“ ပြည်သူလူထုအတွက် မိုင်းတွေဘာတွေရှင်းလင်းရေး လုပ်ပြီးတော့ ပြည်သူ့အုပ်ချုပ်ရေးကိုတော့ ကျွန်တော်တို့အနေနဲ့ ဆက်ပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်လာအောင်ဆိုပြီးတော့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုပြုနေပြီ ဖြစ်ပါတယ်” ဆလိုင်းထက်နီ-ပြောရေးဆိုခွင့်ရှိသူ၊ CNF/CNA

0
657
ပုံစာ - ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီ

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့က စစ်ကောင်စီတပ်စခန်းနှစ်ခုစလုံးကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး ရိခေါဒါရ်မြို့တစ်မြို့လုံးကို ထိန်းချုပ်ထားလိုက်ပြီဖြစ်ပါတယ်။

စီးပွားရေးနဲ့ စစ်ရေးအရ မဟာဗျူဟာကျတဲ့ ရိခေါဒါရ်မြို့ကို ချင်းအမျိုးသားတပ်ဦး CNF/CNA ဦးဆောင်တဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်က နို၀င်ဘာလ ၁၃ ရက်နေ့မှာ အပြီးသိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ ရိခေါဒါရ်မြို့မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ပြည်သူ့အုပ်ချုပ်ရေး စတင်အကောင်အထည် ဖော်ဆောင်တော့မယ်လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်မတော် CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ရိခေါဒါရ်မြို့မှာ ဘယ်လိုကြောင့် မြို့သိမ်းတိုက်ပွဲကို စတင်ခဲ့တာလဲဆိုတာ အရင်ရှင်းပြလို့ရမလား။

ဖြေ။ ။ ရိခေါဒါရ်မြို့က အမှတ် (၂) အိန္ဒိယ- မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတယ်၊ အဲ့ကုန်သွယ်ရေး လမ်းကြောင်းကို ထိန်းတဲ့မြို့ဖြစ်တယ်။ ဒီနေ့ကျွန်တော်တို့တော်လှန်ရေးက စစ်ကောင်စီအမြစ်ပြုတ်တိုက်ဖို့ဆိုရင် အဲ့ဒီစစ်ရေးနဲ့ စစ်ရေးအပြင် သူ့ကိုအထောက်အပံ့ပြုနေတဲ့ ကုန်သွယ်၊ စီးပွားရေး၊ သံရေးတမံရေးတို့က အစ အဲ့ဒီလိုမျိုး အကုန်လုံးလုပ်ရမှာ ဖြစ်တယ်။ အဲ့ဒါက ကျွန်တော်တို့ရဲ့ ဦးတည်ချက်ပါ စစ်ကောင်စီဖြုတ်ချရေးဖြစ်တယ်။ ပထမဦးဆုံး စစ်ကောင်စီလုပ်ငန်း ယန္တရားမလည်ပတ်နိုင်အောင် ဘက်ပေါင်းစုံကနေ ကျွန်တော်တို့ လုပ်တာဖြစ်တယ်။ အဲ့ဒီမှာ အဲ့ဒီမြို့က အဓိကကျတဲ့မြို့မှာ ပါတယ်။ အဲ့လိုပါတဲ့အတွက် ရိခေါဒါရ်မြို့ကို အဓိက ကျွန်တော်တို့ရွေးပြီးတော့ ဝင်သိမ်းလိုက်တာဖြစ်တယ်။ နောက်တစ်ခု ပြည်သူလူထု တောင်းဆိုချက်ရှိတယ်၊ အခွန်စီးကြပ် ကောက်ခံမူ၊ မူးယစ်ဆေးဝါးရောင်းမူတွေ ဘာတွေက အဲ့ဒီမှာ သတင်းရထားတာတွေရှိတယ်။ အဲ့လိုမျိုးအတွက် ရိခေါဒါရ်မြို့ကိုဝင်သိမ်းတာ ဖြစ်ပါတယ်။

မေး။ ။ အခုလက်ရှိမှာရော ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေးတွေ စတင်နေပြီလား။ ဘယ်လိုတွေ အစီအစဥ်တွေရှိပါလဲ။

ဖြေ။ ။ ပထမဆုံး ရိခေါဒါရ်ကနေ တဖက်ကိုစစ်ဘေးရှောင်တဲ့ ပြည်သူလူထုတွေကို လုံလုံခြုံခြုံနဲ့ ပြန်ဝင်နိုင်အောင်လုပ်တယ်။ အခုအားလုံးပြန်ဝင်ပြီးတော့ ကျွန်တော်တို့က သူတို့ရဲ့လုံခြုံရေး၊ နယ်မြေ ရှင်းလင်းရေးဘက်မှာ စခန်းအနီးတဝိုက် လုံခြုံရေး၊ ပြည်သူလူထုအတွက် မိုင်းတွေဘာတွေရှင်းလင်းရေး လုပ်ပြီးတော့ ပြည်သူ့အုပ်ချုပ်ရေးကိုတော့ ကျွန်တော်တို့အနေနဲ့  ဆက်ပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်လာအောင်ဆိုပြီးတော့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုပြုနေပြီ ဖြစ်ပါတယ်။ မကြာခင်မှာ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်နဲ့ဖြစ်ဖို့ လုပ်သွားဖို့ ဖြစ်ပါတယ်။

မေး။ ။ ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေးဖွဲ့တဲ့အခါမှာ ဘယ်သူတွေနဲ့ဖွဲ့မှာပါလဲ။ ဘယ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြမှာပါလဲ။

ဖြေ။ ။ အဓိကတော့ CNF/CNA နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF-Hualngoram/ ပြီးတော့ အဓိက ကျတဲ့ ဒေသခံပြည်သူလူထုတွေနဲ့ လုပ်သွားမှာဖြစ်တယ်။

မေး။ ။ ဘယ်လို အုပ်ချုပ်မှုစနစ်မျိုးသွားမှာပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ အုပ်ချုပ်မူစုဖွဲ့ပုံစံကတော့ ချင်းပြည်နယ်နဲ့ ချင်းပထဝီ၊ ချင်းဓလေ့ထုံးတမ်းနဲ့ ကိုက်ညီတဲ့ အုပ်ချုပ်ရေးသာ အဓိက အသုံးချရမှာပေါ့နော်။ ပြောချင်တာကတော့ အဲ့ဒီဒေသနဲ့ ကိုက်ညီတဲ့ အုပ်ချုပ်မူပုံစံ အဲ့တာတွေနဲ့ သွားမှာပါ။

မေး။ ။ ရိခေါဒါရ်မြို့ကို စစ်ကောင်စီတပ်ဘက်က ပြန်သိမ်းလာနိုင်တဲ့ အခြေအနေတွေ၊ ထိုးစစ်ဆင်လာနိုင်တဲ့ အခြေနေတွေရော ရှိပါလား။

ဖြေ။ ။ အဲ့တာက သူတို့ရဲ့အင်အားပေါ်မှာ မူတည်ပါလိမ့်မယ်။ အဓိကကတော့ မြေပြင်မှာကတော့ စစ်ကောင်စီတွေက အင်အားတော်တော်လေး ချိနဲ့နေပြီလို့ သုံးသပ်တယ်။ ဆိုတော့ ထိုးနိုင်တဲ့အနေအထားက သူတို့အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ ကျွန်တော့်တို့ကတော့ အတတ်နိုင်ဆုံး မြေပြင်မှာတော့ ကာကွယ်သွားမှာပဲပေါ့။

မေး။ ။ ရိခေါဒါရ်မြို့က ၂ နိုင်ငံနယ်စပ် ကုန်သွယ်ရေးမှာ အဓိကအချက်အချာကျတဲ့မြို့ ဖြစ်တယ်။ မဟာဗျူဟာ ကျတယ်လို့ အရင်တုန်းကပြောထားပါတယ်။ အခု ချင်းကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားမှုအောက်မှာ နယ်စပ်ကုန်သွယ်ရေးတွေ ပြန်ခွင့်ပြုပြီလား။ ကုန်သွယ်ရေးအတွက် ဘယ်လိုမျိုးအစီအစဥ်တွေ ချမှတ်ပြီး ဆောင်ရွက်သွားမှာပါလဲ။

ဖြေ။ ။ ကျွန်တော့်တို့က သတိရှိရှိနဲ့ နယ်စပ်လမ်းကြောင်းကို ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အဓိက ကတော့ ပိတ်ပင်တာမျိုး ဘာတို့မလုပ်ဘူး။ အဲ့ကနေ ပြည်သူလူထုကို အချိန်နဲ့ သူ့စည်းမျဥ်းစည်းကမ်းလေးနဲ့ သွားနိုင်ဖို့ လမ်းဖွင့်ထားပြီး ဖြစ်ပါတယ်။ သို့သော် အခုအနေအထားမှာတော့ အုပ်ချုပ်ရေးတွေတည်ငြိမ်တာ မရှိသေးခင်တော့ လုံခြုံရေးအရ ကျွန်တော့်တို့ အဲ့တာကိုတော့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြပ်မတ်နေတာ ဖြစ်ပါတယ်။

မေး။ ။ ကုန်သွယ်ရေးသမားတွေ၊ စီးပွားရေးသမားတွေအနေနဲ့ နယ်စပ်မှာ ကုန်စည်စီးဆင်းသွားလာမှုက ပုံမှန်ပဲလား။ ပြတ်မသွားဘူးဆိုတဲ့ သဘောပဲလား။

ဖြေ။ ။ ပြတ်မသွားဘူး။ ကျွန်တော်တို့ဘက်ကလည်း လမ်းဖွင့်ထားပြီးသား၊ ဒါပေမယ့် စစ်ကောင်စီဘက်ကနေ အဲ့ဒီအကြား ကလေးကနေ ကုန်တင်ယာဥ်တွေ ကန့်သတ်တာတို့ သွားလာခွင့်မပြုတာတို့က သူတို့အပိုင်း ကျွန်တော်တို့ကတော့ ကုန်စည်စီးဆင်းမူတွေ ပုံမှန်သွားနိုင်အောင်၊ ပြည်သူလူထု လုံလုံခြုံခြုံနဲ့ သူတို့ စားဝတ်နေရေးအတွက် အဲ့လိုမျိုးလုပ်နိုင်အောင် ကျွန်တော်တို့ကတော့ လမ်းဖွင့်ထားပါတယ်။

မေး။ ။ တခြားဘာများ ဖြည့်စွက်ပြောချင်တာရှိပါလဲ။

ဖြေ။ ။ ကျွန်တော်တို့အနေနဲ့ ရိခေါဒါရ်မြို့ အုပ်ချုပ်ရေးကို ဒေသခံတွေနဲ့ ပူးပေါင်းပြီးတော့ နယ်မြေ လုံခြုံရေးကအစ၊ လမ်းကြောင်းလုံခြုံရေးကအစ အတတ်နိုင်ဆုံးလုပ်ကြမှာ ဖြစ်တယ်။ အဲ့ဒီမှာ ပြည်သူလူထုရဲ့ အကြံအဥာဏ်၊ အတတ်ပညာရှင်တွေရဲ့ အကြံအဥာဏ်တွေအများကြီး လိုပါလိမ့်မယ်။ အဲ့တာတွေကိုလည်း ကျွန်တော်တို့တဆင့်ချင်း အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်။ တဖက်မှာ အိန္ဒိယနိုင်ငံနဲ့လည်း နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပုံမှန်လည်ပတ်နိုင်ဖို့အတွက်လည်း တဖက်အစိုးရနဲ့လည်း ချိတ်ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here