နာမည်ကျော်သမိုင်းဝင် မင်းကွန်းခေါင်းလောင်း၊ ပုထိုးတော်ကြီးနှင့် မြသိန်းတန်ဘုရားရှိသည့် မင်ကွန်းရွာ မီးရှို့ဖျက်ဆီးခံရသည့် အခြေအနေနှင့်ပတ်သက်ပြီး စစ်ကိုင်းမြို့ခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် နာမည်ကျော်သမိုင်းဝင် မင်းကွန်းခေါင်းလောင်းနှင့်ပုထိုးတော်ကြီးရှိသည့် မင်းကွန်းရွာ နှင့် မြသိန်းတန်ဘုရားနားရှိ ရှားရောင်းရွာတို့ကို ဇူလိုင် ၂၃ ရက်က စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်လာပြီး ရွာထဲရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပါသည်။
ယင်းနောက် စစ်ကြောင်းလာချိန် ထွက်ပြေးခွင့်မရသည့် ဒေသခံအရပ်သား ၄၀ နီးပါးကို စစ်ကောင်စီက ဖမ်းထားခေါ်ဆောင်သွားတာကြောင့် မင်းကွန်းရွာနှင့် ရှားရောင်းရွာတို့၏ လက်ရှိအခြေအနေများကို စစ်ကိုင်း မြို့နယ်အရေးဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး စစ်ကိုင်းမြို့ခံတစ်ဦးလည်းဖြစ်သည့် ကိုမုတ်ဆိတ် (အမည်လွှဲ) ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ မင်းကွန်းရွာကို စစ်ကောင်စီတပ်ဘက်က မီးရှို့ခဲ့တဲ့အခြေအနေကို ပြောပြပါဦး။
ဖြေ။ ။ ဇူလိုင် ၂၃ ရက်၊ မနက် ၁၁ နာရီကျော်လောက်မှာပဲ မင်းကွန်းရဲစခန်းက စစ်တပ်အဖွဲ့တွေ၊ ရဲတွေနဲ့ ပျူစောထီးတွေပေါင်းပြီး မီးရှို့သွားတာ။ သူတို့အင်အားက တစ်ရာလောက် ရှိမယ်။ မင်းကွန်းဆရာတော်ကြီး ကျောင်းနားက အိမ်တွေနဲ့ မြသိန်းတန်ဘုရားဝန်းကျင်၊ မင်းကွန်းတောင်ရွာ၊ မြောက်ရွာ၊ ရှားစောင်းရွာတို့ကို နေရာလေးနေရာ ခွဲပြီး မီးရှို့ခဲ့တာ။ ရှို့တာ အိမ်ခြေ ၃၀ ကျော်လောက် လောင်ကျွမ်းသွားတယ်။ မင်းကွန်းဆရာတော်ကြီးကျောင်းနားက အိမ် ၄ လုံးနဲ့ ရှားရောင်းရွာက အိမ် ၂၈ လုံး ပါသွားတယ်။ ရှားရောင်းရွာ က မြသိန်းတန်စေတီနားကရွာပဲ။
မေး။ ။ မီးမရှို့ခင်မှာ စစ်အုပ်စုဘက်ကလူတွေ ပစ်ခတ်ခံရသေးတယ်လို့ သိရတယ်။ အဲ့ဒါရော ဟုတ်ပါလား။
ဖြေ။ ။ ဟုတ်တယ်။ အဲ့ဒီနေ့ (ဇူလိုင် ၂၃) မနက်အစောပိုင်းမှာပဲ မင်းကွန်းရွာ ရဲစခန်းကထွက်လာတဲ့ ရဲနဲ့ ပျူစောထီး နှစ်ယောက် လက်ဖက်ရည်ဆိုင်ထိုင်နေချိန်မှာ ဒီဘက်က တော်လှန်ရေးအဖွဲ့တခုက ဝင်ပစ်တာ။ အဲ့ဒါ သေသွားတယ်ပေါ့။ ပစ်ခံရတဲ့ရဲက နှစ်ပွင့်ဗိုလ်လို့ပြောတယ်။ အဲ့ဒီနောက်ပိုင်းမှာ သူတို့က အင်အားဖြည့်ပြီး ရွာကို မီးဝင်ရှို့တာ။ လူတွေလည်း ဖမ်းသွားတယ်။ မီးရှို့ပြီးချိန်မှာလည်း သူတို့ (စစ်အုပ်စု) က ချက်ခြင်းမပြန်ဘူး။ အိမ်တွေလောင်တာကို စောင့်ကြည့်နေသေးတယ်။ မီးလာငြှိမ်းတဲ့သူတွေကို သတ်ပစ်မယ်ဆိုပြီးလည်း ခြိမ်းခြောက်တယ်။

ပုံစာ – ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က စစ်ကိုင်း၊ မင်းကွန်းရွာကို စစ်ကောင်စီ မီးရှို့အပြီးမြင်တွေ့ရစဉ်။
မေး။ ။ ဖမ်းခံထားရတာကရော ဘယ်သူတွေပါလဲ၊ ဘယ်နှစ်ယောက်လောက်ရှိပါလဲ။
ဖြေ။ ။ ဖမ်းခံထားရတာက လောလောဆယ် အယောက်လေးဆယ်လောက်လို့ ကြားတယ်။ ဒါပေမယ့် မသေချာ သေးဘူး၊ အခြေအနေတွေက ရှုပ်ထွေးနေတုန်းရှိသေးတယ်။ အဲ့ဒီစစ်အုပ်စုစစ်ကြောင်း ပြန်ထွက်တော့လည်း တော်လှန်ရေးအဖွဲ့တွေက မိုင်းဆွဲသေးတယ်။ အဲ့ဒီမှာလည်း သူတို့ (စစ်အုပ်စု)ဘက်က ထပ်ထိသေးတယ်ကြား တယ်။ ဖမ်းခံထားရတာကတော့ ပုထိုးတော်ကြီးပတ်လည် စျေးတန်းကလူတွေကို ဖမ်းသွားတာ။
မေး။ ။ လက်ရှိမှာရော စစ်အုပ်စုစစ်ကြောင်းရော ရှိနေပါသေးလား။
ဖြေ။ ။ သူတို့ကတော့ မီးရှို့ပြီးတော့ ပြန်ထွက်သွားပြီး ရဲစခန်းထဲကိုပြ န်ဝင်သွားကြတယ်။ လောလောဆယ် နှစ်ဖက်တိုက်ပွဲတော့ မဖြစ်သေးပေမယ့် စောင့်ကြည့်နေကြတဲ့ အနေအထားလိုမျိုး ဖြစ်နေသေးတယ်။ သူတို့ (စစ်အုပ်စု) ဘက်ကလည်း ထပ်လာပြီး မီးရှို့နိုင်သေးတယ်။ သူတို့ဘက်က အထိနာထားတော့ ပြည်သူတွေကို မဲတော့မှာလေ။ သူတို့ထွက်လာရင်လည်း ဒီအတိုင်း လူနည်းနည်းပဲ မထွက်လာရဲလောက်ဘူး။ အင်အားပြန်စုပြီးတော့မှ ထွက်လာရဲမှာ။

ပုံစာ – ဇူလိုင် ၂၃ ရက်က စစ်ကိုင်း၊ မင်းကွန်းရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေစဉ် ဧရာဝတီမြစ်တဖက်ကမ်း မန္တလေးမြို့ဘက်ခြမ်းမှ မြင်တွေ့ရပုံ။
မေး။ ။ မင်းကွန်းက သမိုင်းဝင်ရှေးဟောင်းစေတီတော်တွေလည်းရှိတော့ မီးရှို့လိုက်တော့ ဒါတွေထိခိုက် ပျက်စီးမှာရော စိုးရိမ်ရတဲ့အခြေအနေရှိပါလား။
ဖြေ။ ။ စိုးရိမ်ရတာပေါ့ဗျာ။ ဒီကောင်တွေ (စစ်အုပ်စု) က သမိုင်းဝင်လား၊ ဘာလား ဘာမှနားလည်တဲ့ ကောင်တွေမဟုတ်ဘူး။ မဲမဲမြင်ရာ အကုန်လုပ်ချင်နေတာ။ မြသိန်းတန်ဘုရားနားက ဆိုင်ခန်းတွေလည်း မီးလောင်ခဲ့တာရှိတော့ ဒေသခံတွေက ကိုယ့်အိမ်၊ ကိုယ့်ဆိုင်ဆိုတာထက်ပဲ ဒီသမိုင်းဝင်စေတီတော်တွေ ပျက်ဆီးဆုံးရှုံးမှာကို တော်တော်ကြီးကို စိုးရိမ်ပူပန်ကြတယ်။ အားလုံးက တန်ဖိုးထားကြတဲ့အရာ ပျက်ဆီးမှာကို မလိုလားကြဘူး။ ဒါကြောင့် အကုန်လုံး ဘုရားတပြီး နေ,နေကြရတယ်။
မေး။ ။ ဖြည့်စွက်ပြောချင်တာများ ရှိပါသေးလား။
ဖြေ။ ။ မရှိတော့ပါဘူး။ စစ်အုပ်စုကိုသာ အမြစ်ပြတ်အောင် မြန်မြန်တိုက်ပေးကြပါလို့။ ပြည်သူတွေလည်း တနေ့တနေ့ခံရတဲ့ဒုက္ခတွေလည်း များလှပါပြီ။
ရှမ်းနီအသံ ပေးပို့သည်။