စစ်ကောင်စီ၏လွတ်ငြိမ်းခွင့်၊ ငလျင်ဒဏ်ကြောင့် အကျဉ်သားများထိခိုက်မှုသေဆုံးမှုအပါအဝင်၊ ထောင်တွင်း ဖိနှိပ်မှုတို့နှင့်ပတ်သက်ပြီး အမျိုးသမီးအကျဉ်းသူများအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မဇူးဇူးမေယွန်းနှင့် ဆက်သွယ် မေးမြန်းချက်။
စစ်ကောင်စီက မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ဧပြီလ ၁၇ ရက်နေ့၌ လွတ်ငြိမ်းခွင့်ပြုခဲ့ရာတွင် နိုင်ငံရေး အကျဉ်းသား ၃၇၈ ဦး ပြန်လွတ်လာသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတဝှမ်းရှိ အကျဉ်းထောင် ၃၃ ခုကနေ နိုင်ငံရေးအကျဉ်းသား ၂၂၁ ဦးနှင့် နိုင်ငံရေးအကျဉ်းသူ ၁၅၇ ဦး လွတ်မြောက်တာခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဆိုသည်။
တဖက်တွင်လည်း ပြီးခဲ့သည့် မတ် ၂၈ ရက်နေ့က စစ်ကိုင်းနှင့် မန္တလေးမြို့တို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေး၊ အိုးဘိုအကျဉ်းထောင်ထဲရှိ အိုမင်းဟောင်းနွမ်းနေသည့် အဆောက်အအုံတချို့ပြိုကျပြီး အကျဉ်းသားများ သေဆုံးထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်။
ထိခိုက်ဒဏ်ရာရသူများထဲတွင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးနှင့် နိုင်ငံရေးအကျဉ်းသူ ၁၀ ဦးတို့ပါဝင်ပြီး နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၃၀ ထက်မနည်း သေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်အခြေအနေ၊ အင်အားပြင်းငလျင်ဒဏ်ကြောင့် သေဆုံးထိခိုက်မှုအပါအဝင် ထောင်တွင်းဖိနှိပ်မှုများနှင့် ပတ်သက်ပြီး အမျိုးသမီးအကျဉ်းသူများအဖွဲ့ပြောရေးဆိုခွင့်ရှိသူ မဇူးဇူးမေယွန်းကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အခုနောက်ပိုင်း နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်တွေက အကျဉ်းသား/အကျဉ်းသူတွေရဲ့ အခြေအနေ ဘယ်လိုရှိလဲ ပြောပြပေးပါဦး။
ဖြေ။ ။ ထောင်ထဲမှာ ရေပြတ်တာ ဆေးဝါးပါဆယ်ပို့တာ တင်းကြပ်မှုတွေ ကျန်းမာရေးအရဆို အရေပြား ရောဂါတွေ ဆေးဝါးလုံလောက်မှု မရှိတာမျိုးတွေ ကြုံတွေ့နေရတယ်။
မေး။ ။ စစ်ကောင်စီက လွတ်လပ်ရေးနေ့၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့လိုမျိုး ရက်ကြီးခါကြီးတွေမှာ လွတ်ငြိမ်း ချမ်းသာခွင့်ပေးတဲ့အခါတိုင်းမှာ နိုင်ငံရေးအကျဉ်းသား ပါဝင်တဲ့အခြေအနေက ဘယ်လိုရှိပါလဲ။ ရာခိုင်နှုန်းနဲ့ ကြည့်ရင် ဘယ်လောက်ထိရှိလဲ။ နိုင်ငံရေးအကျဉ်းသားပါဝင်မှု နည်းပါးလာတာဟာ ဘာကြောင့်လို့ထင်ပါလဲ။
ဖြေ။ ။ စစ်ကောင်စီက လွတ်လပ်ရေးနေ့လိုမျိုးမှာ အခါကြီးရက်ကြီးမှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာမျိုးတွေ နိုင်ငံရေးအကျဉ်းသူအကျဉ်သားတွေရဲ့ ပါဝင်မှုက အင်မတန်မှနည်းပါတယ်။ အဓိကက ပါဝင်ပြီဆိုရင် လွတ်ခါနီး ရက်ပိုင်းအလို လအလို နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေကို ရွေးလွတ်တာမျိုးတွေ အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေက ထောင်တသက် သေဒဏ်အပြင်ကို နှစ်ကြီး ၅၀ ည၊ ၅၀၅ အပါအဝင် တရားစွဲဆို ခံထားရတာတွေရှိတယ်။ စစ်ကောင်စီရဲ့လွတ်ငြိမ်းထဲမှာ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေ အင်မတန် ရာခိုင်နှုန်းနည်းပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ လွှတ်လိုက်တဲ့ နိုင်ငံရေးအကျဉ်းသူ/အကျဉ်းသား လွတ်တဲ့ရာခိုင်နှုန်းက ၄ ရာခိုင်နှုန်းဝန်းကျင်ခန့်ပဲရှိတာ ကျွန်မတို့အနေနဲ့ ခန့်မှန်းရပါတယ်။
မေး။ ။ ပြီးခဲ့တဲ့လကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် အကျဉ်းထောင်ထဲကအဆောင်တချို့ ပြိုကျ ပျက်ဆီးတာတွေရှိခဲ့တာကြောင့် အကျဉ်းသားအကျဉ်းသူတွေ ထိခိုက်သေဆုံးတဲ့အခြေအနေက ဘယ်လိုရှိပါလဲ။
ဖြေ။ ။ ငလျင်ကြောင့် အကျဉ်းထောင်ထဲမှာ ပြိုကျပျက်စီးမှုတွေထဲမှာ နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေကတော့ အိုးဘို (မန္တလေး) အကျဉ်းထောင်ကတော့ အထိအခိုက်များတယ်။ တခြားထောင်တွေမှာဆိုရင် သတင်းအမှောင်ချခံထားတာတွေရှိတယ်။ အိုးဘိုထောင်မှာဆိုရင် ပျက်စီးနေတဲ့ ပြိုကျနေတဲ့ အဆောက်အဦတွေထဲမှာ နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေ ထားရှိတာမျိုးတွေကအစ စစ်ကောင်စီနဲ့ အကျဉ်းဦးစီးက လုပ်ဆောင်နေတာတွေကို ကြားသိရတယ်။ လက်ရှိမှာ သတင်းအမှောင်ချမှု တွေနဲ့လည်း အကျဉ်းထောင်တွေထဲမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေဖြစ်နေပါတယ်။
မေး။ ။ အရင်ကတည်းက အကျဉ်းထောင်အတွင်းမှာ ဆေးဝါးစောင့်ရှောက်မှု လုံလုံလောက်လောက်မရှိဘဲ အခု ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့တဲ့အကျဉ်းသားတွေရဲ့ ဆေးဝါးပြဿနာနဲ့ပတ်သက်ပြီး ဘာအခက်အခဲတွေ ရှိနေပါလဲ။
ဖြေ။ ။ ဆေးဝါးစောင့်ရှောက်မှု လုံလောက်မှုမရှိတဲ့အပြင်ကို အခု ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်တဲ့ နိုင်ငံရေး အကျဉ်းသူအကျဉ်းသားတွေရဲ့ ဆေးဝါးပြဿနာကလည်း ဘယ်လောက်ထိ ဆိုးဝါးနေလဲဆိုရင် မိသားစု ထောင်ဝင်စာပေးဖို့ကို ကန့်သတ်လိုက်တာမျိုးတွေ ဖြစ်နေတဲ့ရောဂါဝေဒနာမျိုးတွေအတွက် အပြင်ကို ဆေးဝါး ကုသခွင့် မပေးတာမျိုးတွေလည်း ရှိနေတယ်လို့ကြားသိရတယ်။
ပြိုကျနေတဲ့ အဆောက်အဦတွေထဲမှာ ပြန်လည် ထားရှိမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်က ဘယ်လောက်ထိ ဆိုးဆိုးဝါးဝါး ခံနေရမလဲ သူတို့အနေနဲ့ လက်ရှိမှာဆိုရင် အပ်တို တစ်ချောင်းတောင် ကိုယ်တွယ်ခွင့်မရှိတဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေဟာ လက်ရှိမှာ သဘာဝဘေး အန္တရာယ်ကိုလည်း စိုးရိမ်နေရသလို စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ထောင်ပြောင်းပို့မယ်ဆိုတဲ့ နိုင်ငံရေး အကျဉ်းသူအကျဉ်းသားတွေကို ခြိမ်းခြောက်နေတာလည်း ကျွန်မတို့ အနေနဲ့ ကြားသိရတယ်။
မေး။ ။ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေ ဘယ်လိုဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရပါလဲ။
ဖြေ။ ။ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေ ဆေးဝါးကုသခွင့်မပေးတာ ဒီလိုမျိုး ခြိမ်းခြောက်မှုတွေနဲ့ ထောင်ထဲကသတင်းကို အပြင်ကိုထုတ်ရင် လူသူဝေးလံတဲ့နေရာတွေကို ထောင်ပြောင်းပို့မယ်ဆိုတဲ့ ခြိမ်းခြောက်မှု တွေပြုမူတာတွေ ဒါတွေ အကျဉ်းဦးစီးနဲ့ စစ်ကောင်စီဟာ လူ့အခွင့်အရေးကို ပေါ်ပေါ်တင်တင် ခြိမ်းခြောက်ရုံတင် မကဘူး၊ အခုလိုမျိုး သဘာဝဘေးအန္တရာယ်ကြောင့် စိုးရိမ်ပူပန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေ ပြည်သူတွေကို ခြိမ်းခြောက်မှုတွေ လုပ်ဆောင်တာသည် စိတ်ပိုင်းဆိုင်ရာကို ညှင်းပန်းနှိပ်စက် တာနဲ့ အတူတူပါပဲလို့မြင်မိပါတယ်။
မေး။ ။ နိုင်ငံတဝှမ်းကအကျဉ်းထောင်တွေမှာ အကျဉ်းသားတွေအပေါ် ဖိနှိပ်ခံရတဲ့အခြေအနေ ဘယ်လောက် အထိ ဆိုးရွားနေပါလဲ။
ဖြေ။ ။ နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေကို ထားရှိတဲ့ထောင်တွေက မြန်မာနိုင်ငံတဝှမ်းမှာဆို ၄၁ ထောင် ရှိတယ်။ အဲဒီအထဲမှာဆို နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ နှစ်သောင်းကျော်ရှိတယ်။ လက်ရှိမှာ သူတို့ ထောင်ထဲမှာ စားဝတ်နေရေး ကျန်းမာရေး ဒါတွေသည် ထောင်ဆိုတာနဲ့ ဆိုးသွမ်းတဲ့နေရာ လူများ အကုန်လုံး သိထားတဲ့နေရာဆိုတဲ့ တကယ့်ခက်ခက်ခဲခဲနဲ့ ရင်ဆိုင်နေရတာပေါ့။
အခုလိုမျိုး ငလျင်ဒဏ်သင့်တဲ့ အချိန်မျိုး မှာလည်း ပြစ်ဒဏ်တိုက်ထဲမှာ အထားခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားထဲမှာဆို သေဒဏ်တွေပါတယ်။ ထောင်တစ်သက်တွေ ပါတယ်။ ၅၀၅ သမားတွေ၊ ပုဒ်မအမျိုးမျိုးနဲ့ အတပ်ခံရပြီး ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ စစ်ကောင်စီဟာ ဒီလိုမျိုးအကျဉ်းထောင်ထဲမှာ အဆောက်အဦတွေက ပြောရမယ်ဆိုရင် နှစ်ပေါင်းကြာပြီဖြစ်တဲ့ အဆောက်အဦတွေဖြစ်တဲ့အတွက် အဲဒီနေရာတွေမှာမထားရှိဖို့ အကြံပြုချင်ပါတယ်ရှင့်။
သံလွင်တိုင်းမ် ပေးပို့သည်။