ကချင်ပြည်နယ် တစ်ခုလုံးအတိုင်းအတာနှင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေသည်မှာ လက်ရှိအချိန်ထိ ၃ ပတ်ကျော် ကြာမြင့်လာပြီဖြစ်သည်။ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည် တစ်ပြည်နယ်လုံးနီးပါး ဇူလိုင်လ၂၁ ရက်နေ့ကစ၍ ဖုန်းနှင့် အင်တာနက်လိုင်းအားလုံး ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။
မြစ်ကြီးနားမြို့ လယ်ကုန်း၊ ကျွန်းပင်တာ၊ ဒူကထောင်၊ စီတာပူ၊ အစိုးရရုံး ပတ်ဝန်းကျင်နှင့် MPT အော်ပရီတာရုံး အနီးနားဝန်းကျင်နှင့် မြို့တွင်းနေရာတချို့တွင် MPT ဖုန်းလိုင်း အကန့်အသတ်နှင့် ရရှိနေပြီး ကျန်ဖုန်းလိုင်းများ အားလုံး ပြတ်တောက်နေဆဲဖြစ်သည်။
လူဦးရေ ၁ သန်းကျော်၊ ခရိုင် ၄ ခု၊ မြို့နယ် ၁၈ မြို့နယ်နှင့် ဖွဲ့စည်းထားသည့် ကချင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း မကြာခဏဆိုသလို ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်မှုတွေ ရှိပေမယ့် ယခုအကြိမ် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်မှုသည် အချိန်အကြာမြင့်ဆုံး ဖြစ်နေသည်ဟု ဒေသခံတို့က ပြောပါသည်။
ယနေ့ခေတ်ကာလ လှုမှုဆက်သွယ်ရေးနှင့် လူမူစီးပွားဆိုင်ရာတွင် ဖုန်းနှင့် အင်တာနက်ကို အားထားအသုံးပြု နေရချိန်တွင် ယခုလို ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေမှုသည် ဒေသခံတို့အတွက် များစွာ အခက်ကြုံနေကြရသည်ဟု ပြောဆိုကြသည်။ ထိုအခြေအနေများနှင့် ပတ်သက်ပြီး မြစ်ကြီးနားဒေသခံပြည်သူတို့၏ စကားသံများကို စုစည်းဖော်ပြ လိုက်ပါသည်။
အွန်လိုင်းဈေးရောင်းဈေးဝယ်လုပ်ငန်းလုပ်ကိုင်နေသူ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦး

“စားဖို့သောက်ဖို့လည်း ခက်ခဲနေတယ်။ အလုပ်ကလည်းအွန်လိုင်းနဲ့ပဲ လုပ်တာဆိုတော့ အခုကဖုန်းလိုင်းလည်းမရ ဟိုသွားဒီသွားလုပ်ဖို့ အရေးပေါ် ဖုန်းဆက်မယ်ဆိုရင်တောင် အရမ်းကိုခက်ခဲတယ်။ သတင်းတွေကတော့ တီဗီက လာတဲ့ဟာတွေပဲ နားထောင်နိုင်တာပေါ့။ သတင်းတွေကလည်း မှန်လားမှားလား မသိရဘူး။ Kpay ကပိုက်ဆံတွေ ဆိုရင်လည်း လိုင်းမရတော့ ထုတ်လို့မရဘူးပေါ့။ ပြီးတော့ သူများတွေလိုင်းရတယ်လို့ ပြောတဲ့နေရာတွေမှာလည်း လိုက်သွားကြည့်တော့ မိုးကရွာ၊ ဆီကကုန်နဲ့ ဒုက္ခတွေရောက်ရတယ်။ ကြာအုံးမယ်ဆိုရင်တော့ အွန်လိုင်းရှိတဲ့ နေရာကို ပြောင်းဖို့ တွေးနေတယ်။ ဒီမှာပဲ နေနေရင်တော့ အွန်လိုင်းကနေ အလုပ်လုပ်တဲ့သူတွေအတွက်တော့ အဆင်မပြေဘူး။ ဘာမှလည်း မတတ်နိုင်တော့ဘူး၊ အခုက စောင့်တော့စောင့်နေတာပေါ့။ ဟိုတခေါက်တုန်း ကလည်း အဲလိုလိုင်းပြတ်ပြီး ခနလေးနဲ့ ပြန်ရတာဆိုတော့ ဒါပေမယ့်လည်း ဒီတစ်ခေါက်တော့ အရမ်းကြာသွား တာပေါ့။ ဒုက္ခရောက်တဲ့အချိန်လည်း လူက ဘယ်ကိုထွက်ပြေးပြီး ဘယ်ကိုသွားရမလဲဆိုတာ တွေးနေတဲ့လူတွေ အရမ်းများတယ်”
ကုန်စုံဆိုင်ရောင်းသူ အမျိုးသမီးတစ်ဦး

“အခုက ဖုန်းလိုင်းမရတဲ့အတွက် ကျွန်မတို့ ငွေထုတ်ဖို့လည်း အရမ်းခက်ခဲတယ်။ ပြီးတော့ ဘာသတင်းမှလဲ မကြားတော့ဘူး။ ဘယ်သူနဲ့မှလည်း အဆက်အသွယ် မရတော့ဘူး။ ဘာပဲလုပ်လုပ် အဆင်မပြေဘူး။ ဒါပေမယ့်လည်း ဒီနှစ်ရက်သုံးရက်ကတော့ လျှပ်စစ်မီးပုံမှန်လာနေတော့ ဖုန်းအားလေးတော့ သွင်းလိုက်ရတယ်။ ဟိုရက်တုန်းကတော့ လျှပ်စစ်မီးရော ဖုန်းလိုင်းရော ဘာမှကို အဆင်မပြေဘူးဖြစ်သွားတယ်။ အင်တာနက်ကတော့ ပြောမနေနဲ့ အင်တာနက်လိုင်းမရှိတော့ ငွေထုတ်ဖို့လည်း အရမ်းခက်တယ်။ အခုလောလောဆယ် စစ်ရေးနဲ့ ပက်သက်ပြီးတော့လည်း ဘာအသံမှ မကြားဘူး။ ဒါပေမယ့်လည်း ညတိုင်းလက်နက်ကြီးသံ ကြားရတယ်။ ည ၉ နာရီ ၁၀ နာရီလောက်ဆို အမြဲကြားရတယ်။ ဒီလိုပဲ ဆက်ဖြစ်နေမယ်ဆိုရင် ကျွန်မတို့က ရူးလာမယ်ထင်တယ်လို့ ခံစားနေရတယ်။ သွားရမလို လာရမလို ထိုင်ရမလိုနဲ့ ဈေးလည်း ဝယ်ရမလို မဝယ်ရမလိုလို ဖြစ်နေတယ်”
လယ်ကုန်းက လူငယ်တစ်ဦး

“ငွေထုတ်ငွေလွှဲကတော့ အရမ်းခက်နေတာပေါ့။ တဆင့်ခံ ဖြစ်သွားပြီ။ သူတို့က ရန်ကုန်မှာရှိတဲ့အတွက် ပြောရမယ်ဆိုရင် သူတို့ဆိုင်က ရန်ကုန်မှာလည်း ဒီမှာလည်းရှိတဲ့အတွက် ရန်ကုန်ကဆိုင်မှာ ငွေလွှဲလိုက်လို့ရှိရင် ကျွန်တော်တို့က ဒီကဆိုင်မှာ ပြန်ထုတ်လို့ရတာပေါ့ တဆင့်ခံပေါ့။ မြစ်ကြီးနားမှာက အင်တာနက်လိုင်းမရတော့ ထုတ်ကိုထုတ်လို့မရ ဖြစ်နေတာ။ မြစ်ကြီးနားမှာလည်း လေဆိပ်ပိတ်မယ်ဆိုပြီး ကောလဟာလ ထွက်နေတယ်။ ၁၈ ရက်နေ့ အထိပဲဖွင့်ပြီး အဲဒီနောက်တော့ လေယာဉ်အတက်အဆင်း မရှိတော့ဘူးဆိုပြီး မှန်လားမှားလား ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူး။ ကျွန်တော်တို့က သတင်းတွေလည်း ဘာမှမရဘူး။ SKY NET တို့ မြဝတီ တို့က သတင်းတွေပဲလာတယ်။ သူတို့ရဲ့သတင်းတွေက ကျွန်တော်တို့က ပြန်မကြည့်ချင် LAIZA FM က သတင်းတွေတော့ ရေဒီယိုက နားထောင်တယ်”
လယ်ကုန်းရပ်ကွက်က မိခင်တစ်ဦး

“ဖုန်းလိုင်းမရတော့တဲ့အတွက် ဟိုဘက်ကမ်းဒီဘက်ကမ်း ဝိုင်းမော်ဘက်ကိုအထိပဲ ဆက်သွယ်မယ်ဆိုရင်တောင် တကူးတက ဝိုင်းမော်ထိသွားပြီး ပြောရတယ်။ အရင်တုန်းကလို ဖုန်းလိုင်းမရှိတဲ့ခေတ်ကလို ပြန်နေနေရတယ်။ ကျွန်မတို့မြစ်ကြီးနားက ပြီးတော့ ဟိုဟိုဒီဒီ ပစ္စည်းတွေမှာပြီး ရောင်းတဲ့သူတွေလည်း ပစ္စည်းတွေ မှာလို့မရ ဈေးရောင်းစားတဲ့သူတွေလည်း ဖုန်းလည်းမရှိတော့ အရမ်းခက်ခဲသွားတယ်။ ပြီးတော့ ဖုန်းနဲ့အဆက်အသွယ် လုပ်ပြီး အရောင်းအဝယ်လုပ်တဲ့သူတွေနဲ့ အွန်လိုင်းကနေ ဈေးရောင်းစားတဲ့သူတွေလည်း အရမ်းဒုက္ခရောက် သွားတယ်။ ပြီးတော့ WAVE MONEY နဲ့ KPAY တွေကနေ ငွေထုတ်ချင်တဲ့သူတွေအတွက် ငွေထုတ်ရခက်တော့ အရမ်းကို ဒုက္ခရောက်နေတယ် ကျွန်မတို့မြစ်ကြီးနားကတော့လေ။”
စီတာပူဒေသခံအမျိုးသားတစ်ဦး

“ကုန်ဈေးနှုန်းကတော့ နှစ်ဆသုံးဆလောက် ရှိလာပြီ။ ဟင်းရည်တစ်ခွက် ချက်စားမယ် ဆိုရင်တောင်မှ ၅ ထောင် လောက် ကုန်နေပြီ။ အရင်တုန်းကနေ ၂၀၀၊ ၃၀၀ ရာလောက်ပဲ အခုက ၅ ထောင်လောက် ရှိနေပြီ။ ကြက် ဥတစ်လုံးလည်း ၅၀၀ ရှိသွားပြီ။ မနေ့ကလည်း ပိုက်ဆံ ၃ သောင်းယူပြီးဈေးသွားလိုက်တာ ဘာမှတောင် မဝယ်လိုက်ရဘူး ပိုက်ဆံကကုန်သွားပြီ။ အမဲသားတွေဆိုရင်လည်း အရင်တုန်းက ၁ သောင်း၂ ထောင်။ ၁ သောင်း ၆ ထောင် လောက်ကနေ ၂ သောင်း ၄ ထောင် ဒါတောင်မှ မိုခိုသား မဟုတ်ဘူး။ ရိုးရိုးအသားပဲ။ အခုလိုပဲ တက်နေပြီဆိုရင် ကိုယ်ရတဲ့ အလုပ်လုပ်နေတဲ့သူတွေတောင် တနေ့ထက်တနေ့ စားမလောက် ပြီးတော့ ပြေးရမယ့် အခြေအနေမျိုး ဆိုရင်တောင် ပြင်ဆင်ထားဖို့ ပြောခဲ့ရင်တောင် ပိုက်ဆံကသိတဲ့အတိုင်းပဲ စားတာနဲ့ သုံးတာက မကိုက်နေတော့ ဘာမှတောင် မစုဆောင်းထားနိုင်ဘူး ဖြစ်နေတယ်”
KNG ပေးပို့သည်။