ဖုန်း၊ အင်တာနက်လိုင်းများပြတ်တောက်နေပြီး တိုက်ပွဲဇုန်နှင့်နီးကပ်နေသည့် ဗန်းမော်မြို့၏လက်ရှိအခြေနေကို ဗန်းမော်မြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
ကချင်ပြည်နယ်၏ ဒုတိယအကြီးဆုံး မြို့တော်ဖြစ်သည့် ဗန်းမော်မြို့အပါအဝင် ကချင်ပြည်နယ် တစ်ပြည်နယ်လုံး ဇူလိုင်လ ၂၁ ရက်နေ့က စ၍ ဖုန်း၊ အင်တာနက်၊ ဝိုင်ဖိုင် လိုင်းအားလုံး ပြတ်တောက်နေသည် ၃ ပတ်ကြာ ရှိလာပြီ ဖြစ်သည်။
တဖက်တွက်လည်း ဗန်းမော်မြို့နှင့် ၇ မိုင် အကွာတွင်ရှိသည့် မိုးမောက်မြိုက စစ်ကောင်စီတပ် ခမရ ၄၃၇ ကို ဇူလိုင် ၂၄ ရက်နေ့ကစပြီး KIA ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် လက်ရှိချိန်ထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သလို တိုက်ပွဲတွင်း လက်နက်ကြီးများ ကျပေါက်ကွဲခြင်း၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုလည်း ရှိနေသည်။
အင်တာနက်လိုင်း ပြတ်တောက်နေတာကြောင့် ဒေသခံများအနေဖြင့် သတင်းအချက်အလက် ရရှိနိုင်မှု ခက်ခဲ ရပ်တန့်နေပြီး တိုက်ပွဲဇုန်နှင့် နီးကပ်နေသည့် ဗန်းမော်မြို့တွင် ဒေသလံများသည် ကောလာဟာလ သတင်းများ အကြား စိုးရိမ်စိတ် မြင့်တက်နေကြကြောင်း ဗန်းမော်မြို့ခံ ပြည်သူများက ပြောဆိုသည်။
ယင်းအပြင် ဗန်းမော်မြိုသည် ဒေသတွင်း၌ ကုန်းကြောင်း၊ ရေကြောင်း လေကြောင်း အချက်ချာကျသော မြို့ဖြစ်ပြီး၊ တရုတ်ပြည်နယ်စပ်နှင့်လည်း မိုင် ၄ဝ ခန့်အကွာ ၊ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့်လည်း မိုင် ၄၀ ခန့် အကွာတွင်ရှိသလို အစိုးရခရိုင်ရုံးစိုက်ရာ မြို့လည်းဖြစ်သဖြင့် စစ်ကောင်စီတပ်ဘက်ကလည်း ဗန်းမော်မြို့ကို လက်မလွတ်ရရေး အပြင်းထန် ခံစစ်ပြင်ဆင်နေသည်။ တိုက်ပွဲဇုန်နှင့် အနီးဆုံး၌ရှိနေသည့် ဗန်းမော်မြို့၏ လက်ရှိအခြေနေကို ဗန်းမော်မြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အင်တာနက်ပြတ်တောက်နေချိန်အတွင်း ဗန်းမော်မြို့ခံပြည်သူတွေ ဘယ်လိုအဆက်သွယ်လုပ်နေကြရပါလဲ။
ဖြေ။ ။ ဗန်းမော်ကလူတွေ လောလောဆယ် ဗန်းမော်ဆေးရုံကုန်းလို့ ပြောလို့ရတဲ့ ညောင်ပင်ရပ်က ဆက်သွယ်ရေး မှာ ၃၄ နဲ့စတဲ့ ဖုန်း တစ်ယောက်ကို ၃ မိနစ် ပြောခွင့်ရနေပါတယ်။ တန်းစီစနစ်နဲ့ ပြောနေရတဲ့ အနေအထားမှာ ရှိပါတယ်။ တစ်ခြားမြို့တွေလို ပိုက်ဆံပေးပြီး သုံးလို့ရတဲ့ အင်တာနက်ဆိုင်တွေလည်း မရှိပါဘူး။ ကျနော် သိရသလောက်ဆို စစ်တပ်လက်အောက် ဆက်သွယ်ရေးရုံးက အရာရှိ ၅ ယောက်ပဲ အင်တာနက်လိုင်း အချိန်ပြည့် သုံးလို့ရနေတယ်လို့ သိထားတယ်ဗျ။
မေး။ ။ အင်တာနက်လိုင်း ပြတ်တောက်တဲ့နောက် MEC ကတ်လိုင်းရတယ်လို့ ပြောကြတယ်။ အခုရော ရသေးလား။
ဖြေ။ ။ ဟုတ်တယ်ဗျ အစ လိုင်းပြတ်ထားတဲ့ ၃ ရက်လောက်က ရသေးတယ်။ ဒါပေမယ့် မိုးမောက် ခမရ ၄၃၇ ကို KIA နဲ့ PDF တွေက ဇူလိုင်လ ၂၄ ရက်နေ့ စတိုက်တဲ့နေ့ကစပြီး ပြတ်တောက်သွားတယ်လို့ ပြောလို့ရတယ်။ ပြီးတော့ အဲဒီရက်မှာပဲ နန်းတော်ဦးဖုန်းဆိုင်မှာ MEC ဖုန်းကတ်ရောင်းလို့်ဆိုပြီး လင်မယား ၂ ယောက်ကို စစ်တပ်က ဖမ်းသွားတာလည်းရှိတယ်။ ပိုက်ဆံ သိန်း ၃၀ ပေးပြီး ပြန်လွတ်လာတယ်လို့ သိရပါတယ်။ အဲဒီညနေ ကစပြီး MEC လည်း မရတော့ဘူး။
မေး။ ။ ခုနပြောသလို မိုးမောက် ခမရ ၄၃၇ တိုက်ပွဲနဲ့လည်းနီးတော့ ဗန်းမော်ဘက်ကို လက်နက်ကြီးကျပြီး အရပ်သားသေတာတွေလည်း ရှိနေတယ်လို့ ကြားနေရတယ် အဲဒီအခြေနေကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ။ မြို့ထဲ တချို့နေရာ ကျတာရှိတယ်။ ပြီးတော့ မြို့ပြင်လို့ပြောလို့ရတယ် စီဟတ်၊ ကောင်ဂျာယန်မှာ လွန်ခဲ့တဲ့ ၃ ရက်လောက်က စီဟတ်ဘက် လေကြောင်းနဲ့လာပစ်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် သေတယ်။ နန့်ဖား၊ တာမိုင်းလုံ ဒီအရှေ့ဘက်ခြမ်းတော့ ပထမ တခေါက်ကြဲတုန်းက ထိတာတွေတော့ရှိတယ်။ သိမ်တော်ကြီးဘက်လည်းကျတယ် ပြောတယ်။
မေး။ ။ လက်နက်ကြီးကြောင့်ဖြစ်ဖြစ် လေယာဉ်ဗုံးကြောင်ဖြစ်ဖြစ် အရပ်သားသေဆုံးတဲ့ အခြေနေအသေးစိတ် ထပ်ပြီးရှင်းပြပေးပါအုံး နေရာတိတိကျကျလေးပေါ့။
ဖြေ။ ။ ခုနပြောတဲ့ စီဟတ်က သေတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးသေတာက လေယာဉ်ဗုံးကြောင့်လို့ သိထားတယ်ဗျ။ လိုင်ဇာကို လာကြဲတဲ့ညပဲ။ နောက်ထပ်က နမ့်ဖားဘက်မှာကျတယ် အဲမှာတစ်ယောက်သေတယ်။ ပြီးတော့ သိမ်တော်ကြီးဘက်မှာ လက်နက်ကြီးကျလို့ ၄ ယောက်ထိတယ် တစ်ယောက်သေတယ်လို့ ကြားတယ်။ ကလေးလည်း ပါတယ်လို့ပြောတယ်။ တာမိုင်းလုံဘက်လည်း လက်နက်ကြီးကျတယ်၊ တစ်ယောက်သေတယ်လို့ သိရပါတယ်။
မြို့ထဲမှာဆိုတော့ အောက်ချိုင့်ဘက်နဲ့ လေယာဉ်ကွင်းဘက် ကျတယ်။ အဲမှာလည်း လက်နက်ကြီးကျည် ထိတာ ၃ ယောက် ရှိတယ်လို့ သိရတယ်။ ရက်တော့ အတိအကျ မမှတ်မိတော့ဘူးဗျ။ အားလုံးက အင်တာနက် ပြတ်နေတဲ့ အချိန်ထဲမှာပဲ။ စုစုပေါင်း အရပ်သားသေတာ ၃ ယောက်၊ ထိတာတော့ ၁၀ ယောက်လောက် ရှိမယ်။ အင်တာနက်လိုင်းတွေမရတော့ ဒီလောက်ပဲသိရတာ ဒီထက်လည်း များနိုင်ပါတယ်။

ပုံစာ – ဗန်းမော်မြို့အဝင်
မေး။ ။ ဒီလိုမြို့တွင်းမှာရော လက်နက်ကြီးတွေကျတဲ့အပြင် အခုက ဗန်းမော်ကိုသိမ်းတော့မှာ ရှောင်ခိုင်းနေပြီ ဆိုပြီး သတင်းတွေလည်း ထွက်နေပါတယ်။ ဒေသခံတွေရော ရှောင်နေကြပြီလား။
ဖြေ။ ။ တိုက်ပွဲက မြို့ဘက်ကို ဦးတည်လာနေတာဆိုတော့ သိမ်းမှာမသိမ်းမှာတော့ ပြောမရဘူး။ သတင်းတွေ ကတော့ အဲလိုထွက်နေတာပဲ။ ရှောင်တဲ့သူတွေကတော့ နေ့တိုင်းနီးပါးရှိတယ်။ မြို့ခံတွေက တော်တော်လေးတော့ ရှောင်နေကြပြီ။ ခုဗန်းမော်မှာ အများပိုင်းရှိနေတာက မံစီ၊ မိုးမောက်ဘက်က စစ်ရှောင် လာနေကြတဲ့သူတွေ များနေတယ်။
မေး။ ။ အဲဆို ဗန်းမော်မြို့က အရမ်းစိုးရိမ်ရမယ့်ထဲ ပါနေပြီလို့ပြောလို့ရမလား ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ။ ။ စိုးရိမ်ရတဲ့ အနေထားမှာတော့ ရှိပါတယ်။ ဘာလို့လဲဆိုရင် ခမရ ၄၃၇ ပြုတ်ရင် ဗန်းမော်လာတော့ မှာလေ။ ဗန်းမော်မြို့ကို လုံခြုံရေးယူပေးနေတဲ့စခန်းလို့ ပြောလို့ရတယ်။ အဲဒါကို စကစက သိလို့ပဲ အင်တာနက်လိုင်းတွေ ပြန်မရအောင် တမင်လုပ်နေတာလားလို့တောင် ထင်ရပါတယ်။
မေး။ ။ မြို့တွင်း သွားလာရေးအခြေနေတွေရော ဘယ်လိုရှိပါလဲ။
ဖြေ။ ။ မြို့တွင်းကတော တချို့နေရာ လက်နက်ကြီးကျတာကလွဲလို့ အေးဆေးဖြစ်နေသေးတယ်လို့ ပြောလို့ ရတယ်။ တခါတလေ မြို့အဝင်အထွက် နည်းနည်းပါးပါး စစ်တာလောက်ပဲ။ အဓိကတော့ ဗန်းမော်တက္ကသိုလ် နောက်ကြောဘက်တွေ ဗန်းမော်- မြစ်ကြီးနား သွားလမ်းမပေါ်မှာရှိတဲ့ရွာတွေပဲ ပိုစိုးရိမ်ရတာ။ မြို့တွင်းကတော့ ပုံမှန် သွားလာနေကြပါတယ်။ စိုးရိမ်တာတော့ လူတိုင်းရှိနေကြမှာဘဲလေ မသွားမဖြစ်လို့ သွားလာနေကြတဲ့ သဘောပါဘဲ။
မေး။ ။ ကုန်စျေးနှုန်းနဲ့ စက်သုံးဆီတွေရော ပုံမှန်ဝယ်လို့ရနေလား။
ဖြေ။ ။ ဗန်းမော်က အရင်ကလို ဗန်းမော်- မန်းလေး တိုက်ရိုက်ကား သွားမရဘူးလေ။ ဗန်းမော်ကနေ ကောင်းတုံ ရေဆိပ် အဲကနေ ဟန်ထက်သွားရတာ။ ဟန်ထက်ကနေ တဆင့် စင်းခမ်းတံတားဖြတ်ပြီး ကသာ- မန်းလေး အဆင်ဆင့် သွားရတာဆိုတော့ ကုန်တွေကဝယ်လို့ရပေမယ့် စျေးတွေကတက်နေမြဲပဲ။ စက်သုံးဆီက မနေ့ကအထိ ၇၀၀၀ နဲ့ ၈၀၀၀ ကြား ရှိတယ်။
KNG ပေးပို့သည်။