27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“တော်လှန်ရေးတပ်တွေအနေနဲ့တော့ ရန်သူရဲ့အားပျော့နေတဲ့အပိုင်းတွေကို မပြတ်စောင့်ကြည့်နေပြီး ဆက်လက် တိုက်ခိုက်သွားမှာဖြစ်လို့ ဒီနှစ်အတွင်းမှာ တနင်္သာရီတိုင်းအနေနဲ့ နေရာတိုင်း တိုက်ပွဲတွေဖြစ်နေမယ့် အခြေအနေ ရှိနေပါမယ်” -...

“တော်လှန်ရေးတပ်တွေအနေနဲ့တော့ ရန်သူရဲ့အားပျော့နေတဲ့အပိုင်းတွေကို မပြတ်စောင့်ကြည့်နေပြီး ဆက်လက် တိုက်ခိုက်သွားမှာဖြစ်လို့ ဒီနှစ်အတွင်းမှာ တနင်္သာရီတိုင်းအနေနဲ့ နေရာတိုင်း တိုက်ပွဲတွေဖြစ်နေမယ့် အခြေအနေ ရှိနေပါမယ်” – တိုင်းစစ်ဌာန (တနင်္သာရီ) ကွပ်ကဲရေးမှူး ရဲဘော်စတား

စစ်အာဏာရှင်ကို တွန်းလှန်မှုအားကောင်းနေဆဲဖြစ်သည့် တနင်္သာရီတိုင်း စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး တိုင်းစစ်ဌာန (တနင်္သာရီ) ကွပ်ကဲရေးမှူး ရဲဘော်စတားနှင့် ဆက်သွယ်မေးမြန်းချက်။

အာဏာသိမ်းကာလ ၄ နှစ်ကျော်လာသည့်အထိ စစ်အာဏာရှ င်တော်လှန်ရေးအားကောင်းနေဆဲဖြစ်သည့် တနင်္သာရီတိုင်းထဲ၌ တိုက်ပွဲများခပ်စိပ်စိပ် ဖြစ်ပွားနေဆဲဖြစ်သည်။

စစ်ကောင်စီက ထိုင်း-မြန်မာကုန်သွယ်ရေး လမ်းကြောင်း ထုံခါ-မောတောင်လမ်းပိုင်းကို စိုးမိုးမှုရယူနိုင်ရန် ဆက်တိုက်တိုက်ခိုက်မှုတို့ရှိနေသလို တော်လှန်ရေး တပ်များရှိသည့် ထားဝယ်နှင့်မြိတ်ခရိုင်က မြို့နယ်များကို တိုက်ခိုက်မှုများရှိနေသည်။

လက်ရှိတွင်လည်း တနင်္သာရီတိုင်းထဲက စစ်ရေးအခြေအနေက ဘယ်လိုရှိနေပါလဲ။ ထိုင်း – မြန်မာနယ်စပ် ကုန်သွယ်ရေးအခြေအနေ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံစစ်ဘေးရှောင်များအခြေအနေ အပါအဝင် လာမည့်မိုးရာသီကာလ စစ်ရေးဖော်ဆောင်မှုအလားအလာတို့ကို သိနိုင်စေရန် တိုင်းစစ်ဌာန (တနင်္သာရီ) ကွပ်ကဲရေးမှူး ရဲဘော်စတားကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အရင်ဦးဆုံးအနေနဲ့ လက်ရှိတနင်္သာရီတိုင်းထဲက မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေ ဘယ်လိုရှိလဲ ပြောပြပေးပါ။

ဖြေ။ ။ တနင်္သာရီတိုင်းထဲမှာဆိုရင် ထားဝယ်ခရိုင်လေးမြို့နယ်၊ မြိတ်ခရိုင်လေးမြို့နယ်တမှာ မကြာခဏ တိုက်ပွဲဖြစ်နေတာတွေရှိတယ်။ ရန်သူဘက်ကလည်း စစ်ကြောင်းထိုးလှုပ်ရှားမှုတွေရှိနေသလိုပဲ တော်လှန်ရေး အင်အားစုတွေဘက်ကနေ ပြောက်ကျားစစ်တွေနဲ့ ပုံမှန်တိုက်ခိုက်မှုတွေရှိနေပြီး စခန်းသိမ်းတိုက်ပွဲတချို့ကိုလည်း တိုက်ခိုက်အောင်မြင်ခဲ့တာရှိတယ်။

ဘုတ်ပြင်းနဲ့ ကော့သောင်းဘက်မှာတော့ စစ်ရေးတင်းမာတဲ့အနေအထား သိပ်မရှိပေမယ့် မကြာခဏ ထိတွေ့ တိုက်ပွဲတွေရှိတယ်။ ဘုတ်ပြင်းမြို့နယ်မှာ ဒီလထဲမှာပဲပျူစောထီးတွေကို ဝင်ရောက်ရှင်းလင်းခဲ့ပြီး လက်နက် တွေပါ သိမ်းဆည်းရမိခဲ့တာတွေရှိပါတယ်။ ခြုံငုံပြီးပြောရရင် ဒီနှစ်ထဲမှာ တနင်္သာရီတိုင်းထဲက မြို့နယ် ၁၀ မြို့နယ် လုံးမှာ စစ်မျက်နှာဖွင့်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က တိုက်ပွဲဝင်နေတဲ့အနေအထားရှိပါတယ်။

မေး။ ။ တိုင်းထဲကမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှု အခြေအနေရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ လက်ရှိစစ်ကြောင်းထိုးနေတာက ထားဝယ်ရေနက်ဆိပ်ကမ်းဒေသနဲ့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ထုံခါ- မောတောင်လမ်းအပိုင်းကို စစ်ကောင်စီဘက်ကနေ စစ်ကြောင်းထိုးနေတာရှိတယ်။

မေး။ ။ လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ တနင်္သာရီမြို့နယ်ထဲက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရဲ့ စစ်ရေးအခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ တနင်္သာရီမြို့နယ်ထဲက နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ထုံခါ-မောတောင်လမ်းကို စစ်ကောင်စီဘက်က တပ်ရင်း ၅ ရင်းပေါင်းပြီး စစ်ကြောင်းထိုးနေတာဖြစ်တယ်။ အခုဆိုရင် အဲဒီစစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတာ လေးလကျော်နေပါပြီ။ သူတို့ရဲ့ရည်မှန်းချက်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းအပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဖြစ်တယ်။ ထုံခါလမ်းဆုံကနေ မောတောင်မြို့အထိ နယ်မြေရှင်းလင်းပြီး ပြန်လည်ထိန်းချုပ်နိုင်ဖို့ဖြစ်တယ်။

ဒါပေမယ့် သူတို့ ရည်မှန်းချက်ရဲ့ ၂၀ ရာခိုင်နှုန်းကိုတောင် အောင်မြင်အောင်မလုပ်နိုင်သေးဘူး။ ထုံခါလမ်းဆုံနဲ့ ငါးမိုင်လောက်သာအကွာအဝေးရှိတဲ့ သိန်ခွန်းရွာအနီးမှာ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ အပြင်းအထန် တိုက်ခိုက်မှုကိုခံနေရပြီး ရှေ့ဆက်မတိုးနိုင်ဘူး ဖြစ်နေတယ်။ အဲဒီနေရာမှာ နှစ်ဖက်ကျဆုံးမှုတွေ ရှိနေပါတယ်။ ရန်သူဘက်မှာပိုပြီးအထိနာနေပြီး စစ်ကြောင်းထဲက ထွက်ပြေးခိုလှုံလာတဲ့တပ်သားတွေ ကျနော်တို့ဆီမှာရှိတယ်။ အဲဒီစစ်ကြောင်းကနေ ထွက်ပြေးသွားတဲ့ ၁၀၃ တပ်ရင်းမှူးကိုလည်း မြိတ်ခရိုင် တပ်ရင်း- ၁ က ဖမ်းဆီးရမိထားတာရှိတယ်။

မေး။ ။ တဖက်မှာလည်း စစ်ကောင်စီရဲ့၏ စစ်ကြောင်းထိုးမှုနဲ့အတူ ဒရုန်းအပြင်၊ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေရဲ့ အခြေအနေရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ သူတို့ (စစ်ကောင်စီ) ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်ခဲ့သလို ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေပစ်ခတ်ခဲ့လို့ ရွာသားတချို့ထိခိုက်သေဆုံးခဲ့ပြီး ထုံခါ၊ တာပလပ်၊ ချောင်းလမု၊သိန်ခွန်းရွာတွေက ရွာသားတွေ စစ်ဘေးရှောင်နေရတယ်။

မေး။ ။ စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ပညာရေးအခြေအနေကရော ဘာတွေဆက်ဖြစ်နေလဲ။ အဲဒီ ကလေးငယ်တွေကရော ဘယ်လိုစိုးရိမ်ထိန့်လန့်မှုတွေ ရှိနေပါလဲ။

ဖြေ။ ။ စစ်ရေးတင်းမာပြီး တိုက်ပွဲဖြစ်နေတဲ့ဒေသတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းရန်နဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သူတို့ရဲ့နေရပ်ကို ပြန်နေဖို့ အခက်အခဲရှိတယ်။ စစ်ကောင်စီက ရွာတွေထဲရောက်လာရင် ရွာသားတွေကို ဖမ်းဆီးတာတွေရှိတယ်။ နေအိမ်တချို့လည်း မီးရှို့ဖျက်ဆီးခံထားရတယ်။ နေထိုင်ဖို့တောင် မလုံခြုံသေးတော့ ကလေးတွေရဲ့ပညာသင်ကြားနိုင်ရေးက မလွယ်ဘူး။

စစ်ဘေးရှောင်တဲ့နေရာတွေမှာပဲ ဖြစ်သလို သင်ကြားရမယ့်သဘောရှိတယ်။ စစ်ကောင်စီ မဝင်ရောက်နိုင်တဲ့ ရွာတွေမှာလည်း လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် ကျောင်းဖွင့်နိုင်ဖို့မလွယ်ကူသေးဘူး။ စစ်ဘေးလွတ်မယ့် နေရာတွေမှာပဲ ကလေးတွေကိုထားပြီး ပညာသင်ပေးရမယ့် အခြေအနေရှိနေပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ လာမယ့်တစ်လကျော်ဆိုရင် မိုးတွင်းကာလလည်း ရောက်လာတော့မယ်ဆိုတာ့ တိုင်းထဲက စစ်ရေး လှုပ်ရှားမှုအခြေအနေ ဘယ်လိုရှိမယ်လို့ထင်ပါလဲ။

ဖြေ။ ။ ပုံမှန်အားဖြင့်ဆိုရင်တော့ မိုးတွင်းရာသီကိုရောက်ရင် တပ်ရင်းတပ်ဖွဲ့တွေက လေ့ကျင့်တာ၊ စုဖွဲ့တာ၊ စုဆောင်းတာ စတဲ့လုပ်ငန်းတွေကို အဓိကလုပ်ဆောင်ကြတယ်။ ဒီမိုးရာသီကတော့ စစ်ရေးပါ တွဲပြီး လုပ်ရမယ့် အနေအထားရှိတယ်။ ဘာကြောင့်လဲဆိုတော့ ရန်သူဘက်ကလည်း စစ်ရေးလှုပ်ရှားမှုပုံမှန်ရှိနေပြီး တော်လှန်ရေး တပ်တွေဘက်ကလည်း ရန်သူကိုလုံးဝအနားမပေးဘဲ ဟန်ချက်ညီညီနဲ့ ဆက်လက်တိုက်ပွဲဝင်နေမှာဖြစ်လို့ပါပဲ။

မိုးတွင်းကာလမှာဆိုရင် ရန်သူ့ဘက်မှာ ရှေ့တန်းတပ်စခန်းတွေကို အုပ်ချုပ်ထောက်ပံ့မှု ပိုခက်ခဲလာပါလိမ့်မယ်။ တော်လှန်ရေးတပ်တွေအနေနဲ့တော့ ရန်သူရဲ့အားပျော့နေတဲ့အပိုင်းတွေကို မပြတ်စောင့်ကြည့်နေပြီး ဆက်လက် တိုက်ခိုက်သွားမှာဖြစ်လို့ ဒီနှစ်အတွင်းမှာ တနင်္သာရီတိုင်းအနေနဲ့ နေရာတိုင်းတိုက်ပွဲတွေဖြစ်နေမယ့် အခြေအနေ ရှိနေပါမယ်။ အဲဒါအပြင် မဟာမိတ်တပ်တွေအားလုံး ပိုပြီးပေါင်းစည်းမိလာပြီဖြစ်လို့ စစ်ရေးပိုပြီး တင်းမာမယ့် နှစ်တစ်နှစ်လို့ ပြောနိုင်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။