23 ဧပြီ 2025 /

See today's Peace Related News

ရခိုင်ပြည်တည်ဆောက်ရေးထဲက အမျိုးသမီးတို့၏ အခန်းကဏ္ဍအပေါ် ရခိုင်လူမှုအဖွဲ့၏ ပြောဆိုချက် စကားသံတချို့။

ရခိုင်ပြည်အတွင်းက မြို့နယ်အများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) က စစ်ကောင်စီ ကင်းစင်သည့်နယ်မြေများ၌ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတို့ကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိနေသည်။

မတ်လ ၈ ရက်နေ့တွင်ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ရခိုင်ပြည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အမျိုးသမီးများပါဝင်နိုင်သည့် အခန်းကဏ္ဍများအပေါ် ရခိုင်လူမှုအဖွဲ့က အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်သူ၊ လူငယ်အရေးတက်ကြွလှုပ်ရှားသူတချို့၏ ပြောဆိုချက်စကားသံများကို စုစည်းဖော်ပြပေးလိုက်ပါသည်။

ဒေါ်ညိုအေး (ဥက္ကဌ)၊ ရခိုင်အမျိုးသမီးများကွန်ရက်

ရခိုင်ပြည်ရဲ့ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် ကာကွယ်ရေးကဏ္ဍတွေမှာလည်း အမျိုးသမီးတွေက ဘက်ပေါင်းစုံကနေ လက်တွေ့ကျကျပါဝင်နေကြတာ မြင်တွေ့ရတယ်။ အမျိုးသမီးတွေ (ကိုယ်စား) ပြောချင်တာ ကတော့ “ဒီခရီး နီးသလား” လို့တော့ မပြောတော့ဘူး။ ဒါပေမဲ့ ကျမတို့ခရီးမဝေးတော့ဘူးဆိုတဲ့အကြောင်း အားတက်သရောနဲ့ ပြောချင်ပါတယ်။ ကဏ္ဍပေါင်းစုံမှာ အမျိုးသမီးဆိုတာ မလုပ်မဖြစ်တဲ့အလုပ်တွေ အများကြီး ရှိတယ်။

အိမ်ထောင်ဦးစီးရဲ့တာဝန်ကိုလည်း တဖက်တလမ်းကထမ်းရွက်ကြသလို ကျန်တဲ့လူငယ်ကဏ္ဍ၊ နောင်လာမယ့် မျိုးဆက်သစ်ကဏ္ဍတွေမှာလည်း ကျန်းမာရေး၊ ပညာရေး၊ တဖက်တလမ်းကလည်း တနိုင်တပိုင် စီးပွားရေးအပြင် ကာကွယ်ရေးမှာလည်း အားတက်သရောပါဝင်လာတာကို အခုဆိုရင်မျက်ဝါးထင်ထင် တွေ့မြင် နေရတဲ့အတွက် အများကြီးလေးစားတယ်။ အခုလိုကာလမှာ အမျိုးသမီးတွေအားတင်းပြီး ကဏ္ဍအသီးသီးမှာ ပါဝင်နိုင်ဖို့ တိုက်တွန်း ချင်ပါတယ်။ ရခိုင်ပြည်တည်ဆောက်ရေးမှာ အရေးအကြီးဆုံးဖြစ်တဲ့ စစ်ရေးအရပါဝင်မှုတွေ မှာဆိုရင် အမျိုးသမီး တွေကို အားတက်သရောပါဝင်နိုင်ဖို့၊ ရခိုင်ပြည်တွင်းမှာရှိတဲ့ အရွယ်ကောင်းအမျိုးသမီးတွေ မကြောက်မရွံ့ဘဲ ပါဝင်နိုင်အောင် ကြိုးစားနေရတာ တွေ့ရတယ်။

လူငယ်အရေး တက်ကြွလှုပ်ရှားသူ၊ အမျိုးသားတစ်ဦး

အာရက္ခဒေသကို ပုံစံနှစ်မျိုးနဲ့ တည်ဆောက်နေတာလို့မြင်တယ်။ အာရက္ခဒေသမှာရှိတဲ့လူမျိုးစုအားလုံး လူမှုရေး သမာသမတ်ကျမှုတွေနဲ့ လူမျိုးစုအားလုံးဟာ တန်းတူအာရက္ခဒေသကို တည်ဆောက်မယ်ဆိုတဲ့မူတွေနဲ့ တည်ဆောက်နေတယ်လို့ မြင်တယ်။ ပြန်လည်တည်ဆောက်ရေးကိုလုပ်ဆောင်နေတဲ့ အာရက္ခဒေသမှာ “Further Education” နဲ့ တခြားနိုင်ငံက ဘွဲ့ရထားတဲ့အမျိုးသမီးတွေကို ဌာနဆိုင်ရာတွေမှာခန့်ထားတာရှိတယ်။ နောက်ပြီး ပြည်တွင်းထဲမှာရှိတဲ့ လူငယ်အင်အားစုတွေ၊ အမျိုးသမီးအင်အားစုတွေကလည်း ပညာရေး၊ ကျန်းမာရေးဌာန၊ အခြားအုပ်ချုပ်ရေး၊ ဥပဒေပြုရေးဌာနတွေမှာလည်း အမျိုးသမီးတွေပါဝင်လာတာကို ဂုဏ်ယူတယ်။

ULA/AA အနေနဲ့ မြေပြင်တွေမှာ အမျိုးသမီးပါဝင်လာအောင် စည်းရုံးတာတွေ၊ ချပြတာတွေ၊ gender equality နဲ့ ပတ်သက်ပြီး ကျား/ မတန်းတူရေးတွေကို ထည့်သွင်းပြောဆိုနေတာတွေ့ရတယ်။ အာရက္ခဒေသမှာရှိတဲ့ အမျိုးသမီးကဏ္ဍကိုမြှင့်တင်ဖို့အတွက် အမျိုးသမီးရေးရာတွေ လုပ်ဆောင်လာဖို့လည်းမျှော်လင့်တယ်။ အမျိုးသမီး တွေနဲ့ပတ်သက်လို့ လိုအပ်တဲ့အသိပညာပေးနိုင်ဖို့၊ ပညာရေး၊ ကျန်းမာရေး၊ တကိုယ်ရည်သန့်ရှင်းမှု၊ Sex education စတဲ့ အသိပညာပေးတွေ မျှဝေပေးနိုင်ဖို့ အမျိုးသမီးရေးရာ ဖြစ်ပေါ်လာနိုင်မယ်လို့ထင်ပါတယ်။

အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ၊ အမျိုးသမီးတစ်ဦး

အမျိုးသမီးတွေ ကဏ္ဍအသီးသီးမှာပါဝင်နေတာတွေ့ရတယ်။ ပညာရေးကဏ္ဍမှာဆိုရင် အနာဂတ်မျိုးဆက်သစ် တွေအတွက် တတ်နိုင်တဲ့ဘက်က အမျိုးသမီးတွေပါဝင်နေကြတယ်။ ပြန်လည်ထူထောင်ရေးအတွက် အမျိုးသမီးတွေအများဆုံး ဦးစားပေးပါဝင်နေတာတွေ့ရတယ်။ နောက်ပြီးတော့ တပ်ထဲမှာဆိုရင်လည်း အမျိုးသမီးအခွင့်အရေးကို ပိတ်ပင်ကန့်သတ်တာတွေမရှိဘူး။

သူတို့ရွေးချယ်တဲ့ကဏ္ဍတွေမှာ လွတ်လွတ် လပ်လပ်နဲ့ လုပ်ကိုင်ခွင့်ပေးထားတာတွေ့ရတယ်။ အခုလို ရခိုင်ပြည် ထူထောင်ဆဲကာလမှာ အမျိုးသမီး၊ အမျိုးသား မခွဲဘဲ ကဏ္ဍအားလုံးမှာ တန်းတူပါဝင်ဖို့လိုအပ်တယ်။ အမျိုးသား တွေကလည်း အမျိုးသမီးတွေကို အားနည်းတဲ့သူလို့မမြင်ဘဲ တန်းတူဆွဲခေါ်စေချင်တယ်။ အမျိုးသမီး၊ အမျိုးသား မခွဲဘဲ ပြိုင်တူတွန်းရင်ရွေ့နိုင်တယ်ဆိုသလို ပူးပေါင်းပါဝင်ဖို့လိုအပ်တယ်။

ကိုဦးသန်းနိုင် (ရက္ခိုင်ကျောင်းသားခေါင်းဆောင်ဟောင်း)

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ကြိုဆိုပါတယ်။ လက်ရှိကာလမှာဆိုရင် တဖက်မှာ တိုက်ခိုက်ရေးကို ဖော်ဆောင်နေသလို တဖက်မှာလည်း ပြန်လည်ထူထောင်ရေးလုပ်နေတာရှိပါတယ်။ အခုလို ပြန်လည်ထူထောင်ရေးကာလမှာ အမျိုးသမီးတွေအနေနဲ့ တက်တက်ကြွကြွပါဝင်နေတာကို တွေ့ရပါတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင် အမျိုးသမီးတွေနဲ့ပတ်သက်လို့ အင်တာဗျူးဖြေထားတာရှိတယ်။ အရည်အချင်း ရှိတဲ့ အမျိုးသမီးတွေလည်း ခေါင်းဆောင်နေရာကိုရနိုင်တယ်ဆိုတဲ့ ဟောပြောချက်တွေကိုလည်း ကျနော်တို့ ကြားသိရတယ်။ လက်ရှိအာရက္ခတပ်တော် (AA) ရဲ့ သင်တန်းတွေမှာ အမျိုးသမီးပါဝင်မှုက ငါးဆယ်ရာနှုန်း လောက်အထိ ပါဝင်နေတာတွေ့ရတယ်။

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းစဉ်တွေမှာဆိုရင်လည်း ယာဉ်အန္တရာယ်ကင်းရှင်းရေးတွေ၊ ကျန်းမာရေးကဏ္ဍတွေမှာ ဆိုရင် အမျိုးသမီးတွေ ထဲထဲဝင်ဝင်ပါလာတာကိုတွေ့ရတယ်။ တခြား အာရက္ခပြည်သူ့အစိုးရအနေနဲ့လည်း အုပ်ချုပ်ရေးသင်တန်းတွေ၊ ကျန်းမာရေးသင်တန်းတွေ ခေါ်တဲ့အခါမှာလည်း အမျိုးသမီးပါဝင်နှုန်းကို လေးဆယ်ရာခိုင်နှုန်းအထက်ကို သတ်မှတ်ထားတယ်လို့မြင်တယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ကာယပိုင်းဆိုင်ရာအားနည်းရင်လည်း ဉာဏပိုင်းဆိုင်ရာမှာ အားသာချက်တွေရှိတယ်။ အမျိုးသမီးတွေဟာ နေရာတကာမှာ အများကြီးအလုပ်လုပ်နိုင်တာကို တွေ့လာရတယ်။

ULA တရားရေးဌာနတွင် တာဝန်ထမ်းဆောင်နေသော အမျိုးသမီးတစ်ဦး

ရခိုင်ပြည် တည်ဆောက်ရေးနဲ့ပတ်သတ်လို့ အမျိုးသမီးပါဝင်မှုကဏ္ဍက စစ်ဘက်တိုက်ခိုက်ရေးပိုင်းထက် အရပ်ဘက်ဌာနတွေ တည်ဆောက်ရေးအပိုင်းတွေမှာ ပိုပြီးတော့ပါဝင်နေတာတွေ့ရတယ်။ အရပ်ဖက်ဌာနတွေ တည်ဆောက်တဲ့နေရာမှာ လူငယ်တွေအများကြီး ပါဝင်ဖို့လိုအပ်တယ်။ စစ်ဖက်ဆိုင်ရာမှာဆိုရင်လည်း အမျိုးသမီးတွေ စက်ချုပ်တဲ့နေရာတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတာရှိတယ်။

ပြီးရင် ဆေးဖက်ဆိုင်ရာတွေမှာ တာဝန်ယူလုပ်ဆောင်နေကြတာတွေ့ရတယ်။ အထူးသဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ အများကြီးပါဝင်ဖို့လိုအပ်တယ်။ ရခိုင်ပြည် ပြန်လည်ထူထောင်ရေးမှာ အမျိုးသားနဲ့အမျိုးသမီး တန်းတူညီမျှ အင်တိုက်အားတိုက်တည်ဆောက်မှ အလျင်အမြန် အကောင်အထည်ပေါ်လာနိုင်မှာဖြစ်တယ်။

အောင်ထိန် (DMG) ပေးပို့သည်။

“ ဝန်ကြီးချုပ်ကြီးနဲ့ မလေးရှားဝန်ကြီးချုပ်တို့ တွေ့တဲ့အချိန်တုန်းကလည်း လူချင်းတွေ့ဆုံမှုဆိုတဲ့ကိစ္စတွေလည်း ပြောခဲ့တာရှိတယ်။ အွန်လိုင်းကနေ တွေ့ဆုံတာကလည်းကောင်းသလို ဒါပေမယ့် တကယ်တမ်း မြေပြင်မှာ လူချင်းတွေ့ဆုံနိုင်ဖို့ အခြေအနေမျိုးဆို ပိုပြီးရင်းနှီးကျွမ်းဝင်မှုပိုရှိတယ်။ ဒါကြောင့်မို့ ဒါတွေကလည်းဖြစ်လာဖို့ ရှိပါတယ်” – ဦးနေဘုန်းလတ်/ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ

NUG နှင့် အာဆီယံဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်အား ဆက်သွယ်မေးမြန်းချက်။ မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် လူသားချင်းစာနာမှု အကူအညီပေးရန်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် စစ်ကောင်စီကို ပြီးခဲ့သည်ရက်ပိုင်းအတွင်း သီးခြားစီ...

“တံတားဦးမှာ တအိမ်ဝင်တအိမ်ထွက်သွားလှူတော့ အမေကြီးတွေဦးလေးကြီးတွေက ပြောကြတယ်။ သျှမ်းပြည်မှာ ဒီလောက်စစ်ဖြစ်နေတာ ငါတို့တောင်တခါမှမရောက်ခဲ့ဖူးဘူး၊ ဘယ်သူမှလည်း တကူးတက သွားမကူကြဘူးတဲ့။ ကိုယ့်အလှည့်ဖြစ်တော့ ခဲရာခဲဆစ်အခြေအနေ လုံးဝမဟန်တဲ့နယ်မြေကနေ ဒီအထိ တကူးတက လာကူပေးကြတယ်ဆိုပြီး တချို့အိမ်တွေဆို ဝမ်းသာလွန်းလို့ငိုကြတယ်” သျှမ်းလူငယ်တစ်ဦး

ငလျင်ဒဏ်ဆိုးရွားစွာခံစားခဲ့ရသည့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့သို့ ကူညီကယ်ဆယ်ရေးနှင့်ထောက်ပံရေးတွင် ပါဝင်ကူညီလုပ်ဆောင်နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး လူမှုကူညီရေးအသင်းဝင် သျှမ်းလူငယ်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်သွားခဲ့သည့် ၇ ဒဿမ ၇ ရစ်ချ်တာစကေး အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် မန္တလေး၊ တံတားဦးနှင့် စစ်ကိုင်းမြို့တို့တွင် အိုးအိမ်တိုက်တာများ...

“ကျနော်တို့ကူညီချင်ပေမဲ့ လာရောက်လှူဒန်းတဲ့ ငွေကြေးကများမလာတဲ့အတွက် ဘယ်နေရာက အဖြစ်များဆုံး အခက်ခဲဆုံးလဲ၊ အဲ့လိုနေရာကိုပဲ ကြည့်ပြီးလုပ်ရတယ်။ ပုံမှန်ရနေကြလူတွေတော့ အနည်းငယ်၊ နည်းသွားတာမျိုးရှိမယ်။ အဲ့လိုပုံစံမျိုးတော့ဖြစ်သွားတယ်” စောခဲလေ – ဒုညွန်ကြားရေးမှူး / CIDKP

စစ်ရှောင်ဦးရေတိုးပွားလာမှုနှင့် ကူညီထောက်ပံ့မှုအခြေအနေများအပေါ် ကရင့်ပြည်တွင်းနေရပ်စွန့်ခွာသူများရေးရာကော်မတီ - CIDKP ဒုညွန်ကြားရေးမှူးစောခဲလေနှင့် ဆက်သွယ်မေးမြန်းချက်။ KNU - ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ကော်သူးလေနယ်မြေများဖြစ်သည့် တောင်ငူ၊ ဘိတ်၊ ထားဝယ်နှင့် ဖားအံခရိုင်တို့တွင် ပြီးခဲ့သည့်မတ်လအတွင်း စစ်ဘေးကြောင့် နေရပ်ရွှေ့ပြောင်းနေထိုင်ရသူ (IDP) ဦးရေ ၃ ထောင်နီးပါးတိုးလာကြောင်း ကရင့်ပြည်တွင်းနေရပ်စွန့်ခွာသူများရေးရာကော်မတီ-CIDKP ကထုတ်ပြန်သည်။ ကရင့်လက်နက်ကိုင်တပ်များနှင့် စစ်ကောင်စီတပ်တို့ကြား...