“တပ်တွင်းစည်းလုံးညီညွတ်ရေးကလည်း ဖရိုဖရဲ ဖြစ်နေကြပြီ ကြားသိရသလောက်ပေါ့။ ရှေ့တန်းမှာတွေရော နောက်တန်းမှာတွေရော အကုန်လုံး ဖရိုဖရဲဖြစ်နေပြီ။ တိုက်လိုခိုက်လိုစိတ်လည်း မရှိကြတော့ဘူး။ ပြီးရင် အကုန်လုံးက စိတ်ဓာတ် ယိုယွင်းပျက်စီးနေပြီးတော့ ထိန်းချုပ်ရ အတော်ခက်ခဲသွားပြီပေါ့” CDM ဗိုလ်ကြီးဖြိုးပြည့်

0
325
ပုံစာ - ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းအား စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရသည့်ကျောင်းသား ၄ ဦး။

အရပ်သားပစ်မှတ်၊ ရပ်ရွာ၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေနှင့်ပတ်သက်ပြီး CDM ဗိုလ်ကြီးဖြိုးပြည့်ကို ဆက်သွယ်မေးမြန်းချက်။

ရှမ်း – ကရင်နီ (ကယား) နယ်စပ်နှင့် ကရင်နီ (ကယား) ပြည်နယ်ထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က အရပ်သား ပစ်မှတ်၊ ရပ်ရွာ၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အအုံများကို လက်နက်ကြီးအပြင်၊ လေကြောင်းကနေပါ ပစ်ခတ်ဗုံးကြဲမှုတွေ ဆက်တိုက်လုပ်ဆောင်နေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း ကရင်နီ (ကယား) ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဒေါဆီးအီကျေးရွာနှင့် လွိုင်နန်းဖကျေးရွာရှိ စာသင်ကျောင်းများကို စစ်ကောင်စီမှ လေကြောင်းကနေ လာရောက်ဗုံးကြဲခဲ့သည်။

ထိုသို့လေကြောင်းနှင့် ဗုံးကြဲခံရမှုကြောင့် ကျောင်းသား ၄ ယောက် အပါအဝင် ၅ ယောက် သေဆုံးခဲ့ပြီး ၂၁ ယောက် ထိခိုက်ဒဏ်ရာရ ရှိခဲ့သည်။

အရပ်သားပစ်မှတ်၊ ရပ်ရွာ၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အအုံများကို စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်နေသည့် အခြေအနေတွေနှင့် ပတ်သက်ပြီး CDM ဗိုလ်ကြီးဖြိုးပြည့်ကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ စစ်ကောင်စီဘက်ကနေ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ဒီလိုစာသင်ကျောင်းတွေ ပြည်သူတွေ ရှိတဲ့နေရာတွေကို လေကြောင်းရော၊ လက်နက်ကြီးတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်တယ်ပေါ့နော်။ အဲဒီအပေါ် ဘယ်လို မြင်ပါလဲ။

ဖြေ။ ။ စစ်ရေးပစ်မှတ် မဟုတ်တဲ့နေရာတွေ တိုက်ခိုက်တဲ့သဘောကတော့ အဲဒီဒေသမှာရှိတဲ့ ဒေသခံပြည်သူ လူထုတွေကို အကြောက်တရား ရိုက်ထည့်ပေးတဲ့ သဘောရယ်၊ သူတို့ စကစကို တော်လှန်နေတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူလူထုတွေနဲ့ပေါ့ ရန်တိုက်ပေးတဲ့သဘော အဲဒီနှစ်ခုတေ့ာ မြင်တယ်။

မေး။ ။ ဒီလိုတိုက်ခိုက်ဖို့အတွက်ကိုရော ဘယ်သူက အဓိက စေခိုင်းတာလဲ၊ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အဓိက ဘယ်သူ့မှာတာဝန်ရှိပါလဲ။

ဖြေ။ ။ ဒါကတော့ မြေပြင်ကွန်မန်ဒါတွေပေါ့။ မြေပြင်ကွန်မန်ဒါတွေနဲ့ အဲဒီကတိုင်းမှူးတွေ ဗျူဟာမှူးတွေ တပ်မမှူးတွေက အမိန့်ပေးတယ်ပေါ့။ အမိန့်ပေးပြီးမှ အဲ့မှာလေတပ်က pilot တွေက ဘယ်နေရာကို သွားကြဲမယ် ဆိုတာကို အမိန့်ပြန်ခွဲရတာပေါ့။

မေး။ ။ လေယာဥ်မှူးတွေအနေနဲ့ရော ပြီးတော့ မြေပြင်က စစ်သားတွေအနေနဲ့ရောပေါ့နော် ပေးတဲ့အမိန့်ကို ငြင်းဆန်မယ်ဆိုရင် စစ်ကောင်စီဘက်ကနေ ဘယ်လိုပြစ်ဒဏ်မျိုးပေးလေ့ရှိပါလဲ။

ဖြေ။ ။ ဒါကတော့ စကစမှာရှိတဲ့ စစ်ဥပဒေအရ ဆိုရင်တော့ စစ်အာဏာကို အမိန့်နာခံမှု မရှိတဲ့အမှုပေါ့နော်၊ ပြီးတော့ စစ်တိုက်ရန် ငြင်းဆိုတဲ့အမှုပေါ့။ အာဏာဖီဆန်မှု သဘောမျိုးတောင်မှ ဥပဒေပုဒ်မ တပ်ပြီးတော့မှ အနည်းဆုံး ထောင်ဒဏ်အနှစ် ၂၀ နဲ့ သေဒဏ်အထိ ချလို့ရတယ်လေ။

မေး။ ။ ဒီအရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာက ဘယ်လိုဥပဒေကို ချိုးဖောက်ရာရောက်လဲ။ ဒါကရော ဘယ်လို ပြစ်မှုမျိုးမြောက်လဲ။

ဖြေ။ ။ ဒီဟာကကျတော့ မြန်မာနိုင်ငံက ဂျီနီဗာကွန်ဗန်းရှင်းမှာ လက်မှတ်ထိုးပြီးသားလေ စစ်ပွဲဆိုင်ရာ ဥပဒေတွေမှာ လက်မှတ်ထိုးပြီးသားတော့ရှိတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာ ပြန်လည်ပြီးတော့ ကျင့်သုံးရမယ့် တပ်မတော် အက်ဥပဒေပေါ့၊ Military Act ဆိုတဲ့ ဥပဒေကို ပြဌာန်းထားခြင်း မရှိဘူး ပြည်တွင်းထဲမှာကြတော့။ နိုင်ငံတကာမှာကြတော့ ဂျီနီဗာကွန်ဗန်းရှင်းမှာ လက်မှတ်ထိုးထားတာတော့မှန်တယ် အဲဒါလေး တချက်တော့ ရှိတယ်။ အရင်အစိုးရကတည်းက လက်မှတ်ထိုးထားခြင်း မရှိတော့ လက်တလုံးခြားလေး လုပ်တာပေါ့ သူတို့က၊ ဥပဒေကို လက်တလုံးခြားလေး လုပ်ကြတာ အခုက။ ဆေးရုံတွေ ဘာသာရေးအဆောက်အုံတွေ ကျောင်းတွေ အရပ်သား ပြည်သူတွေကို တိုက်ခိုက်လို့မရဘူးဆိုတာက ရှိထားပြီးသားဖြစ်တယ်။

မေး။ ။ ဆိုတော့ ဒီလို တိုက်ခိုက်လို့မရဘူးဆိုတဲ့နေရာတွေကို စစ်ကောင်စီဘက်က ဘာကြောင့်တိုက်ခိုက်နေရ တာလဲ။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ဘာဖြစ်မလဲ။

ဖြေ။ ။ အဓိက ရည်ရွယ်ချက်ကတော့ သူတို့ကိုတိုက်ခိုက်နေတဲ့ အင်အားစုတွေနဲ့ ဒေသခံ ပြည်သူလူထုတွေနဲ့ ရန်တိုက်ပြီးတော့ သူတို့ခုခံတွန်းလှန်နေတဲ့ အင်အားစုတွေ အင်အားလျှော့နည်းသွားအောင်ရယ်၊ သွေးကွဲသွား အောင်ရယ် ဝါဒဖြန့်တယ်။ ဆိုက်ဝါးတွေ ထည့်တယ်။ အဲ့လိုသဘောပါ။ သူတို့ဆီမှာရှိတဲ့ တယ်လီဂရမ်ချယ်နယ် တွေ တခြားချယ်နယ်တွေမှာ အဲ့ဒီဟာတွေနဲ့ သူက ဝါဒပြန်ဖြန့်တာလေ။ နှစ်မျိုးသုံးမျိုးလောက် သုံးလို့ရတယ်။ အဲဒါကြီးကိုလုပ်ပြီး အဲဒီအမှုကြီးတွေ လုပ်ပြီးသွားရင် ဟိုဘက်ကို ချောက်ထိုးချတယ်။ ဟိုကောင်လုပ်တာ ဒီကောင်လုပ်တာ အဲလိုပေါ့။ ဟိုအဖွဲ့အစည်း ကျူးလွန်တာ ဒီအဖွဲ့စည်းက ကျူးလွန်တာဆိုပြီး သူတို့က ဗြောင်လိမ် ဗြောင်စား လုပ်ကြတာပေါ့။

မေး။ ။ နောက်မေးချင်တာတခုကတော့ အခုလက်ရှိ စစ်ကောင်စီရဲ့ တပ်တွင်းအခြေအနေတွေက ဘယ်လိုမျိုး ဖြစ်နေနိုင်လဲ။ ဘယ်လို သုံးသပ်လို့ရပါလဲ။

မေး။ ။ တပ်တွင်းအခြေအနေကတော့ တော်တော်ဆိုးဆိုးဝါးဝါးပေါ့။ မြန်မာပြည်ရဲ့သမိုင်းမှာ လက်နက်ချတဲ့ အင်အားစုအများဆုံးက ခွန်ဆာရဲ့အဖွဲ့က အများဆုံးပဲ။ အဲဒါပြီးရင် ဒုတိယ ရှမ်းမြောက်မှာ လက်နက်ချသွားတဲ့ အဖွဲ့(စစ်ကောင်စီ)က ဒုတိယအများဆုံးပဲ မြန်မာ့သမိုင်းမှာ။ တပ်တွင်းစည်းလုံးညီညွတ်ရေးကလည်း ဖရိုဖရဲ ဖြစ်နေကြပြီ ကြားသိရသလောက်ပေါ့။ ရှေ့တန်းမှာတွေရော နောက်တန်းမှာတွေရော အကုန်လုံး ဖရိုဖရဲဖြစ်နေ ပြီ။ တိုက်လိုခိုက်လိုစိတ်လည်း မရှိကြတော့ဘူး။ ပြီးရင် အကုန်လုံးက စိတ်ဓာတ် ယိုယွင်းပျက်စီးနေပြီးတော့ ထိန်းချုပ်ရ အတော်ခက်ခဲသွားပြီပေါ့။

မေး။ ။ ဒါဆိုရင် အခုလက်ရှိအခြေအနေက ဒီစစ်ကောင်စီတပ် ဒီတပ်မတော်က ပြိုကွဲနေပြီလို့ပြောလို့ရတဲ့ အနေအထားမျိုးလား။

ဖြေ။ ။ မှန်တယ် မှန်တယ် တော်တော်လေးကို ဖရိုဖရဲနဲ့ စည်းပျက်ကမ်းပျက် ဖရိုဖရဲစစ်တပ် ဖြစ်နေပြီဗျ။

မေး။ ။ စစ်တပ်ကနေ လူ့အခွင့်ရေးကို အကြိမ်ကြိမ်ချိုးဖောက်နေတဲ့အပေါ်မှာ ဒါတွေနဲ့ပတ်သက်ပြီးတော့ရော CDM တပ်သား၊ ဗိုလ်ကြီးတစ်ယောက်အနေနဲ့ ဘာတွေများ ထပ်ပြီးတော့ ဖြည့်စွက်ပြောချင်တာတွေရှိပါလဲ။

ဖြေ။ ။ ပြောချင်တာကတော့ဗျာ အခုလုပ်ကိုင်နေတဲ့ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အနေနဲ့ ကတော့ အမှားအမှန်ကို ခွဲခြားသိမြင်ပြီးတော့ အမြန်ဆုံး ခေတ်သစ်နိုင်ငံတော်ကြီးကို ပြန်လည်တည်ဆောက်တာ အကောင်းဆုံးပဲလို့ ပြောချင်ပါတယ်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here