ဒေသတွင်းတိုက်ပွဲပဋိပက္ခတွေကြောင့် ထိုင်း-ကရင်နီ (ကယား) နယ်စပ် ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှာ ခိုလှုံနေထိုင်ကြတဲ့သူတွေဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့နေကြရပါလဲ။ အသက်မွေးဝမ်းကျောင်းအတွက် ဘယ်လိုရုန်းကန်ရှာဖွေပြီး စားသောက်နေကြရပါလဲ။ ဒုက္ခသည်စခန်းမှာ နေထိုင်သူတယောက်အနေနဲ့ အနာဂတ်မှာရော ဘာတွေမျှော်လင့်ထားပါလဲ ဆိုတာတွေကို စခန်းနေထိုင်သူ တချို့ရဲ့ စကားသံတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
မော်ကိုမယ် (အသက် ၂၈ နှစ်၊ ကရင်နီအမျိုးသားကောလိပ် (KnNC) – ဒု-ကျောင်းအုပ်)

အခက်အခဲက အများကြီးရှိတယ်။ ပထမဆုံး တခုပြောချင်တာက ပညာရေးအခွင့်အလမ်း၊ ပညာရေးနဲ့ ပတ်သက်တဲ့ အခွင့်အလမ်းက သိပ်မရှိဘူး။ ဥပမာ – ဒီမှာကျောင်းတက်တာက အိမ်နီးနားချင်းနိုင်ငံကစ သူတို့က ကျမတို့လက်မှတ်ကို အသိအမှတ်မပြုဘူး။ ပြင်ပမှာ ပညာသွားသင်နိုင်ဖို့ အခွင့်အလမ်းက နည်းလာတယ်။ အခွင့်အလမ်းနဲ့ ပတ်သက်ရင် ကျမတို့အတွက်နည်းလို့ ကျမတို့ရဲ့ အသိုင်းအဝိုင်းထဲမှာ ပညာတတ်တဲ့လူက နည်းသွားတယ်။ ဥပမာ – ကျမတို့အတွက် အခွင့်အလမ်းရှိပြီး ပြင်ပမှာ သွားလာခွင့်ရရင် ကျမတို့အသိုင်းအဝိုင်းက ပညာတတ်တဲ့လူ ပိုများလာနိုင်တယ်။ ကျမတို့က ပညာရေးအခွင့်အလမ်း မရှိတဲ့ အပေါ်မှာဆိုရင် ပညာဆက် မသင်နိုင်တော့ဘူး။ အဲ့အပေါ်မှာလည်း အလုပ်အခွင့်အလမ်းကလည်း မရှိသလောက် နည်းတယ်။ အခုချိန်မှာ ရိက္ခာပိုင်းနဲ့ ပတ်သက်တာ၊ နေထိုင်ရေး ထောက်ပံ့ရေးပိုင်းမှာ တဖြည်းဖြည်းနဲ့ နည်းပါးလာတယ်။ နေထိုင်တာ ပိုပြီးကျပ်တည်းလာတယ်။ ခုက တဖက်မှာ ပြန်ကြည့်ရင်လည်း ကုန်ပစ္စည်းတွေ စားသောက်ကုန်တွေက တဖြည်းဖြည်းနဲ့ စျေးတက်လာတယ်။ စခန်းထဲကအလုပ်လည်း ထောက်ပံ့ကြေးက နဲနဲပဲရတာကြောင့်မို့ နေ့စဉ်ဘ၀အတွက် စားသောက်ရေးက မလုံလောက်ဘူး။ ပြီးတော့ အာဟာရဓါတ် ချို့တဲ့မှုက များလာတာကို တွေ့မြင်ရတယ်ပေါ့နော်။ အထူးသဖြင့် ကျမတို့က ဘာမျှော်လင့်လဲဆိုရင် တနေ့ကျရင် တတိယနိုင်ငံထွက်သွားဖို့ မျှော်လင့်နေတုန်းပဲ။ ဒီဒုက္ခသည်ဘ၀ကို လွတ်မြောက်ချင်တယ်။
ခူးရယ်ရယ် (အသက် ၂၃ နှစ်၊ ကျောင်းဆရာတဦး)

တရက်ပြီးတရက် ဝင်ငွေရဖို့လည်း မရှိတော့ အခက်ခဲအများကြီး ကြုံရတယ်။ ဒီစခန်းမှာနေတာ ပညာသင်ခွင့်လည်း ခက်ခဲရှိတယ်။ လေ့လာမှုလည်း ပြည့်စုံမှုမရှိဘူး၊ ခက်ခဲရှိတယ်။ သူများနိုင်ငံလို လိုက်မမီနိုင်ဘူး။ ဒီဒုက္ခသည်မှာပဲဆိုတော့ ထက်မြက်တာတွေလည်း မလောက်ဘူးပေါ့နော်။ အနာဂတ်မှာ ပိုကောင်းလာဖို့က ကျနော်တို့ကြိုးစားရမယ် ဆက်သွားမယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ တိုင်းပြည်၊ ရွာကိုတော့ တနေ့တချိန်ကျရင် ပြန်မယ်လို့ စဉ်းစားတယ်။ အပြီးမနေချင်ဘူး၊ တနေ့ကျရင် ရွာသူရွာသားကို ပြန်ကူမယ်လို့ စဉ်းစားထားတယ်။ တိုင်းပြည်ပိုကောင်းဖို့က ဘယ်လိုဝိုင်းကြိုးစားကြမလဲ၊ တနေ့ တိုင်းပြည် ပြန်ကောင်းဖို့ မျှော်လင့်တယ်။
မော်စူးမယ် (အသက် ၅၀၊ ဒုက္ခသည်အမျိုးသမီး)

ကျမတို့မိဘက စာမတတ်ဘာမတတ်တော့ ရက်တိုင်းအလုပ်က အဝတ်တွေ၊ လွယ်အိတ်တွေယက်ပြီး ရောင်းတယ်။ ရတဲ့ဝင်ငွေက သားသမီးမုန့်ဖိုးနဲ့ ဟင်းဖိုးပေ့ါ။ ဝက်တွေကိုမွေးပြီး ရောင်းတယ် ပြီး စားတယ်။ ဒုက္ခသည်မှာ နေလာတာကြာလာတော့ ရိက္ခာပိုင်းမှာ မလောက်တော့ဘူး။ တဖြည်းဖြည်းနဲ့ လျော့လာတယ်။ ခုက ကတ်နဲ့ ထုတ်ပေးတော့ အလုပ်မလုပ်တတ်သူ မသန်စွမ်းဆို နှစ်ရာနဲ့နှစ်ဆယ်၊ သုံးဆယ်ဝန်းကျင်ပဲ ပေးတယ်။ မလောက်တော့ဘူး။ အပြင်မှာပဲ ရှာစားနေရတာ။ အပိုအလျှံတွေတော့ မရှိဘူးပေါ့။
ခူးရှားရယ် (အသက် ၃၃ နှစ်၊ ဒုက္ခသည်အမျိုးသားတဦး)

အခက်အခဲတော့အမျိုးမျိုးပေါ့ စား၀တ်နေရေးကအစ။ အိမ်ပြုပြင်ဖို့ဆိုလည်း သစ်၀ါးခုတ်ယူဖို့ အတော်လေး ခက်ခဲနေတယ်။ မိသားစုထဲက ဖျားနာတာရှိရင် ဆေးခန်းသွားဖို့လည်း ဆိုင်ကယ်မရှိတော့ အတော်လေး ခက်ခဲနေတယ်။ ၀င်ငွေတော့ မရှိဘူး။ ဒါမဲ့ ရပ်ကွက်ထဲမှာ အလုပ်လုပ်နေတော့ အဲ့ဒီကရတဲ့ငွေနဲ့ပဲ စားသုံးပါတယ်။ သူများကျွေးတာတော့ မလုံလောက်ဘူးပေါ့။ ကျနော်က ထောက်ပံ့ကြေးရတယ်။ ကျနော့မိန်းမက ကျန်းမာရေးရုံးမှာ အလုပ်လုပ်တယ်။ ပြီးရင် ယက်ကန်းယက်တယ် ရိုးရာအင်္ကျီတို့ပေါ့။ ပြီး သူ့အမျိုးတွေဆီ ပို့တယ်၊ ကလေးတွက် မုန့်ဖိုးဆိုပြီး ပြန်ပေးတယ် အဲလိုပေါ့။ UN အခွင့်အရေးရရင် သား၊သမီး အတွက်စဥ်းစားပြီး သွားရမယ်။ ကျနော်တို့အတွက်က အဲ့လောက်မဟုတ်ဘူး။ ဒါပေမဲ့ သား၊သမီး ပညာတတ်ဖြစ်ဖို့အတွက်တော့ သွားရမယ်။
မော်မီမယ် (အသက် ၂၆ နှစ်၊ ဒုက္ခသည်အမျိုးသမီး)

ဒီမိသားစုထဲမှာ ကျမတယောက်ထဲပဲ အလုပ်လုပ်တော့ မလုံလောက်ဘူး၊၊ ကျမယောက်ျားလည်း အလုပ်မရှိ အဲကြောင့် မလုံလောက်ဘူးပေါ့နော်။ ဘ၀ရှေ့ရေးကောင်းဖို့ဆို နောက်ကျရင် အမေရိကန်က ခေါ်မယ်ဆိုရင်တော့ အမေရိကန်သွားမယ်လို့ ကျမတွေးထားတယ်။ ကျမသား၊သမီး ကောင်းစားဖို့ တိုးတက်ဖို့အတွက်ပေါ့။
ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

