27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ထိုင်းတစ်နိုင်ငံတည်းမဟုတ်သလို တစ်ကမ္ဘာလုံးကလည်း ဖြစ်စဉ်တွေရှိနေတဲ့အတွက်ကြောင့် မိမိလုပ်ကိုင်နေတဲ့ အလုပ်အကိုင် ထိုက်သင့်တဲ့လုပ်အားခတွေ စနစ်တကျသုံးစွဲပြီး လုံလုံလောက်လောက်ချွေတာပြီး နေထိုင်ကြဖို့ မလိုအပ်ပဲ ခရီးတွေ အဝေးကြီးသွားလာတာမျိုး...

“ထိုင်းတစ်နိုင်ငံတည်းမဟုတ်သလို တစ်ကမ္ဘာလုံးကလည်း ဖြစ်စဉ်တွေရှိနေတဲ့အတွက်ကြောင့် မိမိလုပ်ကိုင်နေတဲ့ အလုပ်အကိုင် ထိုက်သင့်တဲ့လုပ်အားခတွေ စနစ်တကျသုံးစွဲပြီး လုံလုံလောက်လောက်ချွေတာပြီး နေထိုင်ကြဖို့ မလိုအပ်ပဲ ခရီးတွေ အဝေးကြီးသွားလာတာမျိုး အလုပ်တွေ ပြောင်းရွှေ့တာမျိုးမလုပ်ဘဲ တည်ငြိမ်အေးချမ်းတဲ့ ဘဝတစ်ခုကို တည်ဆောက်ဖို့လိုအပ်ပါတယ်” ဦးအောင်ကျော်/ အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) ပြောရေးဆိုခွင့်ရှိသူ

လက်ရှိထိုင်းနိုင်ငံရေးရှုပ်ထွေးမှုကြား ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများ ရင်ဆိုင်ကြုံနေကြရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး ထိုင်းအခြေစိုက် အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်နှင့် ဆက်သွယ်မေးမြန်းချက်။

ထိုင်းနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံကြား နယ်စပ်ပြဿနာပြင်းထန်မှုကစ၍ ထိုင်းနိုင်ငံရေး ရှုပ်ထွေးမှုသည် လက်ရှိအနေအထားတွင် ပိုဆိုးလာနေသည်။ ထိုရိုက်ခတ်မှုဒဏ်ကို ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများလည်း ရင်ဆိုင်ခံစားနေရသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့် Work Permit နှင့် ဗီဇာသက်တမ်းတိုးကိစ္စများလည်း အစိုးရမူဝါဒအပြောင်းအလဲကြောင့် လချီပြီး ကြန့်ကြာနေတာကြောင့် အခက်တွေ့နေကြရသည်။

လက်ရှိ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားများ ဘယ်လိုအခက်အခဲများ ရင်ဆိုင်နေရပါလဲ။ ထိုင်းအာဏာပိုင်တို့၏ ဖမ်းဆီးမှုအခြေအနေက ဘယ်လိုရှိနေပါလဲ။ မြန်မာနိုင်ငံကနေ အခြေအနေအရပ်ရပ်ကြောင့် ထိုင်းနိုင်ငံထဲကို တရားမဝင်ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ အခြေအနေကရော ဘယ်လောက်ဆိုးရွားနေပါလဲ။ ဒီအခြေအနေများနှင့်ပတ်သက်ပြီး ထိုင်းအခြေစိုက် အလုပ်သမား အခွင့်အရေးဖောင်ဒေးရှင်း (LRF) ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိ ထိုင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့အခြေအနေတွေ ဘယ်လိုရှိပါလဲ။ ဘာတွေ ရင်ဆိုင်ကြုံတွေ့နေရပါလဲ။

ဖြေ။ ။ လက်ရှိ ထိုင်းနိုင်ငံမှာရှိတဲ့ ရွေ့ပြောင်းအလုပ်သမားတွေကတော့ ဘယ်တုန်းကမှမကြုံဖူးတဲ့ အခက်အခဲတွေ ကြုံတွေ့နေရတာလို့ပြောရင် မမှားဘူးခင်ဗျ။ ထိုင်းနိုင်ငံမှာ ၂၀၂၅ ဖေဖော်ဝါရီ ၁၃ မှာ ဗီဇာ သက်တမ်းကုန်သွားတဲ့အုပ်စုတွေက ဒီနေ့အချိန်ထိ ဗီဇာသက်တမ်းတိုးခြင်းတွေ ဘာမှအကောင်အထည် မဖော်သေးဘူးဖြစ်နေတယ်။ သို့သော် ထိုင်းအစိုးရကတော့ ဒီလုပ်သားတွေကို ၂၀၂၅ ဩဂုတ်လအထိကို နေထိုင်ခွင့်ပြုထားတယ်။

အလုပ်သမားတွေကတော့ တရားဝင်ဗီဇာတွေ သက်တမ်းတိုးချင်တာပေါ့။ ဒီလုပ်ငန်းစဉ်တွေ အခုထိ ဘာမှ အကြောင်းမပြန်သေးတဲ့အတွက်ကြောင့် ဘဏ်တွေ တချို့ယာဉ်မောင်းလိုင်စင်တွေ အမျိုးသမီး မီးဖွားစရိတ်တွေ ထုတ်ဖို့ အဲဒါတွေက တရားဝင်ဘဏ်တွေမှာ သွားတဲ့အခါကျရင် စာရွက်စာတမ်းဗီဇာသက်တမ်းရှိမှ ထုတ်လို့ရမှာ။ အဲဒီအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေရတာလို့ ပြောပြချင်ပါတယ်။

မေး။ ။ လက်ရှိထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပေါ်ပစ်မှတ်ထားပြီး စီမံချက်နဲ့ရှာဖွေ ဖမ်းဆီးတာတွေ ရှိပါလား။ ဘယ်လိုအခြေအနေတွေ ရှိပါလဲ။

ဖြေ။ ။ ဖမ်းဆီးနေတာတွေကတော့ မရပ်သွားပါဘူး။ လက်ရှိ ဖမ်းဆီးနေဆဲပါပဲ။

မေး။ ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ လာမယ့်ဇူလိုင် ၁ ရက်နေ့ကစပြီး အလုပ်သမားတွေအားလုံး အနိမ့်ဆုံး ဘတ် ၄၀၀ ရရှိမယ်လို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။ လက်ရှိ အဲဒီအခြေအနေကိုရော ဘယ်လိုကြားသိရ သေးပါလဲ။

ဖြေ။ ။ ဘန်ကောက်နယ်မြေတခုပဲ ကွင်းကွင်းကွက်ကွက်တိုးပေးတဲ့ကိစ္စကို ထိုင်းနိုင်ငံအလုပ်သမား အဖွဲ့ အစည်းတွေက သဘောမကျဘူး။ အလုပ်သမားဆိုတာက ထိုင်းနိုင်ငံမှာအလုပ်လုပ်ရတာ အတူတူဖြစ်သလို ထိုင်းနိုင်ငံရဲ့ ကုန်ဈေးနှုန်းတွေလည်း ကြီးမြင့်လာတဲ့အတွက် ဒီလုပ်အားခလစာကို တနေရာတည်းကွက်ပြီး ပေးရတဲ့အတွက် ထိုင်းနိုင်ငံက အလုပ်သမားအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ ပူးတွဲစာထုတ်ပြန်ပြီး တနေရာတည်း တန်းတူညီတူပေးဖို့ ကျွန်တော်တို့ပြောထားတာ ရှိပါတယ်။

ထိုင်းနိုင်ငံမှာ ခရိုင်ပေါင်း ၇၇ ခု ရှိတဲ့အတွက်ကြောင့် တစ်နိုင်ငံလုံးတန်းတူညီမျှပေးဖို့ တနေရာတည်း ကွက်မပေးဖို့ ပြောထားတာ ရှိပါတယ်။ ဘန်ကောက်နဲ့အနီးတဝိုက် တိုးမြင့်ပေးတာဖြစ်တဲ့အတွက် ကျွန်တော်တို့လိုချင်တာက ထိုင်းနိုင်ငံမှာ ခရိုင်ပေါင်း ၇၇ ခု ရှိလို့ အားလုံးအညီအမျှဖြစ်အောင် တစ်နိုင်ငံလုံးမှာ တိုးမြှင့်ပေးဖို့ ဆက်လက် တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။

မေး။ ။ နောက်ပြီး ထိုင်းနိုင်ငံထဲမှာ ထိုင်းနိုင်ငံသားရဲ့အလုပ်တွေကို ဝင်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ၊ မြန်မာရွှေ့ပြောင်းလုပ်သားတွေဖွင့်ထားတဲ့ ဆိုင်တွေ ဖမ်းဆီးနေတာမျိုး ဆက်ရှိနေတယ်လို့ ကြားသိရပါတယ်။ အဲဒီဟာနဲ့ပတ်သက်ပြီး ဘာများကြားသိရပါသေးလဲ။

ဖြေ။ ။ ကျွန်တော်သိထားတာက ဖမ်းဆီးမှုတွေက မရပ်တန့်သွားဘူး။ ထိုင်းနိုင်ငံမှာက အလုပ်သမားဝန်ကြီး ဌာနက ချမှတ်ထားတဲ့ နိုင်ငံခြားသားရွေ့ပြောင်းအလုပ်သမားများ လုံးဝ မလုပ်ရဆိုတဲ့ သူ့နိုင်ငံသားတွေကို လုပ်ခွင့် ပြုထားတဲ့ အလုပ်အကိုင်တွေ သတ်မှတ်ထားတာရှိတယ်။ အားလုံး၂၇ မျိုး ရှိတယ်။ အဲဒီ၂၇ မျိုးမှာ ရွေ့ပြောင်း အလုပ်သမားတွေ ဝင်ရောက် အလုပ်လုပ်ကိုင်နေလို့ ရှာဖွေဖမ်းဆီးနေတာတွေ တွေ့နေရတယ်။

မေး။ ။ နယ်စပ်ကနေဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေကဖမ်းဆီးရမိတာတွေလည်း ဆက်ရှိနေပါတယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့အခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ဒါတွေလည်း စိတ်မကောင်းစွာနဲ့ မြင်တွေ့နေရပါတယ်။ ဘုရားသုံးဆူဘက်ကနေ မြန်မာနိုင်ငံသား အမြောက်အမြားကို ဖမ်းဆီးနေတာ သတင်းဓာတ်ပုံတွေနဲ့ မြင်တွေ့နေရတယ်။ ဒါတွေကလည်း ပြောရခက်တယ်။ မလာပါနဲ့လို့ ပြောဖို့ရာလည်း ခက်တယ်။ ဘာကြောင့်ဆို ကိုယ့်ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှု အန္တရာယ်မျိုးစုံ ပေါ့ဗျာ။

မိမိတို့ရဲ့ဘဝ အသက်ရှင်ရပ်တည်ရေးနဲ့ စာဝတ်နေရေးအတွက် ရတဲ့နည်းနဲ့ စွှန့်စွားပြီး လာနေကြတယ်။ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်တယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ရှာဖွေဖော်ထုတ် အရေးယူ နေတာတွေ ရှိပါတယ်။ ဒါတွေလည်း နေ့စဉ်နဲ့အမျှ သတင်းတွေမှာမြင်တွေ့နေရပါတယ်။

မေး။ ။ ထိုင်းနိုင်ငံမှာ ကိုဗစ်လူနာသစ်တွေ ထပ်မံတွေ့ရှိရပြီး သေဆုံးသူဦးရေတိုးလာတယ်လို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။ အဲဒီအခြေအနေနဲ့ပတ်သက်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဘာတွေအသိပေး ပြောလိုတာရှိပါလဲ။

ဖြေ။ ။ ဒါကတော့ ထိုင်းအစိုးရ ကျန်းမာရေးဝန်ကြီးဌာနကနေ တရားဝင်တားမြစ်တာတွေ ပိတ်ပင်တာတွေ မတွေ့ရသေးဘူး။ မည်သူပင်ဆိုစေကာမူ ရောဂါဝေဒနာရှင်တွေကတော့ ဆင့်ကဲဆင့်ကဲ တိုးပွားနေတယ်ဆိုတာ တွေ့ရတယ်။ ကျွန်တော်တို့ လေ့လာသုံးသပ်သလောက်တော့ ဘန်ကောက်တလွှားမှာ လူနေထူထပ်တဲ့ အတွက်ကြောင့် အဖြစ်များနေတာကို တွေ့ရှိရတယ်။

ဘာပဲဖြစ်ဖြစ် ရွှေ့ပြောင်းအလုပ်သမားတွေကိုတော့ မိုးမပြို ပြိုခဲ့သော် သတိဝိရိယနဲ့နေထိုင်ဖို့ ကျန်းမာရေးအရ အကာအကွယ်လေးတွေ လုပ်ထားခြင်းအားဖြင့် မိမိကိုယ်ကိုကာကွယ်သလို ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အများ ပြည်သူကိုလည်း ကာကွယ်ပြီးသားဖြစ်တယ်လို့ ယူဆတဲ့အတွက်ကြောင့် အစိုးရအနေနဲ့ ထုတ်ပြန်ပြီးမှ ဒီလိုနေပါ ဒီလိုထိုင်ပါလို့ မဆိုသော်လည်း မိမိရဲ့သတိတရားနဲ့ ကျန်းမာရေးဆိုင်ရာကိုလိုက်နာဖို့ ကျွန်တော် အကြံပြုလိုပါတယ်။

မေး။ ။ ထိုင်းကဖမ်းဆီးထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ရနောင်း၊ ကော့သောင်း နယ်စပ်ဂိတ်ကို ပြန်ပို့တယ်။ ထိုင်းကပြန်ပို့လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို စစ်ကောင်စီကဖမ်းဆီးပြီး စစ်မှုထမ်းခေါ်ဆောင် နေတယ်။ အဲဒီကိစ္စ ဘယ်လိုကြားသိရသေးလဲ။ LRF လို အလုပ်သမားအဖွဲ့အစည်းအနေနဲ့ ထိုင်းအစိုးရကို ဘယ်လို တိုက်တွန်းအကြံပြုတာတွေရှိပါလဲ။

ဖြေ။ ။ ဒါကတော့ သူ့နိုင်ငံရဲ့ဥပဒေအရလုပ်တာဆိုတော့ အရမ်းကြီးတော့ ဟန့်တားကန့်ကွက်လို့တော့ မရဘူး ခင်ဗျာ။ သို့သော်လည်း ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ထိုင်းသမဂ္ဂတွေ လူ့အခွင့်အရေး ကော်မရှင်တွေနဲ့ ပြောပြီးမှ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။ အဖွဲ့အစည်းပေါင်းစုံကလည်း ဝိုင်းတောင်းဆိုထားတာ ရှိပါတယ်။

သို့သော် ထိုင်းအစိုးရအနေနဲ့လည်း သူ့နိုင်ငံရဲ့ဥပဒေအရ နေထိုင်မှု သွားလာနေမှုများကိုလည်း ရှာဖွေဖမ်းဆီးမှု တွေကို ဆက်လုပ်နေတဲ့အတွက် ကျွန်တော်တို့လည်း ဒါနဲ့ပတ်သက်ပြီး များစွာစိုးရိမ်မကင်း ဖြစ်မိပါတယ်။ ကြားပါ တယ်၊ အမြဲတမ်း ကြားပါတယ်။ ရနောင် – ကော့သောင်းနယ်စပ်ကနေ လွဲပြောင်းခံရသူတွေက သက်ကြီးရွယ်အိုနဲ့ နာမကျန်းကလွဲရင် အကုန်စစ်မှုထမ်းထဲကို ထည့်သွင်းခံရတာတွေကို အမြဲတမ်းကြားနေရပါတယ်။ ဒါအတွက် လည်း ကျွန်တော်တို့များစွာ စိတ်မကောင်းဖြစ်ရပါတယ်။

မေး။ ။ ဖူထိုင်းပါတီ (Pheu Thai Party) ဦးဆောင်တဲ့ ထိုင်းအစိုးရသစ်တက်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဘယ်လိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရပါလဲ။

ဖြေ။ ။ ထိုင်းနိုင်ငံမှာတော့ ဘယ်အစိုးရပဲတက်လာတက်လာ ရွေ့ပြောင်းအလုပ်သမားတွေကတော့ ပုံမှန်အတိုင်း သူ့အလုပ်အကိုင်နဲ့လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ရွေ့ပြောင်းအလုပ်သမား ၁၈ သိန်းရဲ့တရားဝင် စာရွက်စာတမ်း သက်တမ်းတိုးတွေအတွက် ရပ်တန့်နေရတာက သူ့လက်ထက်မှာဖြစ်တယ်လို့ မပြောလိုပေမယ့် တိုက်ဆိုင်စွာ အခုအချိန်မှာပဲ ဖြစ်ပေါ်လာတယ်။ ဒါတွေကလည်း နောက်ဆက်တွဲအကြောင်းအရာတွေ မြောက်များစွာရှိတယ်လို့လည်း သိထားပါတယ်။ အရင့်အရင်တုန်းက မသိကျိုးကျွံပြုထားတယ်ဆိုတဲ့ သဘောပေါ့ ဗျာ။ ထိုင်းရဲ့ အစိုးရဝန်ထမ်းတွေကတော့ အဂတိနဲ့မကင်းဘူးဗျာ။

သူတို့က လုပ်ခွင့်မရှိဘူးလို့ ဥပဒေအရပြဌာန်းတာကို လုပ်နေကြတယ်ဆိုတာက အချို့အချို့သော အာဏာပိုင်တွေ နဲ့ပေါင်းပြီးလုပ်ခဲ့ကြတယ်။ အခု အမျိုးသားရေးအစွန်းရောက်တွေက ပေါ်ပေါက်လာတဲ့အခါမှာ ထိုင်းပြည်သူ လူထုက သတင်းပို့တာတွေရှိတယ်။ ငါတို့အလုပ်တွေ မလုပ်ရဘူး။ ဒါတွေကတော့ အမြန်ဆုံး ထိထိရောက်ရောက် ဖော်ထုတ်ပေးဖို့ လိုအပ်နေတယ်လို့ မီးမောင်းထိုးပြလိုက်တဲ့အခါမှာ အဲဒီအုပ်စုတွေကလည်း တစ်နိုင်ငံလုံးကို လှည့်ပတ်ပြီးမှ ဒါတွေကိုလိုက်ရှာဖွေတယ်။ သူတို့ကိုယ်တိုင်ကတော့ အမျိုးသားရေးအစွန်းရောက်တွေဆိုတော့ သတင်းအချက်အလက်တွေ ပို့တယ်။ အာဏာပိုင်တွေက လိုက်ဖမ်းတယ်။ အဲဒီလိုတွေ ဖြစ်ပေါ်လာတာပါ။ အဓိက ကတော့ ကျွန်တော်တို့ ဥပဒေနဲ့အညီနေထိုင်မယ်ဆိုရင် ဒီပြဿနာတွေက ဖြစ်လာစရာအကြောင်းမရှိဘူးပေါ့ဗျာ။

မေး။ ။ တခြားဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါဦး။

ဖြေ။ ။ ကျွန်တော့်အနေနဲ့ကတော့ ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ သန်းနဲ့ချီရှိကြတယ်။ ရွေ့ပြောင်းအလုပ်သမားတွေကို ကျွန်တော်ပြောလိုတာက အင်မတန်ရှုပ်ထွေးနေတဲ့ အခြေအနေရောက်နေပါတယ်။ ဒါ ထိုင်းတစ်နိုင်ငံတည်းမဟုတ်သလို တစ်ကမ္ဘာလုံးကလည်း ဖြစ်စဉ်တွေရှိနေတဲ့အတွက်ကြောင့် မိမိလုပ်ကိုင်နေတဲ့ အလုပ်အကိုင် ထိုက်သင့်တဲ့လုပ်အားခတွေ စနစ်တကျသုံးစွဲပြီး လုံလုံလောက်လောက်ချွေတာပြီး နေထိုင်ကြဖို့ မလိုအပ်ပဲ ခရီးတွေ အဝေးကြီးသွားလာတာမျိုး အလုပ်တွေပြောင်းရွှေ့တာမျိုးမလုပ်ဘဲ တည်ငြိမ်အေးချမ်းတဲ့ ဘဝတစ်ခုကို တည်ဆောက်ဖို့လိုအပ်ပါတယ်။ ကမ္ဘာကပ်ရောဂါတွေကိုလည်း သတိနဲ့ထားနေထိုင်ကြဖို့ ပြောလိုပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။