5 ဇွန် 2026 /

See today's Peace Related News

Homeအင်တာဗျူး“ထိခိုက်ပျက်စီးမှုကတော့ ကမ်းနီရွာမှာ ဘုန်းကြီးကျောင်းလည်း ပျက်စီးတယ်။ တိုက်အိမ်တွေလည်း ပျက်စီးတယ်။ လူတွေလည်း သေတယ်။ ကိုယ်ဝန်ဆောင်မိခင်လည်း ပါတယ်။ မနေ့က ဗုံးကြဲတာလည်း...

“ထိခိုက်ပျက်စီးမှုကတော့ ကမ်းနီရွာမှာ ဘုန်းကြီးကျောင်းလည်း ပျက်စီးတယ်။ တိုက်အိမ်တွေလည်း ပျက်စီးတယ်။ လူတွေလည်း သေတယ်။ ကိုယ်ဝန်ဆောင်မိခင်လည်း ပါတယ်။ မနေ့က ဗုံးကြဲတာလည်း လူဦးရေ သုံးယောက်လောက် သေတယ်တယ်လို့ကြားတယ်။ ကလေးတွေရော ပါတယ်” ကရင်အရပ်ဖက်အဖွဲ့အစည်း တာဝန်ခံ

ကော့ကရိတ်-ကျုံဒိုးဝန်းကျင် စစ်ရေးအခြေအနေ၊ ဒေသခံပြည်သူများ ထိခိုက်မှုနှင့် တွေ့ကြုံနေရသည့် အခက်အခဲများအပေါ် ကရင်အရပ်ဖက်အဖွဲ့အစည်းတစ်ခု၏ တာဝန်ခံအား ဆက်သွယ်မေးမြန်းချက်။

စစ်ကောင်စီက အင်အားပြင်းငလျင်ဘေးဒဏ်မှ ပြန်ထူထောင်ရန်အတွက် ယခုဧပြီလကုန်အထိ အပစ်ရပ် သက်တမ်း ထပ်တိုးထားသော်လည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့အနီးဝန်းကျင်က ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိနေသည်။

ကော့ကရိတ်မြို့မြောက်ပိုင်းက ကျေးရွာများနှင့် ကျုံဒိုး-ကော့ကရိတ်ကားလမ်းတလျှောက်က ကျေးရွာများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်သည့် တော်လှန်ရေးအင်အားစုအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား ပြီးခဲ့သည့် ဧပြီ ၁၄ ရက်နေ့ကစတင်ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာတွင် ဧပြီ ၂၃ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

တိုက်ပွဲဖြစ်ပွားရာနေရာရှိ ကျေးရွာများကို စစ်ကောင်စီတပ်က Y-12 လေယာဉ်နှင့် နေ့စဉ်နီးပါး လာရောက် ဗုံးကြဲ တိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ကျေးရွာများကိုပါ ပစ်မှတ်ထားကာ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက် နေတာကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုရှိပြီး နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့ရသည်။

လက်ရှိ ကော့ကရိတ်-ကျုံဒိုးတဝိုက်က စစ်ရေးအခြေအနေတွေ ဘယ်လိုရှိနေပါလဲ။ ဒေသခံပြည်သူများ ထိခိုက်မှု အခြေအနေနှင့် တွေ့ကြုံနေရသည့် အခက်အခဲများအပါအဝင် ဒေသတွင်း ကူညီပေးနေမှုအခြေအနေများနှင့် ပတ်သက်ပြီး ကရင်အရပ်ဖက်အဖွဲ့အစည်းတစ်ခု၏တာဝန်ခံကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ကော့ကရိတ်-ကျုံဒိုးမှာ ဖြစ်ပွားတဲ့တိုက်ပွဲအခြေအနေတွေက ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ ကျုံဒိုး တဝိုက်မှာပေါ့နော်။ ဒါပေမယ့် ကော့ကရိတ် ရင်ကွဲတောင်လည်း အကြိတ်အနယ်ပဲ။ အခုအချိန်တော့ ဘာသတင်းမှ မကြားဘူး။ မနေ့က (ဧပြီ ၂၂) တော့ အကြီးအကျယ်ပဲလို့ ကြားတယ်။

မေး။ ။ ကော့ကရိတ်-ကျုံဒိုးတိုက်ပွဲကြောင့် ရွာတွေအများကြီး စစ်ပြေးရှောင်နေကြရတယ်။ ရွာဘယ်နှစ်ရွာ၊ စစ်ဘေးရှောင်ဦးရေ ဘယ်လောက်အထိ ထွက်ပြေးတိမ်းရှောင်နေကြပါလဲ။

ဖြေ။ ။ ရေပူရွာတို့မှာရော အများစုက ရော်ဘာခြံထဲမှာ ပုန်းကြတာပေါ့။ လေးရာလောက် ရှိတယ်။ လူဦးရေ ကတော့ တစ်သိန်းကျော်လောက်ပဲ။ ကျုံဒိုး ချောင်းဖျားပါမယ်။ နွားခြံကုန်း၊ သာယာကုန်း၊ ရေပူ၊ အိမ်ငါးတိုင်၊ ကိုးတိုင် အများကြီးပဲ။ ကော့ကရိတ်တောင်ပိုင်းကတော့ ကျွန်တော်တို့ နီးစပ်ရာနေရာလေးပေါ့။ ကျွန်တော်နေတာ ကျုဒိုးထဲဆိုတော့ ကျွန်တော်ပြောတဲ့လူဦးရေပေါ့။

မေး။ ။ ရွာတွေထဲမှာလည်း ပိတ်မိနေပြီးတော့ ထွက်ခွင့်မရတဲ့ လူတွေအများကြီးရှိတယ်လို့ ကြားရတယ်။ ရွာမှာကျန်နေပြီး ထွက်ခွင့်မရတဲ့လူတွေရဲ့အခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ အတော်များများတော့ ကြားတာပေါ့။ သူတို့နေနိုင်သေးတယ်ဆိုတော့ အဲဒီလောက်ထိ မဆိုးဝါးနိုင်ဘူးလို့ သူတို့ကိုယ်သူတို့ယုံကြည်တာလည်း ပါရင်ပါမယ်။ တချို့တွေ တချို့တွေက ပြေးလို့လည်း မရဘူး၊ ပိတ်မိနေလည်း ပိတ်မိလို့ဖြစ်မှာပါ။

မေး။ ။ စစ်ဘေးရှောင်တွေ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေ သူတို့လိုအပ်ချက်တွေက ဘာတွေပါလဲ။ ပြောပြပေးပါဦး။

ဖြေ။ ။ လိုအပ်ချက်က သူတို့လိုတာက ဆေးဝါးတွေ သူတို့လိုတာပေါ့။ စားနပ်ရိက္ခာပေါ့ အရေးကြီးတာပေါ့။ ညပိုင်းဆို အိမ်ပြန် ဆန်တွေပြန်ယူတာပေါ့။ တချို့တွေက ဆီတွေဆန်တွေ ပြန်ယူတာပေါ့။ မိုးမလင်းခင် သူတို့ ပြန်ယူတာပေါ့နော်။

မေး။ ။ လက်ရှိမှာ ရွာတွေထဲကို စစ်ကောင်စီတပ်က ဗုံးကြဲတာကြောင့် ထိခိုက်ပျက်စီးမှုတွေ သေဆုံးမှုတွေ ဘယ်လိုကြားနေရပါလဲ။

ဖြေ။ ။ ထိခိုက်ပျက်စီးမှုကတော့ ကမ်းနီရွာမှာ ဘုန်းကြီးကျောင်းလည်း ပျက်စီးတယ်။ တိုက်အိမ်တွေလည်း ပျက်စီးတယ်။ လူတွေလည်း သေတယ်။ ကိုယ်ဝန်ဆောင်မိခင်လည်း ပါတယ်။ မနေ့က ဗုံးကြဲတာလည်း လူဦးရေ သုံးယောက်လောက် သေတယ်တယ်လို့ကြားတယ်။ ကလေးတွေရော ပါတယ်။ ကလေးနှစ်ယောက်၊ လူကြီး တစ်ယောက်လား မသိဘူး။ ဒါပေမယ့် သတင်းမကြားတော့ မပြောတတ်ဘူး၊ အခုက။

မေး။ ။ လက်ရှိ အစ်ကိုတို့အဖွဲ့အနေနဲ့ စစ်ရှောင်ကူညီရေးအတွက် ဘယ်လိုဆောင်ရွက်နေပါလဲ။

ဖြေ။ ။ ကျွန်တော်အနေနဲ့ကတော့ စစ်ပွဲတွေဘာတွေဖြစ်ရင် အရင်ကလို ဘုန်းကြီးကျောင်းမှာ သွားခိုရ တယ်လေ။ အများအားဖြင့် ဘုန်းကြီးကျောင်းမှာ လူဦးရေများမယ်။ သူတို့ ထင်ထားတာပေါ့နော်။ အများအားဖြင့်က ဘုန်းကြီးကျောင်းမှာ သွားကပ်နေရတယ်လေ။ အရင်တုန်းက၊ အခုတော့ မဟုတ်တော့ဘူး ထင်တယ်။ အခုကတော့ အများနဲ့ပဲပေါ့နော်။

ကျွန်တော်တို့အဖွဲ့က ရန်ပုံငွေကောက်တာပေါ့နော်။ အခုကတော့ လုပ်ဆောင်နေဆဲပေါ့နော်။ မကူညီရ သေးဘူးပေါ့နော်။စားစရိတ်က အဓိကထားတာပေါ့နော်။ အခုက ကျွန်တော်တို့က စားစရိတ်ရယ်၊ ဆေးဝါး အတွက်ရော အဓိကထားတယ်။ လောလောဆယ်က စားစရိတ် အတွက်ရယ် သူတို့နေဖို့အတွက်က အမိုးအကာအတွက်လုပ်ပေးမယ် အဲဒီလိုမျိုး။

မေး။ ။ လက်ရှိစစ်ရေးဟာ အခုထက်ပိုမိုပြီး ပြင်းထန်လာနိုင်ပါလား၊ ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ကင်းထောက်လာတာ မြင်တယ်။ အခုက ဒီနှစ်က တော်တော်လေးကိုကင်းထောက်လာတာပေါ့နော်။ သုံးဆ တဆတောင်ကွာတယ်။ ဒီနှစ်က လေယာဉ်ဗုံးလာကြဲတာ မနည်းဘူးလေ။ ပြီးခဲ့တဲ့နှစ်ကဆို လေယာဉ် အဲဒီလောက် မကြဲဘူး။ ဒီနှစ်က တော်တော်လေးလာကြဲတယ်။ နေ့တိုင်း လာကြဲတာဆိုတော့ သုံးဆတောင် မကလောက်ဘူးထင်တယ်။

သံလွင်တိုင်းမ် ပေးပို့သည်။