“ဆန်နဲ့ စားစရာ၊ မီးခြစ်လိုမျိုး၊ ဓါတ်မီး လိုမျိုးလေးတွေ၊ အလွယ်တကူ တနိုင်သယ်နိုင်လောက်တဲ့ဟာမျိုး ပြင်ထားကြတယ်။ စစ်ကြောင်းဝင်လာပြီ အသံကြားရင် ဒါလေးတွေယူပြီး ပြေးကြရတာပဲ။ ညကြီးမိုးချုပ်များ ဝင်ပြီဆို ကလေးတွေလည်းနှိုးပြီးပြေးရတာပဲ” ယင်းမပင်ဒေသခံ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး

By MPM 20 ဩဂုတ်, 2023 👁

စစ်ကောင်စီစစ်ကြောင်းကြောင့် နေ့၊ ညမရွေး နေပူမိုးရွာမရှောင် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ကိုင်းတိုင်း ယင်းမပင်ဒေသခံ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးနှင့် အမေးအဖြေ

ဒေသခံကာကွယ်ရေးတပ်တွေ အားကောင်းလျက်ရှိတဲ့ စစ်ကိုင်းတိုင်းကို အပြင်းအထန် ချေမှုန်းတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေထဲကို စစ်ကြောင်းဝင်ရောက်ပြီး ဒေသခံနေအိမ်တွေကို အကြိမ်ကြိမ် မီးရှို့ဖျက်စီးတာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေကို ဆက်တိုက် ကျူးလွန်နေပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေထဲ စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာတိုင်း သက်ဆိုင်ရာ ကျေးရွာတွေက ကလေးငယ်၊ သက်ကြီးရွယ်အိုတွေ အပါအဝင် ဒေသခံတွေဟာ နေ့၊ ည မရွေး နေပူမိုးရွာ မရှောင် ထွက်ပြေး တိမ်းရှောင်ကြရပါတယ်။ ဒီအခြေအနေတွေ ပတ်သက်ပြီး စစ်ကိုင်းတိုင်း၊ ယင်းမာပင်ဒေသခံ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီက ဒီရက်ပိုင်းဘယ်ရွာတွေကို စစ်ကြောင်းထိုးနေပါလဲရှင့်။

ဖြေ။ ။ အခု ပုလဲ၊ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်တွေကို ဝင်နေတယ်။ ပြီးခဲ့တဲ့ရက်က (သြဂုတ် ၁၆ရက်) ပဲ ယင်းမာပင်၊ လည်ငေါက်ရွာက ရွာသားသုံးယောက်ကို တံတားပေါ်မှာ လည်လှီးသတ်သွားတယ်။ ပြီးတော့ အလောင်းတွေကို ချောင်းထဲ ပစ်ချသွားတယ်။ ပြီးတော့ လမ်းမှာ တွေ့သမျှလူတွေကို ဓားစာခံအဖြစ် ဖမ်းသွားတယ်။

မေး။ ။ အဲ့ဒီက ဒေသခံတွေအနေနဲ့ လက်ရှိမှာရော တိမ်းရှောင်မှုတွေ လုပ်နေရပါလား။

ဖြေ။ ။ လုပ်နေရတာပေါ့။ သူတို့ (စစ်အုပ်စု) ရွာထဲလာတော့မယ်ဆိုတာနဲ့ တကိုယ်စာအထုတ်လေးတွေဆွဲပြီး ပြေးရတာပဲ။ မရှောင်နေရင် သူတို့က ရွာထဲဝင်လို့ တွေ့တာနဲ့ ကလေးဖြစ်ဖြစ်၊ အဘိုးကြီးအဘွားကြီး ပဲဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် သတ်ပစ်တာ။ အဲ့ဒီတော့ စစ်ကြောင်းလာတယ် အသံကြားတာနဲ့ ကျမတို့အားလုံးမှာ မိုးရွာတာတွေ၊ မိုးချုပ်တွေ မသိဘဲ ပြေးကြရတယ်။

မေး။ ။ စစ်ကောင်စီတပ်က စစ်ကိုင်းနယ်ဘက်က အိမ်တွေကို အကြိမ်ကြိမ် မီးရှို့တာလုပ်တော့ အမတို့အိမ်ရော မီးရှို့ခံရတဲ့ထဲ ပါခဲ့တာမျိုး ရှိပါလား။

ဖြေ။ ။ ပါတယ်။ ကုန်ပြီလေ။ ကျမတို့အိမ်ဆို နှစ်ကြိမ် ရှို့ခံရတာ။ ပထမတစ်ခါ ရှို့တုန်းက အိမ်အလုံးက နည်းနည်း ကျန်သေးတယ်။ ဟိုနားနေ ဒီနားနေပေါ့။ နောက်တခါ ရှို့တော့ ပြာပုံပဲ ကျန်တယ်။ ဒါလည်း ကောင်းပါတယ်။ ကျမတို့ပြေးတဲ့အခါ အိမ်ဆိုတာ ရှိနေသေးရင် နောက်ဆံတင်းရမယ်။ အခုမရှိတော့ဘူးဆိုတော့ ကျမတို့ အထုပ်လွယ် ပြေးရုံပဲလေ။

မေး။ ။ ယင်းမာပင်ဘက်ကိုလည်း စစ်ကောင်စီ စစ်ကြောင်းတွေက ခဏခဏဝင်တော့ ရွာထဲဝင်ရင် တိမ်းရှောင်ဖို့အတွက် အဆင်သင့်ပြင်ထားရတာမျိုးရော ရှိကြပါလား။

ဖြေ။ ။ ရှိတယ်လေ။ အဲ့ဒါက ကျမတို့ပဲ မဟုတ်ဘူး၊ ရွာသားတိုင်း အကုန်လုံးပါပဲ။ တစ်ကိုယ်စာ အိတ်လေးတွေပေါ့၊ စောင်တို့ သဘက်တို့နဲ့ ထုတ်ထားကြတာ။ မယူမဖြစ် ပစ္စည်းလေးတွေ၊ တချို့ဆိုလည်း ရွှေတို ငွေစလေးတွေပေါ့။ တန်ဖိုးကြီး မဟုတ်ပေမယ့် သူတို့တန်ဖိုးထားရတဲ့ ပစ္စည်းလေးတွေ အဲ့ဒါလေးတွေကို အဆင်သင့် ထည့်ထားကြတယ်။ နောက်ပြီး ဆန်နဲ့ စားစရာ၊ မီးခြစ်လိုမျိုး၊ ဓါတ်မီး လိုမျိုးလေးတွေ၊ အလွယ်တကူ တနိုင်သယ်နိုင်လောက်တဲ့ဟာမျိုး ပြင်ထားကြတယ်။ စစ်ကြောင်းဝင်လာပြီ အသံကြားရင် ဒါလေးတွေယူပြီး ပြေးကြရတာပဲ။ ညကြီးမိုးချုပ်များ ဝင်ပြီဆို ကလေးတွေလည်းနှိုးပြီးပြေးရတာပဲ။

မေး။ ။ အခုက မိုးတွင်းလည်းဖြစ်တော့ ပြောင်းရရွှေ့ရပြေးရတာမှာ အရင်ထက် အခက်အခဲကြုံရတာမျိုး၊ အန္တရာယ်ကြုံရတာမျိုး ရှိပါလား။

ဖြေ။ ။ ရှိတာပေါ့ မိုးရွာထဲလည်း ပြေးရတာပဲ။ မိုးရေစိုတာက အကြောင်း မဟုတ်ဘူး။ သူတို့ (စစ်ကောင်စီတပ်) မိရင် လူသေမှာလေ။ အဲ့တော့ ကုန်းရုန်းပြေးကြရတာပဲ။ ကလေးတွေရော၊ သက်ကြီးတွေရော။ အခုကမိုးတွင်း ဆိုတော့ တောထဲမယ် မြွေအန္တရာယ်လည်း ကြောက်ရသေးတယ်။ မိုးစိုရင် ဖျားတာ နာတာလည်း ရှိသေးတယ်လေ။ ခက်ခဲတာကတော့ အများကြီးပါပဲ။ ဒါပေမယ့် ဒီနယ်ကလူတွေက ကျင့်သားရနေကြပါပြီ။

မေး။ ။ ဒီတော်လှန်ရေးကာလမှာ စစ်အုပ်စုရဲ့လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုကို ကြံ့ကြံ့ခံပြီး စိတ်ဓါတ် မပြိုလဲတဲ့ အညာသူ၊ အညာသားတွေကို လူထုက ဂုဏ်ယူ၊ ချီးကျူးကြတာရှိတော့ ကိုယ်တိုင်လည်း အညာသူ တစ်ဦးဖြစ်တော့ ဒီဟာတွေကို ဘယ်လိုရင်ဆိုင်ခဲ့လဲဆိုတာ ပြောပြပါဦး။

ဖြေ။ ။ ရင်ဆိုင်တယ်ဆိုတာက ဖြစ်လာမှတော့လည်း ကျမတို့က ရင်ဆိုင်ကြတာပေါ့။ အိမ်တွေမီးရှို့၊ ပစ္စည်းတွေ ဖျက်ဆီးလို့ရပေမယ့် အရေးကြီးတာက ကျမတို့ စိတ်ဓါတ်မပြိုလဲဖို့ပဲ။ စိတ်ဓါတ်ရှင်နေဖို့ပဲ အရေးကြီးတယ်။ အခုချိန်မှာ ကျမတို့ကမှ အသက်ရှိသေးတယ်။ ကျမတို့ထက် အသက်ပေးပြီး တိုက်ပွဲဝင်နေတဲ့သူတွေ၊ ဝင်သွားတဲ့ သူတွေလည်း ရှိနေတာပဲ၊ သူတို့နဲ့ယှဉ်ရင် အိမ်ဆိုတာကလည်း ဘာမှမဟုတ်တော့ပါဘူး။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာ ရှိပါလဲ။

ဖြေ။ ။ စိတ်မလျော့ဘဲ အားတင်းထားကြပါလို့။ ကျမတို့အညာက လူတွေလည်း အားတင်းထားပါတယ်လို့ပဲ ပြောချင်ပါတယ်။

ရှမ်းနီအသံ ပေးပို့သည်။