28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“စစ်ကောင်စီအနေနဲ့ တာဝန်ရှိတယ်။ ဒုတိယတချက်က NUG တို့လို အလုပ်သမားဝန်ကြီးဌာနဖွဲ့ထားတဲ့ သူတို့တွေမှာလည်း တာဝန်ရှိတယ်။ သူတို့အနေနဲ့ အလုပ်သမားရေးဝန်ကြီးဌာနတွေကို ပြည်ပမှာလာဖွင့်ထားတဲ့ အစိုးရတွေဖြစ်ပြီးတော့မှ...

“စစ်ကောင်စီအနေနဲ့ တာဝန်ရှိတယ်။ ဒုတိယတချက်က NUG တို့လို အလုပ်သမားဝန်ကြီးဌာနဖွဲ့ထားတဲ့ သူတို့တွေမှာလည်း တာဝန်ရှိတယ်။ သူတို့အနေနဲ့ အလုပ်သမားရေးဝန်ကြီးဌာနတွေကို ပြည်ပမှာလာဖွင့်ထားတဲ့ အစိုးရတွေဖြစ်ပြီးတော့မှ ရွှေ့ပြောင်းအလုပ်သမားနဲ့ ပတ်သက်တဲ့အခွင့်အရေးတောင် မလုပ်နိုင်ဘူးဆိုရင်တော့ သူတို့ အလုပ်သမားဝန်ကြီးဌာနတွေအနေနဲ့ ဘာတွေလုပ်ဖို့ရှိလဲဆိုတဲ့မေးခွန်း မေးစရာရှိလာတာပေါ့” ဦးထူးချစ်/ FED အမှုဆောင်ဒါရိုက်တာ

ရွှေ့ပြောင်းလုပ်သားများ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုနှင့်ပတ်သက်ပြီး အလုပ်သမားအခွင့်အရေးလှုပ်ရှားနေသူ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်းဒေးရှင်း (FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်နှင့် ဆက်သွယ်မေးမြန်းချက်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွာရေးသည် ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်ရှားပါးမှု ကြောင့် စားဝတ်နေရေးခက်ခဲလာသော မြန်မာပြည်သူများသည် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားသူ များစွာရှိနေသည်။

ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ ထုတ်ပြန်ချက်အရ တရားဝင်အထောက် အထားနှင့် အလုပ်လုပ်ကိုင်နေသူ မြန်မာရွှေ့ပြောင်းလုပ်သား ၂,၃၃၃,၀၉၁ ဦး အထိရှိခဲ့ပြီး ၂၀၂၄ မတ်လတွင် ၃,၄၁၅,၇၄၄ ဦး အထိ တိုးလာခဲ့သည်ဟု သိရှိရသည်။

ထိုထုတ်ပြန်ချက်အရ ၃ လတာအတွင်း တရားဝင်မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်သည် ၁,၀၈၂,၆၅၃ ဦး အထိ တိုးလာခဲ့သည်ကို တွေ့ရသည်။ သို့သော် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတို့ ပြောဆိုချက်အရ တရားဝင်အထောက်အထားရှိသူ မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်နှင့် တရားမဝင် နေထိုင်သူ အရေအတွက် အားလုံးပေါင်း ၅ သန်းဝန်းကျင်ရှိသည်ဟု ဆိုပါသည်။

ယခုလို ရွှေ့ပြောင်းလုပ်သား များပြားလာသည်နှင့်အတူ တဖက်တွင်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားများဟာ လုပ်ခလစာ ငွေကြေးခေါင်းပုံဖြတ်ခံရမှုတို့ကို မကြာခဏ ဆိုးရွားစွာကြုံတွေ့နေရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများက ပြောဆိုကြသည်။

ဒီလိုဖြစ်စဉ်များကနေ ကာကွယ်ပေးနိုင်ရန် ဘယ်သူတွေမှာ တာဝန်ရှိပါလဲ။ ရွှေ့ပြောင်းလုပ်သားများကို ဒီလို ဖြစ်စဉ်တွေကနေ ဘယ်လိုနည်းလမ်းမျိုးနှင့် ကာကွယ်ပေးသင့်လဲဆိုသည်နှင့် ပက်သက်ပြီး အလုပ်သမား အခွင့်အရေး လှုပ်ရှားသူတစ်ဦးဖြစ်သည့် ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်းဒေးရှင်း (Foundation For Education and Development- FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကို ဆက်သွယ်မေးမြန်းထားပါသည်။

ပုံစာ – ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ (Photo – Bangkok Post)

မေး။ ။ ပထမဆုံးအနေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ငွေကြေးခေါင်းပုံဖြတ်ခံရမှုတွေကို မကြာခဏ ကြားနေရတယ်ဗျ။ ဆိုတော့ ဒီလိုအခြေအနေတွေက ဘာကြောင့်ဖြစ်လာရတယ်လို့ မြင်မိပါလဲ။

ဖြေ။ ။ အဓိကတော့ အစိုးရတွေကနေပြီးတော့ ကိုယ့်ရဲ့နိုင်ငံသားတွေကို အလုပ်သမားအခွင့်အရေးရအောင် တိတိကျကျ ထဲထဲဝင်ဝင် အင်တိုက်အားတိုက် ဆောင်ရွက်ခြင်းမရှိတာက အဓိကလို့ ကျွန်တော်ကတွေ့ရတယ်။ တချိန်ထဲမှာပဲ အလုပ်သမားတွေက အရမ်းများလာတဲ့အချိန်မှာ လုပ်ငန်းရှင်တွေအနေနဲ့က အလုပ်ကို ဈေးပေါပေါနဲ့ ခိုင်းတာတို့ အလုပ်သမားအခွင့်အရေးနဲ့ မညီညွှတ်ဘဲ ခိုင်းမယ်ဆိုရင်တောင် နောက်ထပ် အလုပ်သမားအသစ်တွေက ရှိနေတာမျိုးပေါ့။ ဆိုတော့ အဲဒီအပေါ်မှာအခြေခံပြီးတော့ နေစဉ်နဲ့အမျှ အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာလို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။

မေး။ ။ နောက်တခုက အလုပ်သမားတွေအနေနဲ့ ခေါင်းပုံဖြတ်ခံရရင်တောင် တိုင်တန်းမှုတွေ သိပ်မလုပ်တော့တာကရော ဘာကြောင့်ပါလဲ။

ဖြေ။ ။ အဓိက မတိုင်တန်းဘူးဆိုတာက သံရုံးမှာရှိတဲ့ အလုပ်သမားသံအရာရှိတွေပဲ ပြောပြော၊ စကစရဲ့ သံအရာရှိတွေပဲ ဖြစ်ဖြစ်၊ ဒီဘက်က ကိုယ့်ကိုယ်ကို အစိုးရလို့ပြောတဲ့ အဖွဲ့တွေရဲ့ အလုပ်သမားသမားရေး ဝန်ကြီးဌာနကပဲဖြစ်ဖြစ် အလုပ်သမားတွေအနေနဲ့ ဘယ်အဖွဲ့အစည်းကိုပဲတိုင်တိုင် ဘာမှထိထိရောက်ရောက် မဆောင်ရွက်ပေးနိုင်ဘူး။ ဆိုတော့ အဲဒါတွေကို ထိုင်းအစိုးရကရော ထိုင်းလုပ်ငန်းရှင်တွေကရော သိတယ်။

သိတော့ သူတို့ကအလုပ်သမားတွေနဲ့ ကျွန်တော်တို့လို အလုပ်သမားအခွင့်အရေး ဆောင်ရွက်တဲ့ NGO လောက် ကပဲ ပြောတယ်ဆိုတာကို ဂရုမစိုက်ဘူးပေါ့။ အဲဒါကြောင့် အလုပ်သမားအခွင့်အရေးတွေ စဉ်ဆက်မပြတ် ချိုးဖောက် ခံနေရတယ်လို့ ပြောတာ။ တကယ်လို့သာ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ အင်တိုက်အားတိုက် မျိုးချစ်စိတ်ရှိရှိနဲ့ ဆောင်ရွက်ပေးတယ် ဆိုလို့ရှိရင်တော့ ခုနကပြောတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု မပပျောက်သွားဘူးဆိုရင်တောင် သိသိသာသာလျှော့နည်းသွားမယ်ဆိုတာတော့ သေချာပါတယ်။

မေး။ ။ ဆိုတော့ ခုလိုအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေမဖြစ်အောင် ကာကွယ်ဖို့ ဘယ်သူတွေမှာ တာဝန်ရှိပါလဲဗျ။

ဖြေ။ ။ တာဝန်ရှိတယ်လို့ပြောရင်တော့ လက်ရှိအစိုးရပေါ့။ လက်ရှိနိုင်ငံတကာအနေနဲ့ လက်ခံထားတယ်ပေါ့၊ ဘယ်လောက်ပဲ ဆိုရွားတဲ့အစိုးရဖြစ်ဖြစ် တစ်အချက်ကတော့ စကစ လက်ရှိစစ်ကောင်စီအစိုးရမှာ တာဝန်ရှိတယ်။ နောက်တချိန်တည်းမှာပဲ ကိုယ်ရဲ့အခြေအနေအရ လုပ်ကူချင်တယ်ပေါ့။ ကိုယ့်မှာလည်း အလုပ်သမားအရေးကို လုပ်ပေးချင်တဲ့ ဆန္ဒရှိရင်လည်း NUG တို့လို အစိုးရတွေကလည်း ဘာပဲပြောပြော အလုပ်သမားတွေနဲ့ ပက်သက်တဲ့ ကိစ္စတွေလည်း လုပ်လို့ရမှာပါ။ ဘာလို့ဆို ကျွန်တော်တို့ ကျန်တဲ့အလုပ်သမား အဖွဲ့အစည်းလေး တွေတောင် တတ်နိုင်သလောက် လုပ်ပေးနိုင်တာပဲ။

သူတို့ကိုယ်သူတို့ အစိုးရပါလို ပြောတဲ့အတွက် သူတို့ အများကြီး လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်ထပ်ပြောရမယ်ဆိုရင် စစ်ကောင်စီအနေနဲ့ တာဝန် ရှိတယ်။ ဒုတိယတချက်က NUG တို့လို အလုပ်သမားဝန်ကြီးဌာနဖွဲ့ထားတဲ့ သူတို့တွေမှာလည်း တာဝန်ရှိတယ်။ သူတို့အနေနဲ့ အလုပ်သမားရေး ဝန်ကြီးဌာနတွေကို ပြည်ပမှာလာဖွင့်ထားတဲ့ အစိုးရတွေ ဖြစ်ပြီးတော့မှ ရွှေ့ပြောင်း အလုပ်သမားနဲ့ ပတ်သက်တဲ့အခွင့်အရေးတောင် မလုပ်နိုင်ဘူးဆိုရင်တော့ သူတို့အလုပ်သမားဝန်ကြီးဌာနတွေ အနေနဲ့ ဘာတွေလုပ်ဖို့ရှိလဲဆိုတဲ့မေးခွန်း မေးစရာရှိလာတာပေါ့။

မေး။ ။ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ခေါင်းပုံဖြတ်ခံရမှုတွေ မဖြစ်ဖို့ဆိုရင် အလုပ်သမားတွေအနေနဲ့ဘယ်လို့ လုပ်ဆောင်သင့်တယ်လို့ ဦးထူးချစ်အနေနဲ့ အကြံပေးချင်ပါလဲ။

ဖြေ။ ။ ကျွန်တော်အနေနဲ့ အကြုံပေးချင်တာကတော့ တစ်တစ်ချက်အနေနဲ့ ဘယ်လိုအခက်အခဲမျိုးပဲ ရှိနေပါစေ တရားဝင် လက်မှတ်တွေရအောင် ကြိုးစားဆောင်ရွက်သင့်တယ်။ နှစ်အချက်အနေနဲ့ကတော့ အလုပ်သမား အခွင့်အရေး တစုံတရာချိုးဖောက်ခံရတယ်၊ လုပ်ငန်းခွင်မှာ ပြဿနာတက်တယ်၊ နေရေးထိုင်ရေး ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ရန်ပုံငွေတွေကအစ ပြဿနာတက်တယ်ဆိုရင် သက်ဆိုင်ရာနီးစပ်တဲ့ အဖွဲ့အစည်းတွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို အကူအညီတောင်းပါ။

တချိန်တည်းမှာပဲ သူတို့ ကူညီနိုင်တာ မကူညီနိုင်တာထက် လက်ရှိသံရုံးတွေ အလုပ်သမားရေးဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့အစည်း တွေကိုလည်းမေတ္တာရပ်ခံလို့ ရပါတယ်။ အဓိကပြောချင်တာက ထိုင်းနိုင်ငံမှာနေလို့ရှိရင်တော့ တရားဝင် အထောက်အထားတွေရှိအောင် ဆောင်ရွက်ထားကြပါလို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။

မေး။ ။ လက်ရှိတာဝန်ရှိတဲ့ အစိုးရတွေအနေနဲ့ရော ဘယ်လိုနည်းလမ်းမျိုးနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ကာကွယ်ပေးသင့်ပါလဲ။

ဖြေ။ ။ အစိုးရတွေအနေနဲ့ကတော့ စနစ်ကျတဲ့ ဒီရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပြီး ကျွမ်းကျင် နားလည်တဲ့ ပညာရှင်တွေနဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက်ရမယ်။ နောက်အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အလုပ်သမားသမဂ္ဂ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက်ပြီးတော့ အလုပ်သမား အရေးတွေမှာ မတရားသဖြင့် ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့ တချို့အလုပ်သမားအေဂျင်စီတွေကို အရေးယူ အပြစ်ပေးသင့်တယ်လို့ ပြောချင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေ ဖြည့်စွက်ပြောချင်တာများ ရှိပါလားဗျ။

ဖြေ။ ။ ရွှေ့ပြောင်းအလုပ်သမားရေးဆိုတာ မြန်မာနိုင်ငံလို စစ်ဖြစ်နေတဲ့နိုင်ငံကို အမျိုးသားရေးတာဝန်တရပ် အနေနဲ့ ရွှေ့ပြောင်းလာတဲ့ နိုင်ငံသားတွေကို ပညာရေး၊ ကျန်မာရေး၊ အလုပ်သမားအခွင့်အရေးတွေ ကာကွယ် စောင့်ရှောက်ပေးရမှာ ဖြစ်တယ်။ ကျွန်တော်တို့လို စစ်ဖြစ်နေတဲ့ နိုင်ငံတွေမှာ နောက်ပိုင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလုပ်ဖို့ နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခန်းကဏ္ဍက ပိုပြီးကြီးမား လာမယ့်လို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်။ ဒါကြောင့်မို့လို့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဖွံ့ဖြိုးရေး၊ ပညာရေး ကိစ္စတွေကို အစိုးရတွေအနေနဲ့ စနစ်တကျဆောင်ရွက်ပြီးတော့ အခုလာမယ့် မြန်မာပြည်ထူထောင်ရေးလုပ်ငန်း တွေမှာ ပြန်လည်အသုံးချနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ရွှေ့ပြောင်းအလုပ်သမားရေးကိစ္စကို အမျိုးသားရေး တာဝန်တရပ်အနေနဲ့ ဆောင်ရွက်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

KNG ပေးပို့သည်။