“ဒီနိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာဟာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့သာလျှင် ကျနော်တို့ နိုင်ငံအတွက် ကျနော်တို့ပြည်သူအတွက် ဘယ်လိုပဲဖြစ်ဖြစ် အထိအခိုက်နစ်နာမှုအနည်းဆုံးနဲ့ ပေးဆပ်မှု အနည်းဆုံး အခင်းအကျင်းကို သွားနိုင်မယ်လို့ ယုံကြည်တဲ့အတွက် ကျနော်တို့ ၇ ဖွဲ့ကတော့ ခုနကပြောသလိုပဲ နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းဆောင်ရွက်မယ်” ဗိုလ်မှုးကြီးစောကျော်ညွန့် – KNU/KNLA(PC)

0
296
ပုံစာ - KNU/KNLA(PC) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကျော်ညွန့်

NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့က မဟာမိတ်အဖွဲ့ (7 EAO Alliance) ပြောင်းလဲ ဖွဲ့စည်းခဲ့ရာတွင် အဖွဲ့၏တွဲဖက်အတွင်းရေးမှုးအဖြစ် ခန့်အပ်ခံရသူ KNU/KNLA (PC) မှ ဗိုလ်မှုးကြီးစောကျော်ညွန့် နှင့် ဆက်သွယ်မေးမြန်းချက်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၇) ဖွဲ့တို့က လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းကျော်လွှားရန် မဟာမိတ်ပုံစံနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည့်အထိ ဆက်လက်ကြိုးပမ်းအားထုတ် သွားမည်ဟု ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးကို၂၀၂၄ ခုနှစ် မတ်လ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြီးစီးခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇) ဖွဲ့က မဟာမိတ်အဖွဲ့ 7 Ethnic Armed Organizations Alliance (7 EAO Alliance) ကိုလည်း ပြောင်းလဲဖွဲ့စည်းနိုင်ခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယင်းသို့ ပြောင်းလဲဖွဲ့စည်းခဲ့သည့် 7 EAO Alliance မဟာမိတ်အဖွဲ့အကြောင်းနှင့် ပတ်သတ်ပြီး အဖွဲ့၏ တွဲဖက်အတွင်းရေးမှုးအဖြစ် ခန့်အပ်ထားသည့်် KNU/KNLA (PC) မှ ဗိုလ်မှုးကြီးစောကျော်ညွန့်နှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ရဲ့ နှစ်ရက်တာ မျက်နှာစုံညီ ဆွေးနွေးပွဲမှာဆိုရင် ဘယ်လိုသဘောတူညီချက်တွေရခဲ့တာ ရှိပါလဲ။

ဖြေ။ ။ အခုကျနော်တို့ အခုလုပ်တဲ့ မျက်နှာစုံညီအစည်းဝေး ရည်ရွယ်ချက်ကတော့ အကြောင်းအရာတစ်ခုပဲ ရှိပါတယ်။ ဒါကတော့ စုဖွဲ့မှုအသစ်ပေါ့၊ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့က နေပြီးတော့ စုဖွဲ့မှုအသစ်နဲ့ ကျနော်တို့သွားနိုင်အောင် လိုအပ်တဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ စသဖြင့်ပေါ့လေ၊ အဲဒါတွေကို ကျနော်တို့က ဆွေးနွေးညှိနှိုင်း အတည်ပြုချက်ရယူဖို့အတွက် ခေါ်ယူတဲ့အစည်းအဝေးဖြစ်တယ်။ အဲလို အစည်းဝေးခေါ်နိုင်အောင်အတွက်လည်း ကျနော်တို့ပြင်ဆင်ရေး အလုပ်ထဲကနေပြီးတော့ ၄ လလောက် ကျနော်တို့ ကြိုတင်ညှိနှိုင်း ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ခဲ့တယ်။ အဲဒါကြောင့်မို့ ပြင်ဆင်ဆောင်ရွက်မှု အပေါ်မှာပဲ အခြေခံပြီးတော့ လာမယ့်နိုင်ငံရေးအခင်းအကျင်းအတွက်ပေါ့လေ၊ ကျနော်တို့ ၇ ဖွဲ့ရဲ့ စုဖွဲ့မှု အသစ်ပေါ်မှာ သွားနိုင်ဖို့အတွက် လိုအပ်တဲ့ရည်မှန်းချက်တွေ တာဝန်နဲ့လုပ်ပိုင်ခွင့်တွေ စသဖြင့်ပေါ့လေ အဲဒါတွေ ကို ကျနော်တို့ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်မယ့် အကြောင်းအရာတွေထဲက အဓိကအကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

မေး။ ။ အရင်က ကျမတို့သိထားတာက အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ပေါ့လေ၊ ဒါပေမဲ့ မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားတဲ့ 7 EAO Alliance က အဖွဲ့သစ်ပုံစံဆိုတော့ အရင်ကနဲ့ ဘယ်လိုကွာခြားမှု ရှိပါလဲ။ လုပ်ငန်းဆောင်တာအသစ်တွေရော ရှိပါလား။

ဖြေ။ ။ လုပ်ငန်းဆောင်တာအနေနဲ့ကတော့ ကြီးကြီးမားမား ပြောင်းလဲတာတော့မရှိဘူး။ အဓိက ကျနော်တို့ အနေနဲ့ ကျနော်တို့နိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲအကျပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာမယ်ဆိုတဲ့ မူလလက်စွဲတစ်ခုရှိတယ်။ ပြီးတော့ အဲ့လို ဆွေးနွေးတဲ့ အခါကြရင်လည်း သက်ဆိုင်သူများအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့ရာ ကျနော်တို့ ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်တယ်။ နောက်တစ်ချက်ကတော့ လက်ရှိပဋိပက္ခဖြစ်ပေါ်နေတဲ့ ကာလမှာ ကျနော်တို့ နေ့စဉ်နေ့တိုင်းပဲ မမြင်ချင်တဲ့အဆုံး ပြည်သူလူထုတွေ ကြုံတွေ့နေရတဲ့ သေကြေပျက်စီးမှုတွေကို ကျနော်တို့က ပပျောက်စေချင်တယ်။ လျော့ကျစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူလူထုတွေကို အကာအကွယ်ပေးရေးဆိုတဲ့ အဓိကဦးတည်နေတဲ့ ရည်ရွယ်ချက်တစ်ခုလည်း ရှိနေတယ်ပေါ့လေ၊ ဒါပေမဲ့ အရင်တုန်းက ကျနော်တို့ ၇ ဖွဲ့အနေနဲ့ PPST ဆိုတဲ့ စုဖွဲ့မှုတွေကို လုပ်ဆောင်ခဲ့တာရှိတယ်။ PPST ဆိုတာကလည်း သိတဲ့အတိုင်းပါပဲ ၂၀၁၅ NCA ကို လက်မှတ်ရေးထိုးတဲ့ ၁၀ ဖွဲ့ကနေ့ စတင်စုဖွဲ့ခဲ့တယ်။ ၁၀ ဖွဲ့ကနေ ၇ ဖွဲ့ ဖြစ်သွားတယ်။ ၇ ဖွဲ့ ကနေပြီးတော့ နောက်ပိုင်း ၅ ဖွဲ့ ဖြစ်သွားတယ်။

စသည်ဖြင့်ပေါ့လေ ဒါကတော့ ကျနော်တို့စုဖွဲ့မှုက တဖြည်းတဖြည်း လျော့နည်းလာတာ။ ပြီးတော့ ကျနော်တို့ တွေ့မြင်နေတာကတော့ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာ PPST ခေါင်းစဉ်အောက်ကနေပြီးတော့ ကျနော်တို့ တညီတညွတ်တည်း ပူးပေါင်းပါဝင် လက်တွဲဆောင်ရွက်ဖို့ တချို့အဖွဲ့အစည်းတွေက အခက်အခဲရှိတယ်။ အဆင်မပြေတဲ့ အတွက်ကြောင့်မို့လို့ အာလုံးအတွက် အဆင်ပြေနိုင်အောင်ဆိုပြီးတော့ ရည်ရွယ်တယ်လေ။ အဲဒါကြောင့်မို့လို့ ခုနကပြောတဲ့အတိုင်းပဲ အခုလာမဲ့ အခင်းအကျင်းအသစ်မှာ ကျနော်တို့အားလုံးရဲ့ သဘောတူညီချက်နဲ့ လက်ရှိနိုင်ငံရေး အခင်းအကျင်းနဲ့ လည်း ကိုက်ညီမယ်လို့ထင်ရတဲ့ 7 EAO Alliance ပေါ့လေ၊ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ရဲ့ မဟာမိတ်အဖွဲ့ကို ကျနော်တို့က စုဖွဲ့မှုအသစ်ပုံစံနဲ သွားနိုင်ဖို့ကို လိုအပ်တဲ့ဖွဲ့စည်းပုံတွေ တာဝန်နဲ့လုပ်ပိုင်ခွင့်တွေ စသဖြင့် အဲဒါတွေကို ကျနော်တို့ ၂ ရက်တာ ဆွေးနွေးပွဲမှာ အကြေအလည် ဆွေးနွေးညှိနှိုင်းပြီးတော့ အတည်ပြု ဆုံးဖြတ်နိုင်ခဲ့တာကိုတော့ အကြမ်းဖျင်း ပြောလို့ရပါတယ်။

မေး။ ။ ခုနက ပြောတဲ့အတိုင်း နိုင်ငံရေးပြသနာကို တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းနဲ့ပဲ ဆက်သွားမယ့်အပေါ် လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကိုအခြေခံပြီး အခြား EAO တွေရဲ့ သဘောထားကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ မေးသင့်မေးထိုက်တဲ့ မေးခွန်းပါပဲ။ ဒါပေမဲ့ တကယ့်တကယ် ကျနော်တို့အခုလက်ရှိ ကြုံတွေ့နေရတဲ့ နိုင်ငံရေးရဲ့အခင်းအကျင်းက ပုံမှန်အခြေအနေမဟုတ်ဘူး ။ ကျနော်တို့သက်တမ်းတလျှောက် လွတ်လပ်ရေး ရပြီးတဲ့အချိန်ကို ပြန်ကြည့်လိုက်ရင် နှစ်ပေါင်း ၇၀ ကျော် ကာလအတွင်းမှာ ဒီလောက်ခက်ခဲတယ်။ ဒီလောက် ကျပ်တည်းတယ်။ ဒီလောက် စိန်ခေါ်မှုကြီးမားတဲ့ နိုင်ငံရေးအကျပ်အတည်း ဆိုတာကိုတော့ ဒီတကြိမ်ပဲရှိမယ် ထင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့အနေအထားမှာ ပုံမှန်မဟုတ်တဲ့အခင်းအကျင်းအောက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြားကပဲဖြစ်ဖြစ် အစုအဖွဲ့ကြားထဲမှာပဲဖြစ်ဖြစ် အဖွဲ့အစည်းတစ်ဖွဲ့ချင်း ကြားထဲမှာရှိတဲ့ လူပုဂ္ဂိုလ်ကြားထဲမှာတောင်မှပေါ့လေ တခါတလေ အမြင်မတူတာတို့ သဘောထား မတိုက်ဆိုင် တာတို့ ရည်မှန်းချက်၊ ပန်းတိုင်တွေတူရဲ့သားနဲ့ လုပ်နည်းကိုင်နည်း ကွဲလွဲတာတို့က ရှိကောင်းရှိနေနိုင်ပါတယ်၊ ရှိလည်း ရှိနေပါတယ်။

ဒါပေမဲ့ ကျနော်တို့အနေနဲ့ကလေ ဒီလိုမျိုးအခက်အခဲအကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့တာ ဒီလိုမျိုး ပြည်တွင်းစစ် ဒီလိုမျိုး လက်နက်ကိုင်ပဋိပက္ခကို ဖြစ်ပေါ်စေခဲ့တာက ဒါဟာ နိုင်ငံရေးပြဿနာကြောင့် ဖြစ်ပေါ်လာတယ်ဆိုတာ ကျနော်တို့အကုန်လုံး နားလည်မှု ရှိပြီးသားပဲလေ။ နောက်တခါ ဒီနိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာဟာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့သာလျှင် ကျနော်တို့နိုင်ငံအတွက် ကျနော်တို့ ပြည်သူအတွက် ဘယ်လိုပဲ ဖြစ်ဖြစ် အထိအခိုက်နစ်နာမှုအနည်းဆုံးနဲ့ ပေးဆပ်မှုအနည်းဆုံး အခင်းအကျင်းကို သွားနိုင်မယ်လို့ ယုံကြည်တဲ့ အတွက် ကျနော်တို့ ၇ ဖွဲ့ကတော့ ခုနကပြောသလိုပဲ နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းဆောင်ရွက်မယ်။ အဲလိုကြိုးပမ်းဆောင်ရွက်တဲ့အခါမှာ သက်ဆိုင်သူတွေအားလုံး ပါဝင်နိုင်အောင်လည်း ကျနော်တို့ ကြိုးပမ်းမယ်။

မေး။ ။ ရှေ့ဆက်လည်း နိုင်ငံရေးနည်းလမ်းနဲ့ ဆက်လက်ပြီး ဆွေးနွေးသွားတယ်လို့ ထုတ်ပြန်စာတွေမှာ တွေ့ရတယ်။ KNU/KNLA (PC) အနေနဲ့ စကစနဲ့ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးသွားမှာပါလား။

ဖြေ။ ။ KNU/KNLA (PC) အဖွဲ့အနေနဲ့ အခုလက်ရှိ ကျနော်တို့ပြောနေတဲ့ 7 EAO Alliance အဖွဲ့မှာ ပါဝင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက် စုပေါင်းလုပ်ဆောင်မှု ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာ တညီတညွတ်ထဲ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ဒီနေ့တွေ့ဆုံပွဲမှာ ဆုံးဖြတ်ထားတဲ့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမယ်၊ ဆက်လက် ဆွေးနွေးသွားမယ်လို့တော့ ပြောလို့ရပါတယ်။

မေး။ ။ ကျင်းပခဲ့တဲ့အစည်းအဝေးနဲ့ပတ်သက်ပြီး ဘာတွေများ ဖြည့်စွက်ပြောချင်တာရှိပါလဲ။

ဖြေ။ ။ ဒီအချိန်မှာတော့ ကျနော်တို့နိုင်ငံမှာ ကြုံတွေ့နေရတာက စစ်ရေးဘောင်က မကြုံစဖူးကျယ်ပြန့်တယ်။ ကျတော်တို့ပြောပြောနေတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲဘောင်ကတော့ အင်မတန်မှ ကျဉ်းမြောင်းပြီး ပျောက်ကွယ်လုနီးပါး ကာလတခုမှာတော့ အခုလိုမျိုး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ စကားပြောဆိုရတာ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးနည်းနဲ့ ဖြေရှင်းဖို့ ကျနော်တို့အတွက်လည်း အင်မတန်မှ သိမ်ငယ် နေတယ်လို့လည်း မပြောလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့တွေ ဒီနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခက်ခဲတွေက နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့အခက်အခဲ အကြောက်တရားတွေ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပြည်တွင်းစစ်ပဲပြောပြော ဒါတွေက နောင်လာနောက်သား မျိုးဆက်သစ်လက်ထက်ကြရင် ပျောက်ကွယ် စေချင်တယ်။ ဆက်ပြီးတော့ မရှိစေချင်တော့ဘူး။ ဆိုလိုချင်ကတော့ ကျနော်တို့ နောင်လာနောက်သား မျိုးဆက်သစ်တွေကို ပြည်ထောင်စုငြိမ်းချမ်းရေးကို ကျနော်တို့ အမွေကောင်းပေးပစ်ချင်တယ်။

အဲလိုပေးနိုင်ဖို့လည်း ကျနော်တို့နိုင်ငံကို သက်ဆိုင်သမျှအားလုံး ညှိနှိုင်းဆွေးနွေး အခင်းအကျင်းကနေ ဒီမိုကရေစီ အမျိုးသားတန်းတူညီ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်ထောင်စုကို တည်ဆောက်ရမယ်ဆိုတာ ကျနော်တို့ အရင်တုန်းကလည်း အတူတူနားလည်မှု ရှိခဲ့တယ်။ အတူတူ ရည်မှန်းချက်လည်းရှိခဲ့တယ်။ သို့သော် ကျနော်တို့ တွေက ရည်မှန်းချက်တွေ နားလည်မှုတွေ လိုလားချက်တွေ တူညီလျက်သားနဲ့ အခုလိုမျိုး ပုံမှန်အနေအထား မဟုတ်တဲ့ နိုင်ငံရေး အခင်းအကျင်းတစ်ခုအောက်မှာတော့ ကျနော်တို့ရဲ့ သွားပုံသွားနည်းတွေ လုပ်နည်းကိုင်နည်း တွေ ကွဲလွဲချက်ကောင်း ရှိရင်ရှိနေနိုင်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့အနေနဲ့ ဒီပြည်ထောင်စုထဲမှာ အတူတကွ နေထိုင်ကြတဲ့ ပြည်ထောင်စုသားတွေ ဖြစ်တာနဲ့အညီ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် လိုအပ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြိုးပမ်းတည်ဆောက်ရေးဖြစ်စဉ်က တချိန်ချိန်မှာတော့ ပြည်ထောင်စုအကျိုး ရှေ့ရှု့ပြီးတော့ သယ်လာနိုင်အောင် ကြိုးပမ်းဆောင်ရွက်ဖို့ ကျနော်တို့အနေနဲ့ ရှိသမျှ စွမ်းအားနဲ့ ကြိုးပမ်းဆောင်ရွက်ပါတယ်လို့ ဒီလောက်ပဲ ဖြည့်စွက်ပြောချင်ပါတယ်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here