28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူးမွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD တည်ထောင်မှု တစ်နှစ်ပြည့်နှင့်ပတ်သက်ပြီး မွန်လူထု၏ အကြံပြုမျှော်လင့်ချက်စကားသံတချို့။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD တည်ထောင်မှု တစ်နှစ်ပြည့်နှင့်ပတ်သက်ပြီး မွန်လူထု၏ အကြံပြုမျှော်လင့်ချက်စကားသံတချို့။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်ဟူသမျှ တိုက်ဖျက်ရန်နှင့် အကြမ်းဖက်စစ်ကောင်စီ ကျရှုံးရေးအတွက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD သည် မိခင်တပ်ရင်းမွန်ပြည်သစ်ပါတီ (NMSP) မှ ခွဲထွက်လာပြီး မွန်လက်နက်ကိုင်တပ်ဖွဲ့သစ်အဖြစ် တည်ထောင်ခဲ့သည်မှာ ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် နေ့တွင် ၁ နှစ်ပြည့်မြောက်ပြီဖြစ်သည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD သည် အကြမ်းဖက်စစ်ကောင်စီ ကျရှုံးရေးအတွက် သီးခြားဖြင့်သော်လည်ကောင်း၊ မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးတွဲ၍သော်လည်းကောင်း တိုက်ပွဲဝင်နေပြီး ပါတီနှင့်တပ် ခိုင်မာရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းခြင်း၊ အရပ်ဖက်အဖွဲ့အစည်းတို့နှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

မွန်လက်နက်ကိုင်အဖွဲ့အစည်းမျာအနက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD သည် အင်အားအသင့်တင့်ရှိပြီး မွန်ပြည်သူလူထုတို့၏ ယုံကြည်မှုကို အများဆုံးရရှိထားသည့် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဟုလည်း ဆိုနိုင်ပါသည်။

NMSP-AD ပေါ်ပေါက်လာချိန်ကစ၍ မွန်တော်လှန်ရေးအင်အားစုတို့အား အင်အားတစ်ခုဖြစ်စေသည်ဟု ဆိုသော် လည်း မွန်ပြည်သူလူထုကို လုံခြုံမှုအပြည့်အဝမပေးနိုင်သေးကြောင်းလည်း မွန်ဒေသခံပြည်သူများနှင့် မွန်နိုင်ငံရေး သုံးသပ်သူတို့ကြား ပြောဆိုလျှက်ရှိသည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD တည်ထောင်မှု “၁” နှစ် ပြည့်မြောက်ရှိလာချိန်တွင် မွန်နိုင်ငံရေး အသိုင်းအဝိုင်းနှင့် မွန်လူထုတို့၏ အကြံပြုမျှော်လင့်ချက်စကားသံတချို့ကို စုစည်းတင်ပြလိုက်ပါသည်။

မွန်လူငယ်အမျိုးသမီးတစ်ဦး

ကျမအနေနဲ့ဆို NMSP-AD ထွက်လာတာက မွန်တော်လှန်ရေးအင်အားဖြစ်တယ် အတိုင်းအတာတစ်ခုထိ အဖွဲ့အစည်းငယ်တွေကို ဦးဆောင်နိုင်တယ်လို့ မြင်တယ်။ အခုလည်း အင်အားတွေ အသင့်အတင့်ရှိပြီးပေါ့နော်။ ဒါက လူမျိုးလွတ်လပ်ခွင့်ရဖို့ လှုပ်ရှားနေတဲ့မွန်တွေအတွက် အထောက်အကူအများကြီးဖြစ်တယ်။ တစ်ခုရှိတာက မွန်ပြည်သူတွေအတွက် လုံလုံခြုံခြုံ ဘေးရန်ကနေ မတားဆီးနိုင်သေးဘူး။ ကိုယ့်နယ်မြေကို ပြန်လည်ထိန်သိမ်း နိုင်ဖို့ကလည်း မတွေ့ရသေးဘူး။

အရေးကြီးဆုံးက မွန်လူမျိုးအားလုံးအတွက် NMSP-AD က မျှော်လင့်ချက်တွေ ယူဆောင်ပေးရမယ်ပေါ့နော်။ ပြည်သူတွေ မျှော်လင့်ချက်ရောင်ခြည်မတွေ့ရရင် ရေရှည်သွားဖို့ ခက်ခဲလိမ့်မယ်။ ပြည်သူတွေရဲ့ထောက်ပံ့မှုလည်း လျော့ကျသွားနိုင်တယ်။ စစ်အင်အားဝန်ရံမှုကလည်း နည်းသွားနိုင်တယ်။ တကယ်တော့ ထမင်း၊ ဟင်းတွေထက် တို့မွန်ပြည်သူက မျှော်လင့်ချက်တွေပိုလိုအပ်နေတယ်။ လွပ်လပ်ခွင့်ဆိုတဲ့ မျှော်လင့်ချက်ရှိမှ စစ်ထဲဝင်နိုင်မယ်၊ ထောက်ပံ့နိုင်မယ်လို့ ကျမမြင်တယ်။

မွန်နိုင်ငံရေးသုံးသပ်သူ အမျိုးသားတစ်ဦး

NMSP – ADက ခွဲထွက်လာကတည်းက စစ်ရေးအရတိုက်ခိုက်သွားဖို့လမ်းစဉ်ကို ရွေးခဲ့တာကို ကျနော်တို့အာလုံး သိတယ်။ ခုဆို စစ်အင်အားစုစည်းမှုတွေ ရန်ပုံငွေရှာဖွေမှုတွေ မွန်ပြည်သူတွေက သူတို့အပေါ်ထောက်ခံမှုတွေ စစ်ရေးလှုပ်ရှားမှုတွေ အများကြီးတိုးတက်လာတာကို တွေ့ရတယ်။ စစ်က ဒီအတိုင်းလိုက်တိုက်နေလို့မရဘူး ပေါ့နော်။ ဗျူဟာတွေနဲ့တိုက်မယ် ပြည်သူတွေပြောသလိုလဲ လိုက်တိုက်နေလို့မရဘူး။ NMSP-AD ခေါင်းဆောင် တွေကလည်း ချင့်ချိန်လုပ်နေပါတယ်။ ဒါပေမဲ့ တိုက်တော့မယ်ဆို နိုင်လဲနိုင်သွားအောင် ပြည်သူလူထုလဲ အထိအခိုက်နည်းအောင် ကိုယ့်အသုံးစရိတ်ပစ္စည်းတွေ ကုန်ကျနည်းအောင် ဗျူဟာလဲကောင်းအောင် တိုက်ရမယ် ပေါ့နော်။

ပြီးရင် စစ်အင်အားများအောင်လုပ်ရမယ်၊ စစ်ရေးနဲ့ဆိုင်တဲ့ အရည်အချင်းတွေ ရှိထားရမယ်။ ဒါတွေ NMSP-AD အနေနဲ့ ပိုလုပ်ပေးရမယ်လို့ ကျွန်တော်မြင်တယ်။ အဲဒီထဲမှာ ဒရုန်းကျွမ်းကျင်မှုတွေ ခေတ်မှီတဲ့အတတ်တွေ တတ်ထားသင့်တယ်။ ဒါအပြင် ကိုယ့်နယ်မြေကိုချဲ့ကားနိုင်အောင် မရတဲ့နေရာတွေရနိုင်အောင် ကြိုးစားရမယ်။ နောက်တစ်ခုက မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ကြားမှာလည်း အထင်လွှဲမှားမှုတွေ မရှိအောင် ပြဿနာတွေမရှိအောင် သေချာလုပ်ဆောင်ထားရမယ်။ အခုဆို စစ်ရေးအခြေအနေက ပိုပြင်းထန်သွားဖို့ရှိတယ်။ အဲဒီတော့ NMSP အနေဖြင့် စစ်အင်အား၊ လက်နက်အင်အား ပြင်ဆင်ထားရမယ်လို့ ကျွန်တော်မြင်တယ်။

မွန်ဝါရင့်သတင်းသမားတစ်ဦး

အခုဆို NMSP – AD က ဖွဲ့စည်းလာတာ တစ်နှစ်ပြည့်သွားပြီပေါ့နော်။ အင်အားက အသင့်အတင့်ရှိတယ်။ မွန်လက်နက်ကိုင်အဖွဲ့တွေထဲမှာဆို အင်အားအကြီးဆုံးပဲလို့ပြောလို့ရတယ်။ အခြားမွန်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စာရင် NMSP-AD က ပြည်သူလူထု ယုံကြည်ကြတာများနေတာကို တွေ့ရတယ်။ ဘာလို့လဲဆိုတော့ မွန်ပြည်သစ် ပါတီနာမည်ပါတယ်။ မွန်ပြည်သစ်ပါတီက ခေါင်းဆောင်အဆင့်ဆင့်တွေရဲ့ ကြိုးစားခဲ့မှုတွေလဲပါတယ်ပေါ့နော်။ မွန်ပြည်သစ်ပါတီ (စစ်အဏာရှင်တိုက်ဖျက်ရေး) ဖြစ်လာပြီးဆိုတာနဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေ မွန်ပြည်နယ် မှာ ကိုယ့်ကြိုက်သလိုလုပ်မယ်ဆိုတဲ့ဟာတွေက နည်းသွားတယ်။ တိတ်ဆိတ်သွားတယ်။ ကောင်းတာက ဖရိုဖရဲ မဖြစ်သွားဘူးပေါ့နော်။ အခုဆို ပူပေါင်းတပ်ဖွဲ့အနေနဲ့ စစ်ဆင်ရေးလုပ်နေတာဆိုတော့ ပစ်စလက်ခတ်တွေ မဖြစ်ဘူး။ ချင့်ချိန့်ပြီ လုပ်နေကြတယ်။

ဒါပေမဲ့ ပြည်သူတွေ အဘက်ဘက်ကနေပါဝင်လာအောင် NMSP-AD နေနဲ့ စည်ရုံးရေးတွေ ပိုမိုလုပ်ဆောင်သင့် တယ်လို့ ကျွန်တော်မြင်တယ်။ ပြောရရင် စစ်အင်အားတွေပိုများသင့်တယ် သောင်းနဲ့ချီလေကောင်းလေပဲ။ ဒါမှ တိုက်ပွဲဝင်သွားဖို့ တနေကျ ကိုယ်နယ်မြေကို အုပ်ချုပ်နိုင်ဖို့ အင်အားများမှရမယ်။ ပြီးရင် တာန်ရှိသူအချို့က စစ်သားများရင် မကျွေးမွေးနိုင်ဘူး၊ လက်နက်ပစ္စည်းတွေ မပေးနိုင်ဘူး၊ ဒါလည်းမဖြစ်သင့်ဘူး။ စစ်တိုက်တော့ မယ်ဆို လူလဲနိုင်ဖို့ စစ်အင်အား အများကြီးလိုတယ်။ ရနိုင်သမျှတော့ ယူထားရမယ်။ နောက်တစ်ခုက ကိုယ့်အင်အားဘယ်လောက်ရှိလဲဆိုတာကို မဟာမိတ်တွေ၊ မင်းအောင်လှိုင်တို့ကို ပြပေးနေရမယ်။ ဒါမှ သူတို့က ကိုယ့်ပြည်သူအပေါ်ခြိမ်းခြောက်မှုတွေ မလုပ်ရဲမှာ။

နောက်တစ်ခုက AD အနေနဲ့ စစ်အင်အားကောင်းလာအောင် ဘာတွေလုပ်သင့်လဲ။ ဥပမာ- ကျိုက်မရောမြို့နယ်က ထိုင်းဘိလပ်မြေစက်ရုံ (SCG) ကို ယူထားသင့်တယ်။ ထိုင်းသူဌေးတွေနဲ့ တွေ့ဆုံဆွေးနွေးပြီ ကုမ္မဏီကို လုံခြုံရေး ယူထားပေးမယ်လို့ ပြောလို့ရတယ်၊ သူတို့လက်ခံလိမ့်မယ်။ သူတို့နဲ့ပြေပြေပြစ်ပြစ် ဆက်ဆံနိုင်မယ်ဆိုရင် အခွန်တွေ ကောက်လို့ရမယ်။ ပြီးရင် စစ်ရေးလိုအပ်ချက်ဖြစ်တဲ့ ကျည်ဆံတွေလည်းတောင်းလို့ရတယ်။ အဲဒီတော့ အဲဒီကုမ္မဏီကို ရအောင်ယူသင့်တယ်။ အဲဒီလိုပဲ ရေးမြို့နယ်က ပင်လယ်ဆိပ်ကမ်းဖြစ်ဖြစ် ရေနက်ဆိပ်ကမ်း ဖြစ်ဖြစ် နိုင်ငံခြားသူဌေးတွေ လုပ်ဖို့ရှိတဲ့နေရာတွေ အကုန်လုံးယူထားသင့်တယ်။ ဒါမှ သူတို့ဆီကနေ ပိုက်ဆံတွေ ရမယ်။ စစ်ရေးအတွက် အသုံးပြုနိုင်မယ်။

အရပ်ဖက်အဖွဲ့အစည်းမှ မွန်အမျိုးသမီးတစ်ဦး

ခြုံကြည့်မယ်ဆိုရင် မွန်မှာ မွန်ပြည်သူ့တပ်ဦးနောက်ပိုင်းဆိုရင် မွန်ပြည်သစ်ပါတီက အင်အားအကြီးဆုံး ဖြစ်လာတယ်။ ခေါင်းဆောင်ပိုင်းတွေက လွတ်လပ်ခွင့်ဆိုင်ရာ လှုပ်ရှားမှုတွေကို အစဉ်အဆက် ဦးဆောင်ကြိုးပမ်း လာတာကို တွေ့ရတယ်။ ပြီးရင် စစ်ကောင်စီကအာဏာသိမ်းသွားတယ်။ ဒါကြောင့် တပ်ဖွဲ့သစ်တွေ ပေါ်ပေါက်လာတယ်။ အဲဒီထဲမှာမှ စစ်အာဏာရှင်တိုက်ဖျက်ရေးဆိုပြီ မွန်ပြည်သစ်ပါတီဆီကနေ NMSP-AD ဆိုပြီး ပေါ်ထွက်ခဲ့တယ်။

NMSP-AD ထွက်ခွာလာတည်းကဆို စစ်အာဏာရှင်ဆန့်ကျင်တဲ့ အခြားမွန်လက်နက်ကိုင်တပ်ဖွဲ့တွေလဲ ရှိနေပြီ။ သူတို့ထွက်လာပြီး နောက်ပိုင်းအကြာမှာ မွန်တပ်ဖွဲ့တွေ ပြန်လည်းစုစည်းသွားကြတာကို တွေ့ရတယ်။ မွန်တော်လှန်ရေးအင်အားအတွက် ခွန်အားပိုရှိလာတယ်။ ဒါပေမဲ့ ဒီစုစည်းမှုထဲမှာမှ မွန်တပ်တော်တစ်ခု ဖြစ်လာဖို့ မလွယ်ဘူး။ အဲဒီတော့ ခုအခြေအနေက နည်းနည်းရှုပ်သေးတယ်၊ မပြောနိုင်သေးဘူး။ NMSP-AD အနေနဲ့လည်း တိုက်ပွဲဖော်ဆောင်နေတာတွေ တွေ့ရတယ်။ ပြည်သူအနေနဲ့ တိုက်ပွဲဖြစ်ပြီဆိုရင် အထိအခိုက်ရှိတယ်။ ဒါပေမဲ့ တိုက်ပွဲရဲ့အကျိုးအမြတ်တွေကို ပြည်သူတွေမြင်ဖို့လိုတယ်။ တိုက်ပွဲအကျိုးအမြတ်တွေသာ မြင်ရရင် အထိအခိုက်တွေက မပြောပါ့လောက်ပါဘူး။

IMNA ပေးပို့သည်။