“တချို့ကြတော့ ဘာပြစ်မှုမှမရှိဘူး၊ သာမန်ရွာသားတွေကို မတရား စွပ်စွဲတယ်။ ဘာဖြစ်လို့ စွပ်စွဲလဲဆိုလို့ရှိရင် တောထဲကလက်နက်ကိုင်တွေကို အထောက်အပံ့ပေးတယ်။ ငွေကြေးဆိုင်ရာ ရန်ပုံငွေတွေကို ထောက်ပံ့တယ်။ စားနပ်ရိက္ခာ ထောက်ပံ့တယ်။ သတင်းတွေ လိုက်ပေးတယ်ဆိုတဲ့ မတရားစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးတာလည်း ရှိတယ်။” နိုင်အဲမွန်/ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)

By MPM 30 ဩဂုတ်, 2024 👁

မြန်မာနိုင်ငံတောင်ပိုင်းဒေသတွင်း ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများ၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုများနှင့်ပတ်သက်ပြီး မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) တာဝန်ရှိသူ နိုင်အဲမွန်နှင့် ဆက်သွယ်မေးမြန်းခြင်း။

မြန်မာနိုင်ငံတောင်ပိုင်းဒေသဖြစ်သည့် တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသူ ၅၈ ဦးရှိခဲ့ပြီး မတရားဖမ်းဆီး ချုပ်နှောင်ထားခံရသူပေါင်း ၁၅၉ ဦးရှိခဲ့သည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ပြောဆိုသည်။

HURFOM သည် လစဉ်တိုင်း အဆိုပါဒေသအတွင်း ဖြစ်ပျက်ခဲ့သည့် အခြေအနေများကို မှတ်တမ်းများ တတ်နိုင်သမျှကောက်ယူနေပြီး ဩဂုတ်အတွက်လည်း ကောက်ခံနေပြီး ထုတ်ပြန်ပေးရန်ရှိသည်ဟု ဆိုပါသည်။ မတရားဖမ်းဆီးညှင်းပန်းနှိပ်စက်မှုကြောင့် ထိခိုက်သေဆုံးသူများထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များလည်း ပါဝင်သည်ဟု (HURFOM) တာဝန်ရှိသူ နိုင်အဲမွန်က ပြောသည်။

မြန်မာနိုင်ငံတောင်ပိုင်းဒေသတွင်း ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအခြေအနေများ၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုများ အပါအဝင် ဒေသခံတို့၏ နေအိမ်ပျက်စီးဆုံးရှုံးမှု အခြေအနေများနှင့်ပတ်သက်ပြီး (HURFOM) တာဝန်ရှိသူ နိုင်အဲမွန်ကို ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM က ဖော်ပြထားတဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လတာအတွင်း ပျက်စီးသွားတဲ့အိမ်တွေက ဘယ်ပြည်နယ်နဲ့ ဘယ်တိုင်းတွေထဲက နေအိမ်တွေပါလဲ။

ဖြေ။ ။ ဇူလိုင်လမှာရှိတဲ့ ပျက်စီးသွားတဲ့စာရင်းက ၁၂၀ ကျော်တယ်။ များသောအားဖြင့် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်၊ နောက် တနင်္သာရီတိုင်း။ တနင်္သာရီတိုင်းမှာဆိုလို့ရှိရင် ရေဖြူမြို့နယ်၊ ထားဝယ်မြို့ အရှေ့ဘက်ဒေသ နောက်တခါ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်၊ နောက်တခါ မွန်ပြည်နယ်မှာဆိုလို့ရှိရင် ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်၊ ရေးမြို့နယ်မှာ အိမ်တွေ ပျက်စီးဆုံးရှုံးမှုတွေရှိတယ်။ တွေ့ရတယ်။

မေး။ ။ အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးရတဲ့ အဓိကအကြောင်းအရင်းတွေက ဘာတွေလဲ။

ဖြေ။ ။ အဓိကအားဖြင့် စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်မှု၊ ရမ်းသမ်းပစ်ခတ်တဲ့အထဲမှာဆိုရင် လက်နက်ကြီးပစ်ခတ်မှု၊ ပြည်သူတွေရှိတဲ့နေရာတွေကို ဦးတည်ပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တာဖြစ်တဲ့အတွက်ကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးတာရှိသလို တချို့ဆိုလည်း ကျနော်တို့တစိတ်တပိုင်းအနေနဲ့ ဆုံးရှုံးသွားတာတွေလည်း တွေ့ရတယ်ပေါ့နော။ ဒီအားလုံးပေါင်း ၁၂၀ ဆိုတဲ့ ဒီကိန်းဂဏာန်းဟာဆိုလို့ရှိရင် တစိတ်တပိုင်း ပျက်စီးသွားတာတွေရော အလုံးစုံပျက်စီးသွားပြီးတော့ လုံးဝပြာဖြစ်သွားတဲ့အထိ မီးတိုက်ခံရတဲ့ကိစ္စတွေရော အကုန် ပါတယ်ပေါ့နော်။

မေး။ ။ အခုလို နေအိမ်တွေ ပျက်စီးသွားတဲ့အတွက်ကြောင့် နေရပ်ဒေသ နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးတိမ်းရှောင်သွားကြရတဲ့ လူဦးရေဘယ်လောက်ရှိပါလဲ။

ဖြေ။ ။ တော်တော်များများက စာရင်းအရ ကျနော်တို့လစဉ် လချုပ်စာရင်းတွေပေါ့နော် ဖော်ပြထားတာရှိတယ်။ အဲ့ထဲမှာဆိုလို့ရှိရင် နောက်ဆုံးဇူလိုင်လမှာ ဖော်ပြထားတဲ့စာရင်းဟာဆိုလို့ရှင် အားလုံး ၃ ခု ပေါ့နော မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးပေါ့နော အားလုံးပေါင်း ၇၅,၀၀၀ နော်။ ဒီ ဇူလိုင်လ တစ်လထဲမှာပေါ့နော။ ၇၅,၀၀၀ လောက်ရှိတယ် မနည်းဘူးနော။ ဆိုတော့ ဒီ Target area ၃ ခုလုံးမှာရှိတဲ့ ထွက်ပြေးတိမ်းရှောင်ရတဲ့ IDP နဲ့ စစ်ဘေးဒုက္ခသည်အရေအတွက် ဖြစ်ပါတယ်။

မေး။ . အခုလို စစ်ဘေးရှောင်ရတဲ့သူတွေ‌က လက်ရှိမှာ သူတို့အနေနဲ့ ဘယ်လိုအခြေအနေမျိုး ရှိနေကြပါလဲ။

ဖြေ။ ။ တော်တော်များများက resistance organization control area တွေဖြစ်တဲ့ ကရင်ပြည်နယ်၊ နောက်တစ်ခုက မွန်မှာဆိုလို့ရှင်လည်း မွန်ပြည်သစ်ပါတီအပါအဝင် မွန်ဘက်ခြမ်းမှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေ ထိန်ချုပ်ထားတဲ့ နယ်မြေတွေမှာပါ။ နောက်တခါ ထားဝယ်ဘက်မှာဆိုလို့ရှိရင်လည်း NUG လက်အောက်မှာရှိတဲ့ PDF တွေ ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတဝိုက်မှာ ပင်ပန်းဆင်းရဲစွာနဲ့ စစ်ဘေးတိမ်းရှောင်နေရတာ ရှိတယ်။ တချို့ဆိုလို့ရှင် လုံးဝ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ချက်ချင်းကြီးပဲ စစ်ဘေး ရှောင်ရတဲ့အတွက် ဘာမှ ပိုင်ဆိုင်မှုတွေ သယ်ယူလာနိုင်ခြင်းမရှိဘူး။

စားနပ်ရိက္ခာကအစ ဆန်အိတ်ကလေးတစ်အိတ် ဆန်ကလေးတစ်ပြည်တောင်မှ မသယ်နိုင်တဲ့အခြေအနေမှာ ရှိနေတာတွေ အများကြီးရှိတယ်။ ERO ဒေသမှာဆိုလို့ရှိရင် အဓိကအခက်အခဲဆုံး ရုန်းကန်နေရတာတော့ ဒီစားနပ်ရိက္ခာ မရှိခြင်း၊ နည်းခြင်း၊ နောက်တခုက ဒီ မိုးရာသီကာလမှာ သူတို့အတွက် ခိုလှုံစရာ ရွက်ဖျင်တဲတို့ ယာယီတဲတို့ မလုံလောက်ခြင်းပေါ့နော်။ နောက်တခုက ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဒီတခြား စိန်ခေါ်မှုတွေ နောက်တစ်ခု နေထိုင်မှုနဲ့ပတ်သက်ပြီး ကြီးမားတဲ့စိန်ခေါ်မှုတွေ ရရှိနေတာတွေ့ရတယ်။ တော်တော်လေး ခက်ခက်ခဲခဲ စစ်ဘေးရှောင်နေတာ တွေ့ရပါတယ်။

မေး။ ။ ဇူလိုင်လအတွင်းမှာ မတရားဖမ်းဆီးခံရသူက ဇွန်လထက် ၂ ဆ တိုးလာတယ်လို့ ဖော်ပြထားတဲ့အတွက် (HURFOM) က ဘယ်နှစ်ဦးလောက်ရှိပါလဲ။

ဖြေ။ ။ ဇူလိုင်လ အပိတ်စာရင်းမှာဆိုလို့ရှင် လုံးဝ အဖမ်းခံလိုက်ရတဲ့စာရင်းက ၁၀၇ ယောက်ရှိတယ်။ ဖမ်းပြီးတော့ ချုပ်နှောင်ထားဆဲက ၅၂ ယောက် ရှိတယ်။ အားလုံးပေါင်း အဖမ်းအဆီးစာရင်းသက်သက်ကို ၁၅၉ ယောက် ပေါ့နော်။ နောက်တခုက လောလောဆယ် တရားရင်ဆိုင်နေရတာ ဖမ်းဆီးချုပ်နှောင်ထားခံရတာ ၅၂ case ရှိတယ်။ သူက များတယ်၊ များတယ်လို့ ပြောရမယ်။ တချို့ ဒီစာရင်းထဲမှာမှမပါတာက ပေါ်တာအနေနဲ့ ဖမ်းဆီး သွားတာ၊ လူသားဒိုင်းအနေနဲ့ သုံးပြီးဖမ်းသွားတာတို့ ဖမ်းပြီး အစအနပျောက်နေတာတို့ မပါဘူး။ ဒါ သိရုံသက်သက်က ၁၅၉ ပေါ့နော်။

မေး။ ။ သတ်ဖြတ်ခံထားရတဲ့ထဲမှာ အမျိုးသမီးနဲ့ကလေးတွေရောပါလား။

ဖြေ။ ။ အမျိုးသမီးနဲ့ကလေးဆိုရင် အားလုံးပေါင်း ၁၆ case လောက် ရှိပါတယ်။

မေး။ ။ ဘယ်လိုလူတွေက အဓိက ဖမ်းဆီးခံရတာပါလဲ။ ဘာ့ကြောင့် ဖမ်းဆီးခံကြရတာလဲ။

ဖြေ။ ။ တော်တော်များများက အရင်တုန်းက NLD အစိုးရလက်ထက်မှာ နာမည်ရှိခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေ၊ နောက်တခုက နိုင်ငံရေးပါတီထဲမှာပါဝင်ပြီးတော့ လှုပ်ရှားသူတွေ၊ စစ်အာဏာသိမ်းတဲ့ လုပ်ငန်းတွေကို အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက် လှုပ်ရှားနေတဲ့သူတွေ၊ နောက်တခုက အာဏာသိမ်း အလွန်ကာလက ဆန္ဒပြနေ တဲ့ အဖွဲ့အစည်းတွေထဲက တချို့မိသားစုဝင်တွေ၊ ပစ်မှတ်ထားခံရတာဆိုတော့ အဲ့ဒီလူတွေလည်း အဖမ်းခံရ တာရှိတယ်။

နောက်တခုက စစ်ဘေးရှောင်ကူညီသူကို ထောက်ပံ့နေတဲ့သူတွေ၊ နောက်တစ်ခါ PDF တွေကို ထောက်ပံ့နေ တယ်လို့ စွပ်စွဲခံနေရတဲ့သူတွေ၊ နောက်တခုက ဒီတော်လှန်ရေးကို တနည်းတဖုံနဲ့ ထောက်ပံ့နေတယ်လို့ ယူဆရတဲ့သူတွေကို စကစက အဓိက ဦးတည်ပြီးဖမ်းတယ်။ တချို့ကြတော့ ဘာပြစ်မှုမှမရှိဘူး၊ သာမန်ရွာသား တွေကို မတရား စွပ်စွဲတယ်။ ဘာဖြစ်လို့ စွပ်စွဲလဲဆိုလို့ရှိရင် တောထဲကလက်နက်ကိုင်တွေကို အထောက်အပံ့ ပေးတယ်။ ငွေကြေးဆိုင်ရာ ရန်ပုံငွေတွေကို ထောက်ပံ့တယ်။ စားနပ်ရိက္ခာ ထောက်ပံ့တယ်။ သတင်းတွေ လိုက်ပေးတယ်ဆိုတဲ့ မတရားစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးတာလည်းရှိတယ်။ ဆိုတော့ ဖမ်းဆီးတဲ့ပုံစံက အမျိုးမျိုးပါပဲနော်။

မေး။ ။ မတရားဖမ်းဆီး ညှင်းပန်းနှိပ်စက်ခံရလို့ ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးတဲ့သူတွေလည်းရှိတယ်လို့ ဖော်ပြထားတဲ့အတွက် ဘယ်နှစ်ဦး ထိခိုက်သေဆုံးပြီး ဒဏ်ရာရရှိတဲ့သူက ဘယ်နှစ်ဦးရှိလဲ။

ဖြေ။ ။ ဖမ်းဆီးပြီးတော့ ရိုက်နှက်တာကတော့ ပုံမှန်ပဲလေနော။ မတရားရိုက်နှက်တာ အဲ့လို case တွေတော့ ဖမ်းဆီးခြင်းရဲ့ နောက်ကွယ်မှာ တော်တော်များများရှိတယ်။ ဆိုတော့ ဒဏ်ရာရလောက်တဲ့ အထိကတော့ စာရင်းထဲမှာတော့ ဒဏ်ရာရတဲ့နှုန်း ဖမ်းဆီးပြီးတော့ ဒဏ်ရာရနှုန်းကိုရော နောက်တခါ လက်နက်ကြီးကျပြီးတော့ ဒဏ်ရာရသွားတဲ့နှုန်းတွေရော၊ လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ နှစ်ဖက်ညှပ်ပြီးတော့ ဒဏ်ရာရတဲ့နှုန်းတွေရော တွက်ထားတာဆိုလို့ရှင် Inquire ၁၁၀ ရှိပါတယ်။ ၁၁၀ case ရှိပါတယ်။ သတ်ဖြတ်ခြင်းခံရတာဆိုလို့ရှင် ၅၈ case ရှိပါတယ်။ တော်တော်များတယ်။

NMG ပေးပို့သည်။