28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ပြည်သူလူထုတွေကလည်း ကျနော်တို့ဒီလိုမျိုး ဝင်ထွက်သွားလာတဲ့သူကို ကျနော်တို့ စနစ်တကျလုပ်ပေးထား ခြင်းအားဖြင့် သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကို သူတို့ပိုပြီးတော့ရစေမယ်။ နောက်ပြီးတော့...

“ပြည်သူလူထုတွေကလည်း ကျနော်တို့ဒီလိုမျိုး ဝင်ထွက်သွားလာတဲ့သူကို ကျနော်တို့ စနစ်တကျလုပ်ပေးထား ခြင်းအားဖြင့် သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကို သူတို့ပိုပြီးတော့ရစေမယ်။ နောက်ပြီးတော့ ဝင်ထွက်သွားလာသူတွေ ကိုယ်၌ကလည်း သူတို့မှာတရားဝင်ဖြစ်မှုပုံစံ ပိုရှိလာတယ်။ နောက်ပြီး သူတို့ကလည်း ဒီအချက်အလက်တွေ့ပေါ် မူတည်ပြီးတော့မှ ပေးသွင်းခြင်းအားဖြင့် သွားလာခြင်းအားဖြင့် ပိုလုံခြုံမှာပေါ့နော်” ဦးဗညား – အတွင်းရေးမှူး (၂) / IEC

ကရင်နီပြည်အတွင်းသို့ လာရောက်မည့် ပြည်နယ်သားမဟုတ်သူများ ဖြတ်သန်းသွားလာခွင့်ကတ်လုပ်ရမည် အစီအစဉ်နှင့်ပတ်သက်ပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး (၂) ဦးဗညားနှင့် ဆက်သွယ်မေးမြန်းချက်။

ကရင်နီ (ကယား) ပြည်နယ်အတွင်းသို့ လာရောက်မည့် ပြည်နယ်သားမဟုတ်သူများ ဖြတ်သန်းသွားလာခွင့်ကတ် လုပ်ရမည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောဆိုလိုက်သည်။ ပြည်နယ်ခြား ဖြတ်သန်းခွင့် ကတ်ပြားထုတ်ပေးခြင်းဖြင့် ကရင်နီပြည်တွင်းဝင်ထွက်ခွင့်ကို ကြီးကြပ်သွားမည်ဟုလည်း IEC က ဆိုသည်။

ပြည်ပ (သို့) အခြား တိုင်းနှင့်ပြည်နယ်အတွင်းမှ နေထိုင်သူများအနေဖြင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) ထံ၌ ပြည်နယ်တွင်းဖြတ်သန်းခွင့်ကတ်လုပ်ပြီးမှ ပြည်နယ်အတွင်း ဝင်ရောက်ခွင့်ရမည်ဖြစ်ပြီး အဆိုပါအစီအစဉ်ကို ယခုနှစ် မတ်လနောက်ပိုင်းမှစတင်ပြီး အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။

ကရင်နီပြည်အတွင်းသို့ လာရောက်မည့် ပြည်နယ်သားမဟုတ်သူများအား ဖြတ်သန်းသွားလာခွင့်ကတ် လုပ်ဆောင်ပေးမည် အစီအစဉ်များနှင့်ပတ်သက်ပြီး IEC အတွင်းရေးမှူး (၂ ) ဦးဗညားကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ကရင်နီပြည်သားမဟုတ်တဲ့ ခရီးသွားပြည်သူလူထုတွေကို ကတ်ပြားနဲ့ ကရင်နီပြည် ဝင်/ထွက်ခွင့် လုပ်ပေးသွားမယ့်ဆိုတာက ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ရတာပါလဲ။

ဖြေ။ ။ ဒီဟာက ကန့်သတ်တာ မဟုတ်ဘူးပေါ့နော်။ ကြီးကြပ်ဖို့အတွက်ပဲ ဖြစ်တယ်ပေါ့နော်။ လူတိုင်းမလာ အောင် လုပ်တာမဟုတ်ဘူး။ လူတိုင်း လာလို့ရတယ်။ လာတဲ့နေရာမှာ ပြည်နယ်ပြင်ပဖြစ်စေ၊ တစ်ခြားနိုင်ငံ တကာက ဖြစ်စေ၊ လာတဲ့နေရာမှာ သက်ဆိုင်သူတစ်ယောက်ချင်းစီရဲ့ အခြေခံသတင်း အချက်အလက်တွေကို ပေးသွင်းပြီးတော့မှ ကျနော်တို့ Temporary card (ယာယီကတ်) ပုံစံမျိုးပေါ့နော်၊ ထုတ်ပေးမှာဖြစ်ပါတယ်။ အဲ့ဒါ အဝင်အထွက်ကို ကြီးကြပ်ကြပ်မတ်ခြင်းပဲ ဖြစ်တယ်ပေါ့နော်။ ကန့်သတ်ခြင်း မဟုတ်ဘူးဆိုတာ ပြောချင်တယ်။

မေး။ ။ ဆိုတော့ ဒါက ကရင်နီပြည်သားတွေရော လုပ်စရာမလိုဘူးဆိုတဲ့ သဘောပါလား။

ဖြေ။ ။ ဒီဟာက ကျနော်တို့ ပြည်နယ်သူပြည်နယ်သားနဲ့ မဆိုင်ပါဘူးနော်။ ထပ်လောင်းပြောချင်တာက အခုကတ်တွေက ပြည်နယ်သူပြည်နယ်သားနဲ့ မဆိုင်ဘူး။ ပြည်နယ်သူပြည်နယ်သားက ပုံမှန်အတိုင်းပဲ သွားလာ လှုပ်ရှားလို့ရတယ်။ အဓိက က ပြည်နယ်ထဲကို စီးပွားရေးလုပ်ငန်းဖြစ်စေ၊ ပြည်နယ်ထဲကို လာလည်တာဖြစ်စေ၊ ပြည်နယ်ထဲကို ကျနော်တို့ဒီဘက် တချို့လူမှုရေး လုပ်ငန်းတွေ၊ Project Aactivity တွေ၊ သတင်းအချက်အလက် ယူချင်တာတွေ၊ research တွေ လုပ်တဲ့သူတွေ ရှိတာပေါ့နော်။ သူတို့ကိုအတတ်နိုင်ဆုံး အချက်အလက်တွေ စနစ်တကျ ကျနော်တို့ ရှိဖို့အတွက်ပဲနော်။ အဲ့ဒီဟာကို ပြုစုဖို့အတွက်ပဲ ဖြစ်ပါတယ်ပေါ့နော်။

မေး။ ။ အဓိက က ပြည်နယ်တွင်းလုံခြုံရေးအတွက် လုပ်တယ်လို့ ပြောလို့ရပါလား။

ဖြေ။ ။ ပြည်သူလူထုတွေကလည်း ကျနော်တို့ဒီလိုမျိုး ဝင်ထွက်သွားလာတဲ့သူကို ကျနော်တို့ စနစ်တကျ လုပ်ပေးထားခြင်းအားဖြင့် သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကို သူတို့ပိုပြီးတော့ရစေမယ်။ နောက်ပြီးတော့ ဝင်ထွက်သွားလာသူတွေ ကိုယ်၌ကလည်း သူတို့မှာတရားဝင်ဖြစ်မှုပုံစံ ပိုရှိလာတယ်။ နောက်ပြီး သူတို့ကလည်း ဒီအချက်အလက်တွေ့ပေါ် မူတည်ပြီးတော့မှ ပေးသွင်းခြင်းအားဖြင့် သွားလာခြင်းအားဖြင့် ပိုလုံခြုံမှာပေါ့နော်။ အားလုံးအမြင်မှာလည်း win – win ပေါ့နော်။ အားလုံးအပြန်အလှန် သိရှိတယ်။ နောက် ပြီးတော့မှ အပြန်အလှန်ကူညီနိုင်တဲ့ process ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ကြီးကြပ်တာဖြစ်တယ်။ ကန့်သတ်တာမဟုတ်ဘူးဆိုတာတော့ ပြောလိုတာပေါ့နော်။ ဒါလည်းကျနော်တို့ ရည်ရွယ်ချက်လည်း ဖြစ်တယ်။

မေး။ ။ ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ်နဲ့ ပတ်သက်ပြီး အခုလက်ရှိမှာ ဘာတွေကို စလုပ်နေပြီလဲ။ ဘယ်လို လုပ်ဆောင်သွားဖို့ ရှိပါလဲ။

ဖြေ။ ။ အဓိကကတော့ ကျနော်တို့ ပြည်နယ်ပြင်ပသွားလာခွင့်ကိုပဲ ကျနော်တို့က ကြီးကြပ်ပေးတာပေါ့နော်။ ပြီးတော့မှ သွားလာနိုင်ဖို့အတွက် ကျနော်တို့ သက်တမ်းတွေရှိတယ်။ ကျနော်တို့ ပြည်နယ်ထဲကို ဝင်လာတဲ့ Cratical တွေက ကွဲပါတယ်နော်။ ပြည်နယ်ထဲမှာ ရှိနေပြီးသား Humanitarian မှာ ကူနေတဲ့သူတွေ CSO၊ NGO မှာ လုပ်နေတဲ့သူတွေ ပညာရေး၊ ကျန်းမားရေး ဆက်တင်မှာ ပါဝင်တဲ့သူတွေကတော့ သေချာတာတစ်ခုက သူတို့အတွက် ကျနော်တို့က သီးသန့်စီမံထားတာရှိတယ်။

အခုကျနော်တို့ တွေ့နေတဲ့ အနီရောင်သွားလာခွင့်လက်မှတ်နဲ့ မဆိုင်ပါဘူးပေါ့နော်။ သူတို့အတွက် သီးသန့် စီမံထားတာရှိပါတယ်။ ဒီဟာက အခါအားလျာ်စွာ ကျနော်တို့ဆက်လက်ပြီးတော့ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ အခု ဒီဟာက အလောတကြီးလုပ်ရမှာက ဟုတ်တယ်၊ ပြည်နယ်ပြင်ပကလူတွေ၊ နိုင်ငံခြားကလာတဲ့သူတွေက ခဏပေါ့၊ ၁၀ ရက် ၁၅ ရက် စီးပွားရေးလုပ်ငန်းတွေ ဟိုဟာဒီဟာကိစ္စတွေ လာတဲ့အချိန်မှာ ကျနော်တို့ ထုတ်ပေးနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်ပေါ့။

မေး။ ။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တခြားအရေးကြီး ဖြည့်စွက်ပြောချင်တာများရှိပါလား။

ဖြေ။ ။ အမှန်တော့ ဒီ process ကလေ အားလုံးပြီးမှပဲ ကျနော်တို့ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။ အခု ရုတ်တရက် ထလုပ်တဲ့ဟာမျိုး မဟုတ်ပါဘူးလို့ပြောချင်တယ်။ နံပါတ်တစ်အချက်၊ နံပါတ်နှစ်အချက်အနေနဲ့ ဒီဟာ Category တွေ အများကြီးရှိတယ်။ ကျနော်တို့ ပြည်နယ်သူ ပြည်နယ်သားအတွက်က နောက်ပိုင်းကျရင်တော့ ပြည်နယ်သူပြည်နယ်သားနဲ့ သက်ဆိုင်တဲ့အချက်အလက် သီးသန့်လုပ်တာ ရှိမှာပေါ့နော်။ အဲ့ဒါတွေရှိမယ်။ အခုဟာက သွားလာတဲ့ဟာကို စနစ်တကျပေါ့နော်။ စီမံနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။

အဲ့တော့ ထပ်ပြောချင်တာက အခုမှကောက်လုပ်တာ မဟုတ်ဘူး။ ကျနော်တို့က အားလုံးလုံလုံခြုံခြုံနဲ့ ပြည်နယ်ထဲမှာ ဝင်ထွက်သွားလာနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလဝကလုပ်ငန်းစဉ် တစ်ခုအနေနဲ့ ကျနော်တို့ ချမှတ်ထားတာ ဖြစ်ပါတယ်။ IEC ဖွဲ့စည်းပြီးနောက်ပိုင်း ပြည်ထဲရေးဌာနအောက်မှာရှိတဲ လဝက စတင် ဖွဲ့စည်းပြီး တဲ့နောက်မှာ ဒီဟာကို တစ်စိုက်မတ်မတ်လုပ်လာခြင်း ဖြစ်ပါတယ်ပေါ့နော်။ အဲ့ကြောင့်မို့ အချိန်တစ်ခုရလာတဲ့ အတွက်ကြောင့်မို့ Ready (အဆင်သင့်) တစုံတရာရှိတဲ့အပေါ်မှာ ကျနော်တို့ ချပြခြင်းပဲဖြစ်ပါတယ်။ ဒီဟာကိုတော့ တဖြည်းဖြည်း Categories လုပ်ပြီးတော့မှ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်ပေါ့နော်။

NMG ပေးပို့သည်။