4 ဇွန် 2026 /

See today's Peace Related News

Homeအင်တာဗျူး“ဖြစ်ချင်တာထက် ဖြစ်သင့်တာကို လုပ်ရမယ်” ဗိုလ်မှူးချုပ်စောတင်ဝင်း (BGF) နယ်ခြားစောင့်တပ် (BGF)၊ အမှတ် (၂) စစ်ဒေသစစ်ဆင်ရေးမှူး၊ ဗိုလ်မှူးချုပ်စောတင်ဝင်းနှင့် ဆက်သွယ်မေးမြန်းခြင်း

“ဖြစ်ချင်တာထက် ဖြစ်သင့်တာကို လုပ်ရမယ်” ဗိုလ်မှူးချုပ်စောတင်ဝင်း (BGF) နယ်ခြားစောင့်တပ် (BGF)၊ အမှတ် (၂) စစ်ဒေသစစ်ဆင်ရေးမှူး၊ ဗိုလ်မှူးချုပ်စောတင်ဝင်းနှင့် ဆက်သွယ်မေးမြန်းခြင်း

လက်ရှိ စစ်အုပ်စုက သင်္ဃန်းညီနောင်ဒေသနှင့် မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်လိုက်သည့် အခြေအနေအပေါ် BGF ၏ အခန်းကဏ္ဍ၊ စစ်အုပ်စု ရွေးကောက်ပွဲအပေါ် BGF အမြင်သဘောထား စသည်တို့နှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် – BGF၊ အမှတ် (၂)၊ စစ်ဒေသ စစ်ဆင်ရေးမှူး၊ ဗိုလ်မှူးချုပ် စောတင်ဝင်းအား ကေအိုင်စီက ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

မေး။ ။ စစ်အုပ်စု အောင်ဇေယျစစ်ကြောင်းက အခုအာရှလမ်းမကို ထိုးဖောက်လာနိုင်တဲ့အပြင် သင်္ဃန်းညီနောင်နဲ့ လက်ခတ်တောင်တွေကိုလည်း ပြန်လည်ထိန်းချုပ်နိုင်တာဟာ BGF လမ်းကြောင်း အကူအညီပေးမှုလည်း ပါတယ်ဆိုပြီး ပြောဆိုနေကြတာတွေရှိတဲ့အပေါ် ပြောပေးပါအုံး။

ဖြေ။ ။ အဲဒီကိစ္စက မဟုတ်ပါဘူး။ ကျနော်တို့ကို သူများ နာမည်ဖျက်ချင်တာသက်သက်ပဲ။ အဲဒီလို ကျနော်တို့ မလုပ်ပါဘူး။ စစ်တပ်က တောင်ပေါ်မှာ သူတို့ တက်နေတာရှိထားတာကြာပြီ နောက်ပိုင်း အင်အား ပိုတိုးလာတယ်။ သူများမြင်သလို မဟုတ်ဘူး။ ဟိုဘက်က လက်နက်အင်အားတွေလည်း များလာတယ်။ လက်နက်ကြီးတွေ အဆင်မြင့်လက်နက်တွေလည်း များတယ်။ ဒီဘက်ကတော့ ကျည်ဆံတွေ လူအင်အားတွေ သိပ်မပြည့်စုံတာလည်းဖြစ်တယ်။ BGF ကြောင့် စစ်တပ်တွေက ထိုးဖောက်လာနိုင်တယ်ဆိုတာက မဟုတ်ဘူး မဆိုင်ဘူးလေ။ အဲဒါက သူများ လိုက်လျှောက်ပြောတာပါပဲ။

မေး။ ။ အခု စစ်အုပ်စုတပ်တွေက တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာအချို့ကို ပြန်နေရာယူတဲ့အပေါ်မှာ ဘယ်လိုတွေ ဖြစ်လာနိုင်သေးလဲ။

ဖြေ။ ။ အဲဒီတစ်ခုက မထူးဆန်းဘူး၊ ဘာလို့လဲဆိုရင် စစ်တပ်က သူတို့နေရာကို သူတို့ ပြန်ယူတာဖြစ်တယ်။ အခု သင်္ဃန်း ညီနောင် အနီးဝန်းကျင်မှာ‌ သူတို့ ပြန်ထိုင်တယ်။ လေးကေကော်၊ ဝေါ်လေဘက်တော့ မကြားသေးဘူး။ ပြည်သူတွေကတော့ တိုက်ပွဲတွေမရှိရင်တော့ အေးအေးဆေးဆေးနေရမယ်။ အရင်က သူတို့အေးဆေးနေတာပဲ။ ဒါပေမယ့် အခုတိုက်ပွဲတွေဖြစ်တော့ ပြည်သူက နေရပ်စွန့်ပြီး လိုက်ရှောင်ရတာပေါ့။

မေး။ ။ စစ်အုပ်စုလုပ်မယ့် ရွေးကောက်ပွဲကို BGF က ကူညီမယ်ဆိုပြီး ထုတ်ပြန်ထားချက်အပေါ် ဝေဖန်မှုတွေကို ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ စစ်အုပ်စုလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးအရင်တုန်းက ပြည်တွင်းမှာရှိတဲ့ လူထုတွေအတွက် ကျနော်တို့က ကြည့်ပြီး ထုတ်ပြန်ချက်ထုတ်တာရှိခဲ့တယ်‌။ ဒါပေမယ့် အခုပြည်တွင်း နိုင်ငံရေးအခြေအနေနဲ့ ပြန်ကြည့်တော့ ငြိမ်းချမ်းရေး ရဖို့အတွက်က စစ်တိုက်တာ တစ်ခုထဲမရဘူး။ နိုင်ငံရေးဘက် သွားရမှာပဲ။ ကျနော်တို့လည်း အထဲဘက်မှာနေတော့ စစ်ဖြစ်ရင်ပြည်သူတွေက အခက်အခဲပေါင်းစုံတွေ့ပြီး ထွက်ပြေးတိမ်းရှောင်ရတယ်။

ကျနော်တို့သွားတဲ့လမ်းစဉ်ကတော့ ကျနော်တို့ကြောင့် ပြည်သူတွေ ဝန်ထုပ်ဝန်ပိုးဖြစ်လာမှာ မဖြစ်စေချင်ဘူး။ အရင်တုန်းကလည်း ကျနော်ပြောဖူးတယ်။ ပြည်သူတွေ အခက်အခဲဖြစ်မှာကို မလိုလားဘူး။ နောက်ပြီး ဒီ ရွေးကောက်ပွဲကို ကျနော်တို့ကူညီပေးနိုင်သလောက် ကူညီမယ် ပြည်သူတွေက စစ်ရှောင်ရတာများနေပြီး တစ်ခုခုဆိုရင် ကျနော်တို့ဦးနှောက်နဲ့ စဉ်းစားရမယ်။ အရေးကြီးဆုံးက ကျနော်တို့ ပြည်သူလူထုတွေ ထွက်ပြေးတိမ်းရှောင်ရတာမဖြစ်ဖို့ပဲ ဖြစ်တယ်။

မေး။ ။ စစ်အုပ်စု လုပ်ဆောင်မယ့် ရွေးကောက်ပွဲဟာ အခု နိုင်ငံရေးပြဿနာအခြေအနေကို ဖြေရှင်းပေးနိုင်မယ်လို့ ထင်လား ဘယ်လိုမြင်လဲ။

ဖြေ။ ။ နိုင်ငံရေးပြဿနာက ချက်ချင်းဖြေရှင်းလို့ရတဲ့ အရာမဟုတ်ဘူး၊ တစ်ဆင့်ပြီးတစ်ဆင့် သွားရမယ်။ အရင်တစ် ခေါက်က ရွေးကောက်ပွဲပြဿနာတွေကြောင့် အခုတိုက်ပွဲတွေ ပဋိပက္ခတွေဖြစ်ရတာ။ မဲမသမာမှုဆိုတဲ့ နောက်ဆက်တွဲပြဿနာတွေကြောင့် ဆန္ဒပြမှုတွေဖြစ်လာပြီး တစ်နိုင်ငံလုံးမှာ ပဋိပက္ခတွေဖြစ်သွားရတာ။ နိုင်ငံရေးလုပ်ဆောင်နေတဲ့လူတွေက အမှန်လုပ်တာနည်းတယ်။ ဒါကြောင့် ကျနော်တို့ကတော့ ပြည်သူလူထု အေးအေးချမ်းချမ်းနေရဖို့ပဲ လုပ်မယ်။

မေး။ ။ ရှေ့ဆက် KNLA၊ တော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်အုပ်စုတပ်ကြား နှစ်ဖက်တင်းမာမှုအခြေအနေ ဘယ်လိုဖြစ်လာနိုင်မလဲ။

ဖြေ။ ။ နှစ်ဖက်တင်းမာမှု ဘယ်လိုဖြစ်လာမလဲဆိုရင် တစ်ဖက်နဲ့တစ်ဖက် ရန်သူလို့သတ်မှတ်နေရင်တော့ တစ်ဖက်နဲ့တစ်ဖက်က လက်နက်အားလုံးရှိတော့ ပဋိပက္ခဖန်တီးရင်တော့ ပဋိပက္ခပဲ ဖြစ်လာတာပေါ့။ မဖန်တီးရင် ဖြစ်လာစရာ အကြောင်းမရှိဘူးလေ။ သေနတ်ဖောက်ပြီးဆိုရင် သူဖောက်ကိုယ်ဖောက်လုပ်မှာပဲ ပြီးမှာမဟုတ်ဘူး။

မေး။ ။ မြဝတီအာရှလမ်းကို စစ်အုပ်စု ဘယ်လောက်ထိန်းချုပ်နိုင်ပြီးလဲ အာရှလမ်းဖွင့်ဖို့က ဘာကြားသေးလဲ။

ဖြေ။ ။ ကျနော်ကြားသလောက်တော့ သူတို့ လုံခြုံရေးတွေချထားတယ်။ ကော့နွဲတံတားတွေ ပြန်ဆောက်တယ်လို့တော့ သိရတယ်။ လမ်းဖွင့်ဖို့အခြေအနေတော့ ကျနော်ဘာမှ မကြားရသေးဘူး။

မေး။ ။ ဒီလ ၆ ရက်နေ့ကစပြီး စစ်အုပ်စု ပြန်ဝင်လာတဲ့အပေါ်မှာ သင်္ဃန်းညီနောင်အနီးနားဝန်းကျင် ရွာပေါင်း ၁၀ ရွာ လောက်က ထွက်ပြေးတိမ်းရှောင်နေရတယ် အဲဒီအပေါ်ဘာပြောချင်လဲ။

ဖြေ။ ။ ခုနကပြောသလိုပဲ တိုက်ပွဲဖြစ်ရင် အနီးနားရွာကလူတွေက ထွက်ပြေးရတယ်။ တိုက်ပွဲဖြစ်တော့ ပြည်သူတွေပဲခံရတယ်။ နို့ဖိုး-ထီးမူးထရွာလိုပဲ တိုက်ပွဲဖြစ်ရင်တော့ ဘယ်နေလို့ရမလဲ၊ တိုက်ပွဲဖန်တီးရင်တော့ ပြည်သူတွေပဲ ခံရတယ်။ မဖန်တီးရင် ဒေသခံလူထုတွေက ဆိုးကျိုးခံစားရမှာ မဟုတ်ဘူး။

မေး။ ။ ဒီ မြဝတီ-ကော့ကရိတ် အာရှလမ်းကို စစ်အုပ်စု ပြန်ထိန်းချုပ်နိုင်တာဟာ BGF က ကိုယ်ကျိုးစီးပွားပတ်သက်မှုကြောင့် ကူညီတာဆိုပြီး ပြောဆိုနေကြတဲ့အ‌ပေါ် ဘာပြောချင်လဲ။

ဖြေ။ ။ ကိုယ်ကျိုးစီးပွာရေးတစ်ခုမှ ပတ်သက်မှုမရှိပါဘူး ဆိုင်လဲမဆိုင်ဘူး။ အာဏာရှင် စစ်တပ်ဆိုတာက သူတို့အလုပ် သူတို့လုပ်နေမှာပဲ။ ကျနော်တို့ အဖွဲ့အစည်း စီးပွားရေးတစ်ခုမှ ပတ်သက်ဆက်နွယ်မှုမရှိဘူး။ ကျနော်တို့စီးပွားရေးကလည်း အခုမှရှိလာတာမဟုတ်ဘူး။ ရှိခဲ့တာကြာပြီး။ အဲဒီကိစ္စက မဟုတ်ဘူး၊ ဘာမှမဆိုင်ပါဘူး။ ခုနကပြောသလိုပဲ စစ်တပ်ဘက်က အဆင်မြင့်နည်းပညာဒရုန်းတွေနဲ့သုံးတယ်။ အဆင့်မြင့်လက်နက်တွေသုံးတယ်။ တော်လှန်ရေးတပ်ဘက်ကတော့ သူတို့မှာ လက်နက်အင်အား၊ လူအင်အား အဲလောက်မရှိဘူး။ အဲဒါပဲကျန်တာ ဘာမှ ထူးထူးဆန်းဆန်းမရှိဘူး။ ဘာစီးပွားရေးမှ မဆိုင်ဘူးလို့ ပြောချင်တယ်။

မေး။ ။ စစ်အာဏာရှင်စနစ် ပြုတ်အောင် KNU၊ BGF ၊ DKBA စတဲ့ လက်နက်ကိုင်တွေက ဒီအချိန်မှာ အတူတကွလက်တွဲပြီး တိုက်ခိုက်သင့်တယ်လို ပြည်သူတွေက ပြောနေကြတယ်။ တစ်ဖက်မှာ BGF က စစ်အုပ်စု ရွေး ကောက်ပွဲကို ကူညီမယ်ဆိုတော့ ပြည်သူတချို့က ဒါကို လက်မခံနိုင်ဘူးပေါ့၊ အဲဒီအပေါ်မှာဘာ ပြောချင်လဲ။

ဖြေ။ ။ ပြောရမယ်ဆိုရင် ကျနော်တို့ပြည်သူတွေက နေထိုင်တဲ့နေရာမတူဘူး။ တချို့က ပြည်တွင်းထဲမှာနေတယ်။ တချို့က အပြင်မှာနေတယ်။ တချို့က ရွေးကောက်ပွဲကို အားပေးတဲ့သူရှိတယ်။ တချို့က တော်လှန်ရေးတပ်ဖွဲ့နဲ့နီးတော့ တော်လှန်မယ်ဆိုပြီး စိတ်ဖြစ်တယ်။ ခံယူချက်တွေ၊ လိုလားချက်တွေက မတူကြဘူး။ လိုအပ်ချက်နဲ့ လိုချင်တာက ဘယ်လိုမှ ပြည့်ပြည့်ဝဝ မရနိုင်ဘူး။ ဒါကြောင့် ကိုယ်လိုချင်တာကိုသေချာပြန်ကြည့်ပြီး သင့်တဲ့အရာကို ယူရမယ်။ လုပ်နိုင်တဲ့အဆင့် လောက်ကို ကြိုလုပ်ထားရမယ်။ ပြည့်ပြည်ဝဝ မရနိုင်တဲ့အတွက် ကိုယ်လုပ်နိုင်သလောက်ပဲလုပ်ထားတာ ကောင်းတယ်။ မြန်မာစကားဖြစ်တဲ့ ‘ဖြစ်ချင်တာထက် ဖြစ်သင့်တာကို လုပ်ရမယ်’ ဆိုသလိုပဲ လုပ်ရမယ် ဖြစ်ချင်တာတွေက အများကြီးဖြစ်ချင်တာပေါ့။ ဒါပေမယ့် ဖြစ်သင့်သလောက်ပဲ လုပ်ရမယ်လို့ ပြောချင်ပါတယ်။

ကေအိုင်စီ