“တော်လှန်ရေးစလုပ်တဲ့ချိန်ကတည်းကိုက မည်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းချက်မပါဘဲ လုပ်လာတာလေ။ ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့ စည်းစိမ်တွေတောင် စွန့်ပြီး လုပ်နေတာဖြစ်တဲ့အတွက် ဒီလိုဆုကြေးငွေထုတ်ပြီး စည်းရုံးလဲ ကျနော်တို့အတွက် ဘာတုန်လှုပ်စရာမှမရှိဘူး” မြစ်ကြီးနား PDF

By MPM 15 မေ, 2023 👁

လက်နက်နှင့် ငွေကြေးလဲလှယ်ရေးဖိတ်ခေါ်ချက်အပေါ် ကချင်ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဘာပြောသလဲ

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ စစ်တပ်ပိုင်ရုပ်သံနဲ့ မြန်မာ့အလင်းသတင်းစာတွေမှာ PDF တွေနဲ့ ဖိတ်ခေါ်တဲ့ ထုတ်ပြန်ချက်ကို မေလ ၉ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ ဒီထုတ်ပြန်ချက်မှာ PDF တွေအပါအဝင် အကြမ်းဖက်အဖွဲ့ထဲရောက်နေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာဖို့နဲ့ လက်နက်ခဲယမ်းများပါရှိပါက လက်နက်အမျိုးအစားပေါ်မူတည်ပြီး ဆုကြေးငွေများဖြင့် ထောက်ပံ့ပေးသွားမယ်ဆိုပြီး မက်လုံပေးစည်းရုံးနေတာဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး နေရာဒေသအနှံ့ လိုက်လံကြေညာတာကိုလည်း တွေ့ရှိရပါတယ်။

ဒီထုတ်ပြန်ချက်ကို မေလ ၁၂ ရက်နေ့ ယနေ့မှာလည်း ဖားကန့်မြို့အတွင်းက နေရာတစ်ချို့မှာ စစ်တပ်က လိုက်ကပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ် လက်နက်ခဲယမ်းအမျိုးအစားပေါ် မူတည်ပြီး သတ်မှတ်ထားတဲ့ ဆုကြေးငွေမှာ ရိုင်ဖယ်အုပ်စုဝင် ၁ လက် ကျပ်သိန်း ၅၀၊ ပစ္စတိုအုပ်စုဝင်တစ် လက် ကျပ်သိန်း ၂၀၊ ပြောင်းချောတစ်လက် ကျပ်သိန်း ၃၀၊ စိန်ပြောင်းလောင်ချာ၊အာပီဂျီ တစ်လက် ကျပ်သိန်း ၇၅ သိန်း၊ လက်လုပ်ပြောင်ချောသေနတ်၊ စိန်ပြောင်းလက်လုပ်တစ်လက် ကျပ် ၅ သိန်း၊ လက်နက်ခဲယမ်းများမှအပ အခြားအသုံးအဆောင်ပစ္စည်းများ ကျပ် ၂ သိန်း၊ ဗုံးဖောက်ခွဲရေးအတွက် အသုံးပြုနိုင်သော ဒရုန်း ၁ စင်း ကျပ်သိန်း ၅၀ ထောက်ပံ့ပေးမယ်လို့ ပါရှိပါတယ်။

ဖားကန့် PDF

“တော်လှန်ရေးကာလကလည်း ကြာလာပြီဆိုတော့ ကလေးတွေရဲ့ဆင်းရဲဒုက္ခကိုလည်း သူတို့က သိတယ်။ အဲတော့ သူတို့က မျှားခေါ်တာပေါ့။ ကလေးတွေရဲ့အမြင်မှာရော ကျနော်တို့အမြင်မှာရော ဟာသလိုဖြစ်နေတယ်လို့ပဲ ပြောချင်ပါတယ်”။

မြစ်ကြီးနား PDF

“ကျနော်တို့က တော်လှန်ရေးစလုပ်တဲ့ချိန်ကတည်းကိုက မည်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းချက်မပါဘဲ လုပ်လာတာလေ။ ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့ စည်းစိမ်တွေတောင် စွန့်ပြီး လုပ်နေတာဖြစ်တဲ့အတွက် ဒီလိုဆုကြေးငွေထုတ်ပြီး စည်းရုံးလဲ ကျနော်တို့အတွက် ဘာတုန်လှုပ်စရာမှ မရှိဘူး။ ပြီးတော့ ကျနော်တို့ယုံကြည်ချက်ကိုလည်း ယိမ်းယိုင်စေမှာ မဟုတ်ဘူး”။

ဗန်းမော် PDF

“သူတို့ဆီမှာ အလင်းဝင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဥပမာ တော်လှန်ရေးမှာ မပါဝင်ချင်လို့ ထွက်တယ်ဆိုရင်တော့ ကိုယ့်ဖာကိုယ် အေးအေးဆေးဆေးနေမှာပေါ့။ အလင်းဝင်သွားပြီဆိုရင် အသက်ရှင်ဖို့လမ်းကမရှိတော့ဘူး။ သူတို့အကြောင်းအားလုံး သိနေပြီးသားဟာကို ပိုက်ဆံပေးပြီး မက်လုံးပေးပြီးလုပ်နေလဲ အလကားပဲလို့ ပြောချင်ပါတယ်”။

ရွှေကူ PDF

“ ကျနော်တို့ကတော့ ဟာသလုပ်နေတယ်လို့ဘဲမြင်တယ်။ ဒီတော်လှန်ရေးမှာ ငွေကြေးကိုရွေးချယ်ပြီး လုပ်ခဲ့တာမဟုတ်ဘူးဆိုတာ သူတို့မသိကြတာလားလို့ဘဲ ပြန်မေးလိုက်ချင်တယ်”။

KNG – ပေးပို့သည်။