5 ဇွန် 2026 /

See today's Peace Related News

Homeအင်တာဗျူး“ဒီနေ့အထိ အဆက်အသွယ်လည်းမရဘူး။ အသက်ရှင်သေးလား သေသွားပြီးလား ဆိုတာလည်း ကျမတို့မသိဘူး။ အိမ်ရှင်ပြန်လာမယ်လို့တော့ မျှော်လင့်ထားတာရှိတယ်။ ဒါပေမဲ့ အခုက မရှိသလို ရှိသလို...

“ဒီနေ့အထိ အဆက်အသွယ်လည်းမရဘူး။ အသက်ရှင်သေးလား သေသွားပြီးလား ဆိုတာလည်း ကျမတို့မသိဘူး။ အိမ်ရှင်ပြန်လာမယ်လို့တော့ မျှော်လင့်ထားတာရှိတယ်။ ဒါပေမဲ့ အခုက မရှိသလို ရှိသလို တွေးနေတယ်။ ဘာလို့လဲဆိုတော့ သူတို့ (စစ်ကောင်စီ) လက်ထဲမှာ ရှိနေတာလေ။ သတ်ပစ်လို့လည်း ရတယ်။ မသတ်ဘဲ အရှင်ထားမယ်ဆိုရင်လည်း ထားလို့ရတယ်” ဒေါ်သန်းခင်/ စစ်တွေ၊ အမြင့်ကျွန်းကျေးရွာ

စစ်တွေ၊ အမြင့်ကျွန်းကျေးရွာမှ ၁၀ လနီးပါးကြာ စစ်ကောင်စီတပ်ထံ ဖမ်းဆီးခံထားရသည့် ဦးမောင်အေးသန်း၏ ဇနီး ဒေါ်သန်းခင်နှင့် ဆက်သွယ်မေးမြန်းချက်။

ရခိုင်ပြည်၊ စစ်တွေမြို့အဝင်ရှိ အမြင့်ကျွန်းရွာကို ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း စစ်ကောင်စီတပ်က ဝင်ရောက်လာပြီး ရွာကိုဝိုင်းပတ်ပိတ်ဆို့ကာ ကျေးရွာသား ၅၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယင်းနောက် ဖမ်းဆီးသွားသည့်ကျေးရွာသားများကို စစ်တွေမြို့တပ်ရင်းသို့ ခေါ်ဆောင်သွားပြီး ညနေပိုင်း၌ အများစုကို ပြန်လွှတ်ပေးခဲ့သော်လည်း ဦးမောင်အေးသန်းအပါအဝင် ၈ ဦးကို ဆက်လက်ဖမ်းဆီးထားခဲ့သည်ဟု ဆိုသည်။

ဦးမောင်အေးသန်းအပါအဝင် အမြင့်ကျွန်းရွာသား ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်မှာ ၁၀ လနီးပါး ကြာမြင့်လာပြီဖြစ်ပြီး မိသားစုဝင်များနှင့်လည်း အဆက်အသွယ်ပြတ်နေကြောင်း သိရသည်။

အိမ်ထောင်ဦးစီးမရှိသည့် ဦးမောင်အေးသန်း၏ဇနီး ဒေါ်သန်းခင်အပါအဝင် ဖမ်းဆီးခံရသူတို့၏ အမျိုးသမီးများ လက်ရှိ၌ ဘယ်လိုဖြတ်သန်းနေကြပါလဲ။ အမြင့်ကျွန်းရွာသား ၈ ဦးကို ဘာကြောင့်ဆက်ဖမ်းဆီးထားတာပါလဲ။ ဒီအခြေအနေနှင့်ပတ်သက်ပြီး ဦးမောင်အေးသန်း၏ဇနီး ဒေါ်သန်းခင်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ပထမဆုံးအနေနဲ့ ရွာသားတွေဖမ်းဆီးခံခဲ့ရတဲ့နေ့က ရွာမှာဘာတွေဖြစ်ပျက်ခဲ့ပါလဲ။ ရွာသားတွေ ဘယ်လိုပုံစံ ဖမ်းဆီးခံခဲ့ကြရတာလဲဆိုတာ ပြောပြပေးပါ။

ဖြေ။ ။ ပထမဆုံး ကျမတို့ကိုခေါ်တယ်။ ပြီးတော့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေခွဲတယ်။ ကလေးတွေပါ အပါအဝင် ကျမတို့ကို မနက် ၁၀ နာရီကစလို့ ခေါ်ထုတ်ခဲ့တာ ညနေ ၆နာရီမှ ပြန်လွှတ်လိုက်တယ်။ အဲဒီအချိန် ထမင်းတွေလည်း မချက်ရသေးဘူး။ လူတွေကတော့ပြောတယ် အမျိုးသားတွေကို ကားနဲ့ခေါ်သွားပြီဆိုတာ၊ ကျမတို့က အဲဒီအချိန်မယုံသေးဘူး။ တချို့ကတော့ အဲဒီသတင်းကိုကြားပြီးတော့ ငိုကြတာရှိတယ်။ ကျမတို့ကို ထွက်ခွင့်မပြုဘူး။ သူတို့ (စစ်ကောင်စီ) တပ်တွေ ဝိုင်းထားတယ်။ သူတို့ (စစ်ကောင်စီ) ကတော့ ပြောတယ်။ အမျိုးသားတွေ အိမ်မှာရှိတယ်။ ဘာမှမဖြစ်ဘူးဆိုပြီး သူတို့ (စစ်ကောင်စီ) တပ်သားတွေကတော့ပြောတယ်။ ဒါပေမဲ့ ကျမတို့ကမယုံဘူး။

သွားကြည့်ချင်ပေမဲ့ သူတို့ (စစ်ကောင်စီ) တပ်သားတွေက ဝိုင်းထားတော့ ကျမတို့သွားလို့မရဘူး။ အဲဒီအချိန် ကျမတို့ကို ဘုန်းကြီးကျောင်းမှာထားတာ။ ကျမတို့အိမ်ရှင်တွေကိုတော့ ရွာထဲ ကုက္ကိုပင်အောက်မှာထားတယ်။ ကျမတို့ကို တစ်ယောက်တနေရာခွဲထားတာ။ ၆ နာရီထိုးတာနဲ့ သွားခွင့်ပေးတယ်။ ကျမတို့ သားမိသုံးယောက် သွားကြတယ်။ အဲဒီအချိန် အိမ်ရောက်သွားတာနဲ့ အိမ်မှာတယောက်မှ မရှိတော့ဘူး။ ယောကျ်ားတွေအကုန်လုံးကို ခေါ်သွားကြပြီ။ ယောက်ျားတွေအကုန်လုံးဆိုတာက လူလတ်ပိုင်းတွေ အသက် ၃၀၊ ၂၀ အရွယ်တွေပေါ့။ နောက် ၄၀ ကျော် အသက်အရွယ်တွေလည်း ပါသွားတယ်။

မေး။ ။ အဲဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်သေးလဲ။

ဖြေ။ ။ ပြန်လွတ်လာမယ်ယုံကြည်ချက်နဲ့ အမျိုးသားအဖမ်းခံရပြီးနောက်မှာ ကျတို့အဲဒီမှာနေခဲ့သေးတယ်။ ကျမအမျိုးသားမှာက အပြစ်မှမရှိတာ။ ဘယ်လိုပြောရမလဲ ကိုယ့်စိတ်နဲ့နှိုင်းပြီး ကျမတို့အမျိုးသားတွေကို လွှတ်မယ်ဆိုပြီး သားမီးသုံးယောက်စောင့်ပြီးနေခဲ့သေးတယ်။ ဒါပေမဲ့ ပြန်လွှတ်မလာဘူး။ အဲဒါကြောင့် ကျမတို့ မိဘတွေရှိတဲ့နေရာကို သွားရမယ်ဆိုပြီး ဒီဘက်ကိုပြန်လာတာ။

မေး။ ။ အစ်မတို့ ရွာကနေ ဘယ်လိုမျိုးထွက်လာခဲ့လဲ။ ဘယ်လို အခက်အခဲ စိန်ခေါ်မှုတွေကြုံခဲ့ရလဲ။

ဖြေ။ ။ ရွာကထွက်လာတဲ့အခါလည်း တအားအခက်အခဲဖြစ်ခဲ့တယ်။ ပိုက်ဆံကလည်း မတတ်နိုင်ဘူး။ အမျိုးမျိုး ဒုက္ခခံခဲ့ရတယ်။ ကျမတို့လာတာက စက်လှေနဲ့လာတာ စက်လှေမောင်းတဲ့သူဆိုရင်လည်း အရက်မူးလို့။ ခဏနေရင် စက်လှေမောင်းနေတုန်းဟိုထိုးဒီထိုး၊ မသေလို့ အခုနေရာကိုရောက်လာတာ။ မဟုတ်ရင် ကျမတို့နဲ့ တွေ့ရမှာမဟုတ်ဘူး။

တခြားဖမ်းဆီးခံရသူတွေနဲ့ မိသားစုဝင်တွေကတော့ လွတ်လာမှာကို စောင့်ကျန်နေခဲ့ကြ တယ်။ ကျမမှာက နေလို့မရဘူး။ ကျမလည်း တစ်ယောက်တည်းမဟုတ်ဘူး။ သားသမီးနှစ်ယောက်ဆိုတော့ ကိစ္စမရှိသေးဘူး။ အဲဒီအချိန်တုန်းက ကျမမှာလည်းကိုယ်ဝန်နဲ့ မွေးဖွားဖို့ဆိုတော့ ပိုက်ဆံကလည်း အဆင်မပြေဘူးလေ။ ဒါကြောင့်ဘယ်လိုဖြစ်ဖြစ် မိဘဆီသွားတော့မယ်ဆိုပြီး ဒီဘက်ကိုလာခဲ့တာ။

မေး။ ။ အစ်မယောကျ်ားနဲ့ပတ်သက်လို့ ဘယ်လိုစိုးရိမ်မှုတွေရှိလဲ။

ဖြေ။ ။ အဲဒီအချိန်ကစပြီး ဒီနေ့အထိ အဆက်အသွယ်လည်းမရဘူး။ အသက်ရှင်သေးလား သေသွားပြီးလား ဆိုတာလည်း ကျမတို့မသိဘူး။ အိမ်ရှင်ပြန်လာမယ်လို့တော့ မျှော်လင့်ထားတာရှိတယ်။ ဒါပေမဲ့ အခုက မရှိသလို ရှိသလို တွေးနေတယ်။ ဘာလို့လဲဆိုတော့ သူတို့ (စစ်ကောင်စီ) လက်ထဲမှာ ရှိနေတာလေ။ သတ်ပစ်လို့လည်း ရတယ်။ မသတ်ဘဲ အရှင်ထားမယ်ဆိုရင်လည်း ထားလို့ရတယ်။

ကလေးငယ်တွေ ဖြေသိမ့်ရဖို့အတွက်တော့ ပြောရတာပေါ့။ အဖေပြန်လာမယ်လို့ ပြောထားတယ်။ ဒါပေမဲ့ ဘယ်အချိန်ပြန်လာမလဲမေးတဲ့ အဖြေမပေးနိုင်ဘူး။ တခါတလေဒေါသနဲ့လည်း လာချင်ချိန်လာလိမ့်မယ်ဆိုပြီး ပြောတာရှိတယ်။ ဒေါသပြေသွားတော့ ကလေးတွေကို သနားလာတယ်။ သူများတွေလို မိဘစုံစုံလင်လင်နဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ချင်ကြတယ်။ ကလေးတွေကလည်း ငယ်သေးတော့ အဖေကိုတမ်းတနေကြတယ်။

မေး။ ။ လက်ရှိ နေထိုင်စားသောက်ရေးအခြေအနေက ဘယ်လိုရှိပါလဲ။

ဖြေ။ ။ သူများတွေမှာ ထင်းတွေဘာတွေ ရောင်းတာရှိတယ်။ ကိုယ့်မှာက လုပ်မယ့်သူလည်းမရှိ ကိုယ်ကလည်း မလုပ်နိုင်တော့ ပိုက်ဆံလည်းမရှိဘူး။ အကျပ်အတည်းခံနေရတယ်။ စားဝတ်နေရေးလည်း အဆင်မပြေဘူး။ လုပ်ကိုင်စားသောက်ချင်ပေမယ့် ပိုက်ဆံကမတက်နိုင်ဘူး။ အမျိုးသားရှိရင်တော့ သူများတွေမှာ ငွေတစ်သောင်းရရင် ငါးထောင်ဖြစ်ဖြစ်ရမယ်။

အခုကယောကျ်ားလည်းမရှိတော့ တအားခက်ခဲတယ်။ ကိုယ်တိုင်အလုပ် ထွက်လုပ်မယ်ကြံတော့လည်း ကလေးတွေကငယ်သေးတယ်။ အလုပ်ထွက်လုပ်လို့ မရနိုင်ဘူး။ အဲဒီလိုနဲ့ အချိန်တိုင်း စိတ်ပင်ပန်းနေရတယ်။ သားသမီးတွေကို မုန့်စားဖို့တောင်းတဲ့အခါလည်း ပိုက်ဆံမရှိတာကြောင့် ဝယ်မပေးနိုင်၊ မပေးနိုင်ရင် ဝမ်းနည်း မိတယ်။ ရင်နာမိတယ်။

မေး။ ။ အိမ်ထောင်ဦးစီးမရှိတဲ့ အမျိုးသမီးတစ်ယောက်အတွက် ရုန်းကန်ရတာ ဘယ်လောက်ခက်ခဲလဲ။

ဖြေ။ ။ အိမ်ထောင်ဦးစီးရှိတာနဲ့ မရှိတာနဲ့ အကုန်လုံးကွာခြားတယ်။ ဘာလို့လဲဆိုရင် အရင်ကလိုသုံးချင်တာ မသုံးရ၊ စားချင်တာ မစားရ။ အကျပ်အတည်း ခံရတယ်။ ကျမယောကျ်ားက ပိုက်ဆံတစ်ပုံကြီးနဲ့ ထားလားဆိုတော့ လည်း အဲလိုမထားနိုင်ဘူး။ စားဖို့သောက်ဖို့ အစအစအရာရာအဆင်ပြေတယ်။ အခု သားသမီးတွေ မုန့်ဖိုးအတွက် တောင် မရှိဘူး။ ဖြစ်သလို့ မငတ်ရုံတမယ် စားသောက်နေရတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများပြောလို့တာရှိလဲ။

ဖြေ။ ။ ကျမတို့က စားဝတ်နေရေးကလည်း အဆင်မပြေဘူး။ ဒါကြောင့် ပိုက်ဆံတွေဖြစ်ဖြစ် အကူအညီပေးစေ ချင်တယ်။ အခုက မိဘနဲ့ကပ်ပြီးနေတာ။ ကျမတို့လည်း မနေချင်ဘူး။ မိဘက အသက်အရွယ်ကြီးလာပြီ။ ဒုက္ခ မပေးချင်တော့ဘူး။ ဒါပေမဲ့ အားကိုးဖို့လူမရှိတဲ့အခါ ကပ်ခိုပြီးနေရတယ်။ မိဘနှစ်ပါးကလည်း အသက်အရွယ် ကြီးနေပြီဆိုတော့ အလုပ်လုပ်ဖို့အရွယ်မဟုတ်တော့ဘူး။ ဒါပေမဲ့ ကျမတို့သားမိတွေစားဖို့အတွက် တောင်ပေါ် တက် ထင်းခုတ်ပြီးရှာပေးနေတယ်။

လူများတွေမှာ ထင်းတစ်ရာကို တစ်ရက်နှစ်ရက်နဲ့ ရတယ်ဆိုပေမယ့် ကျမအမေမှာ ၄ ရက် ခုတ်ရတယ်။ ထင်းတစ်ရာကို ၁၂,၀၀၀ ရတယ်။ အဲဒီလိုပဲ စားနေတယ်။ အချိန်ကြာလာတာနဲ့ သားသမီးတွေနဲ့ တယောက်တည်း ရုံးကန်ရမယ့်ဘဝတွေက ကြမ်းတမ်းလာဖို့ပဲရှိတယ်။ ကလေးငယ်တွေလည်းကြီးလာပြီ၊ ကိုယ်ကလည်း တစ်ယောက်တည်းဆိုတော့ ရုံးကန်ရမှာကမလွယ်ဘူး။ ဘယ်လိုရှေ့ဆက်ရမှန်း မတွေးတတ်တော့ဘူး။

အောင်ထိန် (DMG) ပေးပို့သည်။