27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူးတက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးခဲ့သည့်အပေါ် စာမေးပွဲထပ်မံဖြေဆိုရမည်ဟု စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်မှုနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းမှ စစ်ဘေးရှောင် ကျောင်းသား/ကျောင်းသူနှင့် မိဘတို့၏ အခက်အခဲစကားသံတချို့။

တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးခဲ့သည့်အပေါ် စာမေးပွဲထပ်မံဖြေဆိုရမည်ဟု စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်မှုနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းမှ စစ်ဘေးရှောင် ကျောင်းသား/ကျောင်းသူနှင့် မိဘတို့၏ အခက်အခဲစကားသံတချို့။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးတက္ကသိုလ်တွင် တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာများအား ဆရာ၊ ဆရာမများကစာစစ်နေချိန် အဆောက်အုံ ပြိုကျမီးလောင်ခဲ့တာကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့မှ တက္ကသိုလ်ဝင်တန်း (Grade 12) ဖြေဆိုထားသည့် ကျောင်းသား ၆၂,၉၅၄ ဦး၏ အဖြေလွှာများ မီးလောင်ပျက်စီးခဲ့ရသည်။

တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးခဲ့သည့် စစ်ကိုင်း၊ ကချင်နှင့် မန္တလေးတိုင်းမှ ကျောင်းသားကျောင်းသူများသည် လာမည့် ဇွန်လ ၁၆ ရက်မှ ၂၁ ရက်နေ့အထိ နံနက် (၉) နာရီမှ (၁၂) နာရီအထိ စာမေးပွဲ ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ဧပြီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းသို့ စာမေးပွဲ ထပ်မံပြန်လည်ဖြေဆိုရမည့်အပေါ် စစ်ရှောင်ရင်း တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုခဲ့ ကြသည့် စစ်ကိုင်းတိုင်းအတွင်းမှ စစ်ဘေးရှောင်ကျောင်းသူကျောင်းသားများနှင့် မိဘများမှာ အခက်အခဲဖြစ်ရ သည်ဟု ပြောဆိုကြသည်။

စစ်ကိုင်းတိုင်း ရွှေပြည်အေးမြို့ကနေ ဟုမ္မလင်းမြို့ပေါ် စစ်ဘေးတိမ်းရှောင်ရောက်ရှိချိန် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ကြသည့် စစ်ရှောင်မိဘများနှင့် ကျောင်းသူကျောင်းသားတချို့က စာမေးပွဲ ထပ်မံ ဖြေဆိုရမည့် အခက်အခဲများနှင့် ပတ်သက်ပြီး ပြောဆိုချက်တချို့ကို ယခုလိုစုစည်းဖော်ပြလိုက်ပါသည်။

ဒေါ်ရင်စန်း (Grade 12 ကျောင်းသားမိဘ)

ကျွန်မတို့မိဘတွေအနေနဲ့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ယူဆတယ်။ ဘာလို့လဲဆိုရင် အခုဖြေပြီးလိုက်တာ တောင်မှ အခက်အခဲတွေကြားထဲကလို့ ရုန်းကန်ပြီး ဖြေလိုက်ရတာဖြစ်လို့ နောက်ထပ်တခါထပ်ဖြေရမယ် ဆိုရင်တော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ယူဆတယ်။ ကလေးတွေအနေနဲ့ကလည်း ဘယ်လိုမှမဖြစ်နိုင်တော့ဘူး၊ စာနဲ့ဝေးသွားပြီ။ ပြီးတော့ စာမေးပွဲတွေပြီးသွားပြီဆိုတော့ ဝမ်းစာရေးအတွက် အလုပ်တွေလိုက်လုပ်ရပြီ။ ဆိုတော့လေ စာတွေလည်းသူတို့လှည့်မကြည့်နိုင်တော့ဘူးလေ။ အခု သူတို့တွေဖြေထားတဲ့ ဖြေချက်က အောင်နိုင်တယ်။ ဖြေနိုင်တယ်လို့ ပြောထားတာပါ့။

အခု နောက်ထပ်ပြန်ဖြေဖို့က ဘယ်လိုမှမဖြေနိုင်ဘူးလေ။ သမီးက အခု အလုပ်သွားနေတယ်လေ။ ပန်းရံသွားဆင်းတာ၊ မြို့ပေါ်မှာပဲ နေ့စားသွားတာ။ ပြန်ဖြေဖို့ကို ဘာကြောင့်မဖြစ်နိုင်တာလည်းဆိုလို့ရင် ကျွန်မတို့ကစစ်ဘေးရှောင်ဖြစ်နေတဲ့အတွက် ကိုယ့်အိုးကိုယ့်အိမ်နဲ့လည်း နေတာမဟုတ်၊ လာနေရတာလည်း ဘုန်းကြီးကျောင်းမှာ ကပ်လို့နေရတာဆိုတော့ တနေ့လုပ်တနေ့စား အဲ့လို နေရတော့ ဘယ်လိုမှပြန်ဖြေဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွန်မအနေနဲ့ကလည်း အဲ့လိုထင်တယ်လေ။ သမီးလည်း ပြန်ဖြေဖို့က ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ဘူး။

ဦးမောင်ညွှန့် (Grade 12 ကျောင်းသားမိဘ)

ကျွန်တော်တို့မိဘအနေနဲ့ကတော့ ၁၂ တန်း ဖြေထားပြီးတဲ့ဟာတွေက ဘယ်လိုပြောရမလဲ အခက်အခဲအမျိုးမျိုး ကြားထဲကနေပြီးတော့မှ ဖြေခိုင်းထားရတာပေါ့ကွာနော်။ အခက်အခဲကြားထဲက ဖြေခိုင်းထားခဲ့ရတာကို နောက်ထပ်တခါ ထပ်ဖြေရမယ်ဆိုတော့ ကလေးတွေကအခုဆိုရင် စာကျက်တဲ့နေရာလည်း မရှိဘူး ။ သူတို့ ခရီးထွက်ပြီးတော့မှ ပိုက်ဆံတွေဘာတွေရှာရတာပေါ့ကွာနော်။ အဲ့လိုမျိုးတွေရှာရတော့ စာနဲ့အလှမ်းဝေးသွားတော့ ပြန်ဖြေရမယ်ဆို အခက်အခဲတွေ အများကြီးကြုံနိုင်တယ်ဗျာ့။ စစ်ဘေးရှောင်ရင်း ကျွန်တော်တို့သားသမီးတွေ ကိုလည်း စာတတ်ခိုင်းစေချင်လို့ အခက်ခဲအမျိုးမျိုးကြားထဲက ၁၂ တန်း မဖြေဖြစ်၊ ဖြေဖြစ်အောင် ဖြေခိုင်း ထားတာ။ ဒီလိုဖြစ်သွားတယ်ဆိုတော့ ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး။ ကျွန်တော်တို့အနေနဲ့က ပြန်ဖြေခိုင်းသင့် မဖြေခိုင်းသင့်ဆိုတာ ဘယ်လိုမျိုးပြောရမှန်းမသိပါဘူး။ ကျွန်တော်တို့အနေနဲ့ စောဒက တက်လို့လည်း မရဘူးလေ။

မောင်စိုး (Grade 12 ကျောင်းသားတစ်ဦး)

စာပြန်ကျက်ရမယ်ဆိုရင်တော့ မဖြစ်နိုင်တော့ဘူး၊ ကျောင်းတက်တုန်းကတောင်မှ စာကိုတအားကျက်ရတာ ဆိုတော့ ကျောင်းပိတ်တော့ စာတွေက လွှတ်ချလိုက်တဲ့အခါကြတော့ မဖြစ်နိုင်တော့ဘူး။ ဒီတိုင်းပြန်ဖြေရင်း ကျမယ့်အတူတူကတော့ နောက်တစ်နှစ်ပြန်တက်လိုက်ရုံပါ့။ စာတွေနဲ့တအားဝေးနေတဲ့အခါကြတော့ ဘယ်လိုမှ ဖြေလည်း ပြန်မအောင်နိုင်တော့ဘူးလေ။ စာနဲ့ကလည်း ဝေးသွားပြီ။ ဆရာ/မတွေနဲ့ကလည်း ထိတွေ့မှုမရှိတဲ့ အခါကြတော့ တအားဝေးသွားတယ်။ ပြန်ဖြေဖို့က မဖြစ်နိုင်တော့ဘူး။ ပြန်ဖြေရမယ်ဆိုရင် ကျောင်းသားအများစု က မဖြေနိုင်တော့ဘူး။ တချို့နေရာကြတော့လည်း စားဝတ်နေရေးက ခက်ခဲကြတယ်။။ ကျောင်းတက်ဖို့တောင် အနိုင်နိုင်တက်ရတာဆိုတော့၊ အလုပ်လုပ်ပြီးမှ ကျောင်းတက်ရတာ။ အခက်အခဲတွေ အများကြီးရှိတယ်၊ ပြန်ဖြေဖို့ကို အခက်အခဲတွေများတယ်။

စစ်ဘေးရှောင်စခန်း တာဝန်ယူဆောင်ရွက်နေသူ

ကျွန်တော်တို့ဘက်ကတော့ ကလေးတွေရဲ့ဆန္ဒပါ့လေ။ ကလေးတွေရဲ့ မိဘဆန္ဒပေါ့လေ။ ဆန္ဒရှိတယ်ဆိုရင်တော့ လုပ်ပေးနိုင်အောင် လုပ်ပေးရမှာပေါ့လေ။ ဒီလိုမျိုး လုပ်ပေးတယ်ဆိုတာကလည်း ကျွန်တော်တို့နဲ့မပြီးသေးဘူး။ ကော်မတီတွေနဲ့တိုင်ပင်ပြီးတော့မှ စာကျက်ဝိုင်းသီးသန့်ဆိုပြီးမှ လုပ်ပေးရမှာဆိုတော့ သူတို့ရဲ့ ဆန္ဒပါမှ ဖြစ်တာကိုး။ သူတို့တွေအနေနဲ့ စားဝတ်နေရေး အကြောင်းပြလာတယ်ဆိုရင်တော့ ကျွန်တော်တို့လည်း ခေါင်းခဲရမှာပေါ့လေနော်။ စစ်ဘေးရှောင်ရတဲ့ အနေအထားမို့ ဒီစကားမျိုးပြောရတာပေါ့လေ။ မဟုတ်လို့ရင်လည်း ဒီစကားမျိုး ပြောစရာမလိုပါဘူးလေ ကိုယ့်ရွာသူ့ရွာဆိုရင် အဖက်ဘက်က ဝိုင်းဝန်းပြီးကူညီပေးလို့ရတယ်။ အခုဟာ ကိုယ့်ဟာကိုယ်တောင် ကိုယ်ကမကယ်နိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်တာပေါ့လေ။

IBEC ဆရာတော် (IBEC ပညာရေးစင်တာ – စစ်ကိုင်းမြို့)

တက္ကသိုလ်ဝင်တန်း G-12 ကျောင်းသားကျောင်းသူများအားလုံး ဖြေဆိုပြီးအဖြေလွှာများကို နိုင်ငံတော်ကို အပ်နှံပြီးဖြစ်ပါသည်။ တာဝန်ရှိသူမှာ နိုင်ငံတော်အစိုးရနှင့် ပညာရေးဝန်ကြီးဌာနသာ ဖြစ်သည်။ ကျောင်းသားကျောင်းသူများနှင့် မသက်ဆိုင်ပါ။ IBEC ဆရာတော်အကြံပြုလိုသည်မှာ နစကဥက္ကဌအနေဖြင့် ညွှန်ကြားချက်ကိုပြန်ရုတ်သိမ်းပြီး အဖြေလွှာပျက်စီးသွားသူအားလုံးကို အောင်မြင်ကြောင်းထုတ်ပြန်ပါ။ တက္ကသိုလ်တက်ရောက်ချိန် အရည်အချင်းစစ်ပါ။

ရှမ်းနီအသံ ပေးပို့သည်။