“ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်၊ နေထိုင်ခွင့်ရတဲ့ လက်မှတ်တွေအတွက် လုပ်ပေးတဲ့အချိန်ကာလ ပြီးမြောက်သွားပြီ ဖြစ်တဲ့အတွက် ဘာမှလုပ်လို့မရတဲ့အတွက် အလိမ်ခံရပြီး ငွေလည်းကုန်၊ လူလည်းအန္တရာယ်ဖြစ်မှာ စိုးရိမ်တာ ကြောင့် အရာရာကို လေ့လာစုံစမ်းပါ။ တိကျမှန်ကန်ပြီးမှ ဘယ်လိုအနေအထားမျိုးလဲ စဉ်းစားလုပ်ကိုင်ကြပါလို့ ပြောလိုပါတယ်။ မလာပါနဲ့ လာပါဆိုတဲ့ စကားလုံးကိုတော့ အကြံပြုဖို့ ခက်ခဲပါတယ်” ဦးအောင်ကျော်- ထိုင်းနိုင်ငံအခြေစိုက်အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်းအဖွဲ့တာဝန်ရှိသူ

By MPM 27 ဖေ‌ဖော်ဝါရီ, 2024 👁

တရားမဝင်လမ်းကြောင်းများဖြင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံဘက်က အရေးယူ ဆောင်ရွက်သွားနိုင်မည့် အခြေအနေများအပေါ် ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်းအဖွဲ့ တာဝန်ရှိသူဦးအောင်ကျော်နှင့် ဆက်သွယ်မေးမြန်းချက်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံက လူငယ်လူရွယ်အများအပြားသည် ထိုင်းနိုင်ငံထဲကို တရားမဝင် လမ်းကြောင်းများကနေ အလုံးအရင်းနှင့် ဝင်ရောက်လျက် ရှိနေပါသည်။ အခုလို ထိုင်းနိုင်ငံထဲ တရားမဝင်လမ်းကြောင်းများ မှတဆင့် ဝင်ရောက်လာသူများကို အရေးယူသွားမည်ဟု ထိုင်းဝန်ကြီးချုပ်က သတိပေး ပြောဆိုထားပါသည်။

တရားမဝင်လမ်းကြောင်းများဖြင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံဘက်က အရေးယူ ဆောင်ရွက်သွားနိုင်မည့် အခြေအနေ၊ ဖမ်းဆီးခံရပါက ဘယ်လိုအကျိုးဆက် ဖြစ်လာနိုင်ပါလဲ။ ဒီအခြေအနေများ နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ်သမားအရေးဆောင်ရွက်နေသည့် ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမား အခွင့်အရေး ဖောင်ဒေးရှင်းအဖွဲ့မှ တာဝန်ရှိသူဦးအောင်ကျော်အား ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ထိုင်းဝန်ကြီးချုပ်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို အရေးယူဆောင်ရွက်မယ် လို့ ပြောသွားတာရှိပါတယ်။ အဲဒီပြောဆိုချက်အပေါ် အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးအနေနဲ့ ဘယ်လို မြင်ပါလဲ။

ဖြေ။ ။ ဒါကတော့ ကျွန်တော်တို့အတွက် စိတ်ပူစရာကောင်းတဲ့ လက္ခဏာပေါ့။ ဘာကြောင့်လဲဆိုတော့ လက်ရှိ မြန်မာနိုင်ငံရေးမှာ အကျပ်အတည်း၊ အခက်အခဲတွေ တအားဖြစ်နေတယ်။ နောက်လူငယ်၊ လူရွယ်တွေကလည်း လက်ရှိစစ်ကောင်စီက ထုတ်ပြန်တဲ့ စစ်မှုထမ်းဥပဒေကလည်း အသက်သွင်းနေပြီဆိုတော့ ပြည်တွင်းမှာရှိတဲ့ လူငယ်တွေဟာ တရားဝင်နည်းလမ်းနဲ့ ပြည်ပနိုင်ငံကိုထွက်ဖို့ ပြင်ဆင်နေကြတယ်။

အဲဒီ တရားဝင်ထွက်မယ့် လမ်းကြောင်းတွေကိုလည်း ပိတ်ဆို့တားဆီးနေတဲ့အခါမှာ ရရာနည်းလမ်းနဲ့ထွက်မယ့် လက္ခဏာတွေကို ကျွန်တော်တို့ ကြုံတွေ့နေရတယ်။ အခု ထိုင်းဝန်ကြီးချုပ်ကလည်း သူ့နိုင်ငံတွင်းထဲ နိုင်ငံတော် လုံခြုံရေးအရ နယ်စပ်ထွက်ပေါက်တွေကနေ တရားမဝင် ဖြတ်ကျော်လာတာတွေအားလုံး ထိရောက်စွာ စုံစမ်း အရေးယူ ဖော်ထုတ်မယ်လို့ သတင်းတွေ ထွက်နေတဲ့အတွက် ကျွန်တော်တို့ ပြည်တွင်းမှာရှိတဲ့ လူငယ် မျိုးဆက်သစ်တွေအတွက် အလှမ်းဝေးနေတယ်ဆိုတာ ကျွန်တော်ပြောလိုပါတယ်။

မေး။ ။ ထိုင်းဝန်ကြီးချုပ်ပြောသွားတဲ့ ဖမ်းဆီးအရေးယူဆောင်ရွက်မှု နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်လာနိုင်မလဲ။

ဖြေ။ ။ လူသားချင်းစာနာထောက်ထားမှုအနေနဲ့ ဟိုယခင်နှစ်တွေကလိုပဲ ဒီထဲကိုရောက်ရှိလာတဲ့ ပုဂ္ဂိုလ်တွေ အားလုံး နေထိုင်အလုပ်လုပ်ခွင့်လက်မှတ်တွေ ထုတ်ပေးပြီးမှ ကူညီတာမျိုးဆိုရင်တော့ ကျွန်တော်တို့အတွက် ဝမ်းသာစရာကောင်းတဲ့ လက္ခဏာပေါ့။ အဲဒီလိုမဟုတ်ဘဲ သူ့နှုတ်ကထွက်လာတဲ့အတိုင်း နိုင်ငံတော်လုံခြုံရေးအရ ထိထိရောက်ရောက် အရေးယူမယ်ဆိုရင်တော့ ကျွန်တော်တို့လူငယ်တွေ ဖမ်းဆီးနိုင်တဲ့အတွက် သတ်မှတ် ပြစ်မှုပြစ်ဒဏ်တွေ ချမှတ်ပြီး နေရပ်ပြန်ပို့မယ်ဆိုရင်တော့ စိတ်ပူစရာကောင်းနေပြီလို့ သတ်မှတ်ပါတယ်။

မေး။ ။ ထိုင်းဝန်ကြီးချုပ်ပြောပုံအရ တကယ်ပဲအရေးယူနိုင်လား၊ အရေးယူပြီးတော့ နေရပ်ပြန်ပို့နိုင်ချေ ရှိပါလား။

ဖြေ။ ။ ဒါတော့ ပြောရခက်တယ်။ သူ့အနေနဲ့လည်း အဟန့်အတားအနေနဲ့များ လှမ်းပြောလိုက်တာများလား။ ဘာလို့လဲဆိုတော့ ၂၀၂၁ နောက်ပိုင်း အားလုံးသိတဲ့အတိုင်းပဲ။ သိန်းနဲ့ချီပြီး ထွက်ပြေးလာတဲ့ လူတွေအားလုံး ဒီမှာ ရောက်နေတယ်။ ဒါကိုလည်း သူသိသိကြီးနဲ့ နောက်ဆုံးကျတော့ ထိုင်းနိုင်ငံကို အကြောင်းကြောင်းကြောင့် ရောက်လာတဲ့ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို အလုပ်သမားများအား အထောက်အထားများ၊ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်လက်မှတ်များ ထုတ်ပေးမယ်ဆိုပြီး သူလုပ်ပေးလိုက်တာလည်း ရှိတယ်ဆိုတော့ အလုံးအရင်းနဲ့ဝင်မလာအောင် ဟန့်တားချင်တာများလားလို့လည်း တွေးစရာလေးတွေ ရှိတာပေါ့။ တကယ်ထိထိရောက်ရောက် လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံသားတွေအတွက် ကြီးလေးတဲ့ ဒုက္ခမျိုးစုံ ခံစားရမယ်လို့ မြင်တွေ့နေရပါတယ်။

မေး။ ။ ထိုင်းဘက်က အရေးယူမယ်လို့ ပြောပြီးတဲ့နောက် ရှေ့ဆက်ပြီးတော့ နယ်စပ်တွေမှာ လုံခြုံရေးတွေ တင်းကြပ်နိုင်လား၊ ထိုင်းပြည်တွင်းမှာရော သူတို့လိုက်လံဖမ်းဆီးမှုတွေ ရှိလာနိုင်မလား။ ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ လက်ရှိအနေအထားကတော့ နှုတ်ကထုတ်ဖော်ပြောကြားသလိုမျိုး လုပ်ဆောင်တာတွေတော့ မတွေ့ရသေးဘူး။ သို့သော် နိုင်ငံတိုင်း နိုင်ငံတိုင်းလုပ်ဆောင်တဲ့ မိမိနိုင်ငံရဲ့နယ်နိမိတ်တွေကိုတော့ လုံခြုံရေးတွေ ချထားတာတော့ ရှိပါတယ်။

မေး။ ။ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံထဲကို လူငယ်တွေအများအပြား ရောက်ရှိလာတယ်ပေါ့နော်။ သတင်းထဲမှာလည်း အခုတလော တော်တော်များများ ဖမ်းခံရတယ်။ တရားမဝင် ဝင်ရောက်မှု အခြေအနေ နောက်ဆက်တွဲ ဘယ်လိုတွေ့နေရပါလဲ။

ဖြေ။ ။ ပြည်တွင်းမှာလည်း ကျွန်တော်တို့ကြားနေရတာတွေတော့ တော်တော်စိတ်ပူပန်စရာ ကောင်းတယ်။ ဥပမာ – အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီး လုပ်ငန်းခွင်မှာ အလုပ်ပြီးဆုံးလို့ အိမ်အပြန်လမ်းမှာ ဖမ်းဆီးနေတယ်လို့ ကြားရတာတွေရှိတော့ စိတ်မကောင်းဖြစ်ရတယ်။ အဲဒီသတင်းတွေ ပြည်တွင်းမှာထွက်ပေါ်လာတာနဲ့အမျှ ပြည်ပနိုင်ငံတွေကို ထွက်ဖို့ တာဆူနေတာတွေ အများကြီး တွေ့ရတယ်။

တချို့ကတော့ မှန်မှန်ကန်ကန် တရားဝင် လမ်းကြောင်းနဲ့လာဖို့ စီစဉ်ထားပေမဲ့ သို့သော် တရားဝင်လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားတာ လုပ်လာတာ ဆိုတော့ တနေ့က ထိုင်းသံရုံးမှာ လူတွေထောင်နဲ့ချီပြီးတော့မှ အလည်အပတ် visa နဲ့ ပြည်ပထွက်ခွာဖို့ လျှောက်တဲ့ ကိစ္စတွေလည်းရှိတယ်။ ထိုင်းသံရုံးကလည်း လူတွေများလာလို့ တစ်ရက်ကို လူ ၄၀၀ ပဲ လက်ခံမယ်လို့ လုပ်ထားတော့ တရားဝင်သွားရောက်မယ့်လူတွေ အဟန့်အတားဖြစ်စေနိုင်တဲ့အတွက် တရားမဝင် နည်းလမ်းကို တွန်းပို့တယ်လို့ပဲ သုံးသပ်ရမှာ ဖြစ်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ထိုင်းနိုင်ငံထဲဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး အကြံပြုချင်တာရှိပါလဲ။

ဖြေ။ ။ ဒါနဲ့ပတ်သက်ပြီး တော်တော်စိတ်မကောင်းဘူး။ တရားမဝင်နည်းနဲ့ရော၊ တရားဝင်နည်းနဲ့ရော ထိုင်းနိုင်ငံမှာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ အဲဒီလောက် မကောင်းတဲ့အတွက် မလာပါနဲ့ဆိုတဲ့ စကားလုံးကိုသုံးဖို့လည်း အင်မတန်အခက်အခဲ ရှိပါတယ်။ ပြည်တွင်းမှာ အကျပ်တည်းတွေ တော်တော် ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့အတွက် လူငယ်တွေအနေနဲ့ ပြည်ပကိုထွက်ခွာဖို့ အားသန်နေကြတယ်။ သို့သော် ကျွန်တော့်အနေနဲ့ ပြောချင်တာက အခုအချိန်မှာ ထိုင်းနိုင်ငံက တရားမဝင် အလုပ်သမားတွေကို တရားဝင်အောင် စာရွက်စာတမ်းတွေ ပြုလုပ်ပေးတဲ့အချိန်လည်း မဟုတ်ဘူး။

ပြီးတော့ လောလောဆယ် ကြားနေရတာက မြန်မာပွဲစားတွေရဲ့ အခွင့်ကောင်းယူတာပေါ့ဗျာ။ မြန်မာပြည်တွင်းမှာ ရှိတဲ့ လူငယ်တွေကို ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်ကိုရမယ်။ တရားဝင်နေထိုင်ခွင့် အစိုးရအသိအမှတ်ပြု လက်မှတ်တွေကိုလည်း ရရမယ်။ အဲဒီအတွက် ပိုက်ဆံပေးရမယ်လို့ လိမ်လည်တာတွေ ကြားရတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်၊ နေထိုင်ခွင့်ရတဲ့ လက်မှတ်တွေအတွက် လုပ်ပေးတဲ့အချိန်ကာလ ပြီးမြောက်သွားပြီ ဖြစ်တဲ့အတွက် ဘာမှလုပ်လို့မရတဲ့အတွက် အလိမ်ခံရပြီး ငွေလည်းကုန်၊ လူလည်းအန္တရာယ်ဖြစ်မှာ စိုးရိမ်တာ ကြောင့် အရာရာကို လေ့လာစုံစမ်းပါ။ တိကျမှန်ကန်ပြီးမှ ဘယ်လိုအနေအထားမျိုးလဲ စဉ်းစားလုပ်ကိုင်ကြပါလို့ ပြောလိုပါတယ်။ မလာပါနဲ့ လာပါဆိုတဲ့ စကားလုံးကိုတော့ အကြံပြုဖို့ ခက်ခဲပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။