက် တောင် သေဆုံးသွားခဲ့တယ်။ အသက် ၅၀ ကျော်တစ်ယောက်၊ အသက် ၃ နှစ်ကျော် တစ်ယောက်၊ ပြီးရင် အသက် ၁ နှစ်ဝန်းကျင် တစ်ယောက်ရှိတယ်။

မေး။ ။ စစ်ဘေးရှောင်တွေ စားဝတ်နေရေးအခြေအနေက ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ ကျန်းမာရေး ချို့တဲ့ချက်တွေနဲ့ထပ်တူ စားဝတ်နေရေးမှာလည်း အခက်အခဲတွေအများကြီး ရှိပါတယ်ဗျ။ တချို့နေရာတွေကို အလှူရှင်တွေကမရောက်နိုင်ဘူး။ မရောက်နိုင်တဲ့အခါကြတော့ ကြုံသလိုဖြေရှင်းနေကြရတာ ရှိတယ်။ ပြီးရင် တချို့ဆိုရင် ရိုးမတောင်တလျှောက်မှာ အဲလိုမျိုးခက်ခက်ခဲခဲဖြတ်သန်းနေကြတာတွေ အများကြီး မြင်တွေ့ရတယ်။ နေထိုင်ရေးပိုင်းကလည်း တနေရာနဲ့တနေရာ မတူနိုင်ပါဘူး။

IDP စခန်းမှာနေတဲ့သူတွေက စားသောက်ရေးပိုင်းမှာ လိုအပ်ချက်ရှိပေမယ့် အမိုးအကာပြည့်စုံပါတယ်။ တချို့က တော့ စားသောက်ရေးပိုင်းမှာရော အမိုးအကာပိုင်းမှာရော နှစ်ဖက်စလုံးမှာ အဆင်မပြေတာတွေရှိပါတယ်ဗျ။ အခုအချိန်မှာ စစ်ဘေးရှောင်ရဲ့ အဓိကလိုအပ်ချက်ကတော့ စားသောက်ရေးအပြင် ကျန်းမာရေးဆိုင်ရာ ကူညီ စောင့်ရှောက်မှုတွေကိုလည်း အဓိကလိုအပ်လို့ ရှိနေပါတယ်။

မေး။ ။ လေးဝတီမျိုးချစ်လူငယ်ပရဟိတအသင်းက လက်ရှိ ဘာတွေလုပ်ဆောင်နေတာရှိပါလဲ။

ဖြေ။ ။ ကျနော်တို့ လက်ရှိမှာ အသင်းရဲ့မူလရည်ရွယ်ချက်ဖြစ်တဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီ ကယ်ဆယ်ရေးနဲ့ ရခိုင်ဒေသအတွင်းမှာ မီးဘေး၊ ရေဘေးပြီးရင် ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍကိုလည်း နိုင်တဲ့ဖက်က တာဝန်ထမ်းဆောင်လို့ရှိပါတယ်။

မေး။ ။ ကူညီကယ်ဆယ်ရေးလုပ်တဲ့အချိန် ဘယ်လိုအခက်အခဲတွေ ကြုံရတာရှိပါလဲ။

ဖြေ။ ။ အခုအချိန်မှာ ရခိုင်မှာက အင်တာနက်လိုင်း၊ ဖုန်းလိုင်းဖြတ်တောက်ထားတော့ အခက်အခဲကတော့ အများကြီးပါပဲ။ ကျနော်တို့ကမြေပြင်ကိုသွားပြီးတော့ စစ်ဘေးရှောင်ဦးရေ ဘယ်လောက်ရှိလဲ စာရင်းကောက်ပြီး မနက်ဖန်ကူညီကယ်ဆယ်ရေး သွားပေးတဲ့အချိန်မှာ အဲဒီလူဦးရေထက် အများကြီးဖြစ်သွားပြီ။ သတင်းတွေ မရဘူးပေါ့။

နောက်ပြီးတော့ စစ်ပွဲကြောင့် ကျနော်တို့ရဲ့ အသက်အန္တရာယ်ပိုင်းက စိုးရိမ်ရတယ်။ အခုအချိန် ကူညီကယ်ဆယ်ရေး ပေးဖို့သွားတဲ့အခါဆိုရင် မိုင်းအကြွင်းအကျန် လေကြောင်းအန္တရာယ်က လွဲပြီးတော့ တခြားဟာတွေ စိုးရိမ်မှု မရှိတော့ဘူးဗျ။ အခုက (AA) ထိန်းချုပ်နယ်မြေတွေမှာ သွားတာလာတာ အခုဆိုရင် အဆင်ပြေသွားပြီ။

မေး။ ။ လေးဝတီမျိုးချစ်လူငယ်ပရဟိတအသင်းအနေနဲ့ ဒေသတွင်းမှာ တခြားဘာတွေလုပ်ဆောင်ပေးနေတာ ရှိပါလဲ။

ဖြေ။ ။ စစ်ပွဲတွေကြားမှာ မိဘတွေသေဆုံးသွားရတဲ့ ကလေးသူငယ်တွေ၊ ပြီးရင် စစ်ပွဲကြားမှာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားရသူတွေ လုံးဝခက်ခက်ခဲခဲနဲ့ရှိနေတဲ့ ကလေးငယ်တွေကို ကျနော်တို့ ပညာရေးအခမဲ့စရိတ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကနေစပြီးတော့ ပေးနေတာတွေရှိပါတယ်။ ပြီးရင် စစ်ပွဲတွေကြားမှာ အသက်ဆုံးရှုံးသွားရတဲ့ မိသားစုဝင်တွေကို ငွေထောက်ပံ့ကြေးပေးတာတွေ၊ အိုးအိမ်ဆုံရှုံးသွားရတဲ့သူတွေကိုလည်း ထောက်ပံ့ကြေးပေးဖို့ အတွက် လုပ်ဆောင်လို့ရှိနေပါတယ်ခင်ဗျ။

မေး။ ။ စစ်ဘေးရှောင်အရေးနဲ့ပတ်သက်လို့ ဘာတွေဖြည့်စွက်ပြောချင်တာရှိပါလဲ။

ဖြေ။ ။ စစ်ဘေးရှောင် ရခိုင်ပြည်သူတွေအနေနဲ့ လက်ရှိအခြေအနေကို နားလည်ကြမယ်လို့ယုံကြည်ပါတယ်။ ဘာလို့ဆိုတော့ ကျနော်တို့အနေနဲ့လည်း မဖြစ်နိုင်သေးတဲ့အချိန်ကာလတစ်ခုမှာ ကိုယ်တို့ရဲ့အသက်ရှင်သန်ရေး ဟာ အဓိကဦးစားပေးဖြစ်နေတာဆိုတော့ ခက်ခဲကြမယ်မှန်းသိပါတယ်။

ဒါပေမယ့်လည်းအားတင်းပြီးတော့ ခက်ခဲမှုတွေကို ဖြေရှင်းကြရမှာပါ။ ဒီခက်ခဲမှုတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၄၀ လောက်က ဖြတ်သန်းခဲ့တဲ့နှစ်တွေနဲ့စာကြည့်ရင် ခက်ခဲမှုမျိုးတူပေမယ့်လည်း စိတ်ခွန်အားပိုင်းမှာတော့ အများကြီး အားသာချက်ရှိမယ်လို့ ယုံကြည်ပါတယ်။

အောင်ထိန် (DMG) ပေးပို့သည်။