စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးအဖွဲ့နှင့်ပတ်သက်ပြီး မွန်တော်လှန်ရေးတပ် တုံ့ပြန်မှု၊ တောင်ပိုင်းဒေသမှာ စစ်ရေးပြင်ဆင်မှုများနှင့် ပတ်သက်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ ကာကွယ်ရေးဌာန၊ ဌာနမှူး နိုင်ဒင်းပလဟံသာနှင့် ဆက်သွယ်မေးမြန်းချက်။
စစ်ကောင်စီက ဖွဲ့စည်းလိုက်သည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့နှင့်ပတ်သက်ပြီး ပြည်သူများအနေနှင့် လုံးဝမပါဝင် မပတ်သက်ရန် မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာနအပါအဝင် မွန်တော်လှန်ရေး သုံးဖွဲ့က သတိပေးတားမြစ်ချက် ပူးတွဲကြေညာ ထုတ်ပြန်ခဲ့ပါသည်။
မွန်တော်လှန်ရေးအဖွဲ့အစည်း ၃ ခုက စစ်ကောင်စီ၏ အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့နှင့် ပတ်သက်ပြီး ဘာကြောင့် အခုလိုမျိုး သတိပေးတားမြစ်ချက် ထုတ်ပြန်ရတာပါလဲ။ စစ်ကောင်စီဘက် တိုက်ခိုက်ရေးအပိုင်းနဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာအရရော ဘယ်လောက်အထိ ပြိုလဲနေပါပြီလဲ။
မွန်ဒေသတဝိုက်နဲ့ တောင်ပိုင်းဒေသမှာ စစ်ကောင်စီတပ်က ဘာတွေပြင်ဆင်လှုပ်ရှားမှုတွေ ရှိနေပါလဲ။ ဒီလို လှုပ်ရှားမှုတွေကို မွန်တော်လှန်ရေးတပ်များဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာ သိရှိနိုင်ရန် မွန်ပြည်ဖက်ဒရယ် ကောင်စီ၊ ကာကွယ်ရေးဌာန၊ ဌာနမှူး နိုင်ဒင်းပလဟံသာနှင့် ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အသက် ၃၅ နှစ် ကနေ ၆၅ နှစ်ကြား အရပ်သားအမျိုးသားတွေကို လုံခြုံရေးကင်းစောင့်ခိုင်းမယ့် စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့နဲ့ပတ်သက်ပြီး ဘာကြောင့် ပြည်သူတွေကို သတိပေးတားမြစ်ချက် ထုတ်ပြန်ရတာပါလဲ။
ဖြေ။ ။ ကျွန်တော်တို့အနေနဲ့ ပြည်သူတွေကို မပါဝင်ဖို့ ဘာလို့တားမြစ်ရသလဲဆိုရင် ကျွန်တော်တို့ သဘောထားက ပထမ စစ်မှုထမ်းဥပဒေထုတ်တာနဲ့ စချင်တယ်။ နောက်စစ်မှုထမ်းဥပဒေက သူတို့လိုချင်တဲ့ တပ်သားအဆင့်အထိ မရောက်ဘူးပေါ့။ ဘာလို့လဲဆိုတော့ သူတို့တပ်သားတွေက တနေ့တနေ့လျော့နေတယ်။ တိုက်ပွဲမှာ ကျရှုံးတာတွေပါတယ်။ ရန်သူ့တော်လှန်ရေးဘက်ကို လက်နက်ချတာတွေ၊ ဒဏ်ရာရတာတွေ၊ တပ်ပြေး တွေလည်းပါတာပေါ့။ ဆိုတော့ သူတို့တပ်သားတွေက နည်းလာတာပေါ့။ နောက်ပြီးတော့ သူတို့ခံစစ်ရဲ့သဘောက စစ်ကူမရှိဘူးဆိုရင် လက်နက်ရိက္ခာ လာပို့တဲ့သူမရှိဘူး။ ကျည်ဆံ လာပို့တဲ့သူမရှိဘူးဆိုရင် ရှေ့တန်းမှာ ကျန်နေတဲ့ တပ်က ရေရှည်မှာ ခုခံနိုင်မှာမဟုတ်ဘူး။ သူတို့မှာအရန်တပ်တွေ မရှိတော့ဘူး။ မကူညီနိုင်ဘူး။ ဒါကြောင့်မို့ မနေ့တနေ့က စုဆောင်းလာတဲ့ လူငယ်တွေကိုသုံးတယ်။
အဲဒီလူငယ်တွေကလည်း ကုန်သလောက် ဖြစ်နေပြီဆိုတော့ ၃၅ ကနေ ၆၅ အထိ ရွေးတဲ့အခါကြတော့ ပြဿနာအများကြီး ဖြစ်လာတယ်။ အဓိကတချက်က အဲဒီလူတွေကို သူတို့က တစ်လစစ်သင်တန်းပေးမယ်။ သူတို့က နယ်မြေလုံခြုံရေးပဲဆိုပြီး ဘာညာပြောပေမယ့် သူတို့ကပြောတဲ့အတိုင်း လုပ်တဲ့အဖွဲ့မဟုတ်ဘူး။ ပထမလုံခြုံရေး ဘာညာပြောပေမယ့် နောက်တော့ ထောက်ပို့တွေ ဘာညာလုပ်ခိုင်းမှာပေါ့။ ထောက်ပို့တွေ လုပ်ပြီးပြီဆိုရင်လည်း နောက်ရှေ့တန်းပို့ခံရတော့မှာပေါ့။ အဓိပ္ပါယ်က သူတို့တဖက်လှည့်နဲ့ စစ်သားစုဆောင်း တာပေါ့။ သူတို့ရဲ့ ပြည်သူ့စစ်မဟာဗျူဟာပြောပြီး ရှေ့တန်းပို့မှာပဲ။ ပထမ ကင်းစောင့်ရပြီး နောက်ရှေ့တန်း ပို့မယ်ပေါ့။ ကျွန်တော်တို့ အမြင်ပေါ့။
နောက်ပြီးတော့ မွန်ပြည်နယ်ထဲမှာရှိတဲ့ အသက် ၃၅ ကနေ ၆၅ လူတွေက အိမ်ထောင်ဦးစီးတွေ ဖြစ်ကြတယ်။ ပထမအချက်က သူတို့ကို ခေါ်ရင် သူတို့ရဲ့ အလုပ်တွေကို ထားခဲ့ရမယ်။ စီးပွားရေးကို ပစ်ထားရမယ်ဆိုတော့ အဆင်မပြေဘူး။ နောက် သွားရတော့ သားကွဲ၊ မယားကွဲ ဖြစ်ပြီးတော့ သေတာတို့ ဖြစ်လည်း ဖြစ်သွားနိုင်တယ်။ စစ်သင်တန်းတွေ သေချာတက်ထားတဲ့သူတွေလည်း မဟုတ်ဘူး။ ရှေ့တန်းမှာ ပထမဆုံး ကျဆုံးမယ့်သူတွေအဖြစ် အခြေအနေ များတာပေါ့။ ပြီးတော့ စီးပွားရေးတွေ လူမှုရေးတွေ ပျက်စီးပြီးတော့ စစ်အုပ်စုရဲ့ နောက်ဆုံး အသက်ဆက်တာ ဖြစ်နေတာလည်းဖြစ်တော့ မကူညီဖို့တော့လိုတာပေါ့။ အကြမ်းဖက်စစ်ကောင်စီ မြန်မြန် ကျဆုံးအောင် သတိပေး တားမြစ်ချက်ထုတ်ပြန်ရတာ ဖြစ်ပါတယ်။
မေး။ ။ ဒီလိုမျိုးဖော်ဆောင်လာရတဲ့အထိ စစ်ကောင်စီရဲ့တပ်ဟာ အင်အားအရရော စိတ်ဓာတ်စွမ်းရည်၊ တိုက်ခိုက်ရေး စွမ်းရည်နဲ့ ခေါင်းဆောင်မှုအပိုင်းမှာ ဘယ်လောက်အထိ အရေးနိမ့်လာနေပြီလို့ မြင်ပါလဲ။
ဖြေ။ ။ အကြမ်းဖက် စစ်ကောင်စီရဲ့စစ်သားတွေဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ တော်တော်လေးကျဆင်းနေပြီ ဖြစ်တယ်။ အစုလိုက်အပြုံလိုက် လက်နက်ချတာတို့ အစုလိုက်အပြုံလိုက် တဖက်နိုင်ငံကိုထွက်ပြေးတာတို့ အစုလိုက်အပြုံလိုက် နောက်ဆုတ်တာတို့ စစ်ကူပို့လိုက်ရင်လည်း မရောက်တာတို့ပေါ့နော်။ နောက်ဆုံးဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လုပ်တဲ့ အောင်ဇေယျစစ်ကြောင်းဆိုရင်လည်း ကျဆုံးသွားပြီ။ အဲဒါကိုကြည့်ရင် လက်နက်နဲ့လေယာဉ် အသာစီးရနေသော်လည်း မအောင်မြင်ဘူး။ ဒါကိုကြည့်ရင် စိတ်ဓာတ်ဘယ်လောက် ကျရှုံးနေသလဲ သက်သေပြတယ်။ စစ်ဆိုတဲ့သဘောက စိတ်ဓာတ်ကအရေးကြီးတယ်။ တော်လှန်ရေးဘက် မှာဆိုရင် သူတို့ထက် လက်နက်အများကြီးနိမ့်ပါးပေမယ့် စိတ်ဓာတ်က အများကြီးသာတယ်။
စစ်အုပ်စုက တပ်သားတွေမှာ အဆင့်မြင့်လက်နက်ရှိပေမယ့် တိုက်ခိုက်လိုစိတ်မရှိတော့ အဲဒီလက်နက်က သုံးလို့မရဘူး။ စိတ်ဓာတ်မပါဘူး။ နှိုးဆွမှုမရှိဘူးဆိုရင် ဘာမှအသုံးမဝင်ဘူး။ သူတို့က သူတို့ကိုနေ့ညမပြတ် ပြည်သူကဖိအားပေး နေတော့ တိုက်ခိုက်လိုစိတ်ပျက်သွားတာပေါ့။ သူတို့က တော်လှန်ရေးသမားတွေ သိမ်းထားတာကို နည်းနည်းလေးပဲ ပြန်လည်သိမ်းနိုင်တာ။ ရှမ်းပြည်မြောက်ပိုင်းမှာဆိုလည်း ရှုံးနေတယ်။ ရခိုင်နဲ့ ကချင်ဘက် မှာလည်း ရှုံးနေတယ်။ တိုက်ရည်ခိုက်ရည် မရှိတဲ့သဘောပေါ့။ စစ်ဦးဆောင်တဲ့ဗိုလ်ချုပ်က အရည်အချင်းရှိရင် အဲဒီတပ်ဖွဲ့က နိုင်ဖို့များတယ်။ အခုကြည့်ရတာတော့ သူတို့ရဲ့စစ်ဦးဆောင်မှုက ပရမ်းပတာ ဖြစ်နေတယ်။
တိုင်းမှူးတွေ အဖမ်းခံရတာတို့ ရာထူးအရွေ့အပြောင်းလုပ်တာတို့ နောက်အချင်းချင်း အာဏာသိမ်းတယ်ဆိုပြီး သတင်းထွက်နေတာတွေတို့ နောက်တခုက စစ်တိုက်ရာမှာ သူတို့ကိုအသေခံတိုက်ပေးမယ့် စစ်ကူမရှိတော့ဘူး ဆိုတော့ သူတို့ရဲ့ခေါင်းဆောင်ပိုင်းမှာ အရည်အချင်းမရှိဘူး။ ကျဆင်းလာတယ်။ စစ်တိုက်ဖို့အတွက် အရည်အချင်း လိုတယ်။ ပထမအချက်က လက်နက်အင်အားကောင်းရမယ်။ စစ်တပ်အင်အား ရှိရမယ်။ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေနဲ့ စစ်ဦးဆောင်မှု ကောင်းရမယ်ပေါ့။ သူတို့မှာကတော့ လက်နက်ကလွဲပြီး ဘာမှမရှိဘူး။ အကုန် ကျဆင်းနေတယ်။ ဒါကြောင့်မို့ သူတို့က ပြည်သူ့လုံခြုံရေး တပ်ဖွဲ့တွေဖွဲ့ပြီး ထောက်ပို့နဲ့ အရန်တပ်တွေကိုဖြည့်ဖို့ သူတို့ရဲ့ခံစစ်ကို ကူနိုင်ဖို့ပေါ့။ ဒါကြောင်မို့ လောလောဆယ် သူတို့က အခြေအနေဆိုးနေတယ်လို့ ခန့်မှန်းရပါတယ်။
မေး။ ။ အခုဆိုစစ်ကောင်စီက နိုင်ငံ အရှေ့၊ မြောက်၊ အနောက်ဒေသတွေမှာ စစ်ရေးရှုံးနိမ့်မှုတွေ ဆက်တိုက် ကြုံနေရတယ်။ ဒီအပေါ် နိုင်ငံတောင်ပိုင်းမွန်မှာ အလားတူမဖြစ်ဖို့ စစ်ကောင်စီဘက်က စစ်ရေးပြင်ဆင်မှုတွေ ဘယ်လိုမျိုး လုပ်ဆောင်နေတာရှိလဲ။
ဖြေ။ ။ သူတို့က အခြားဒေသတွေမှာ စစ်ရှုံးနေတော့ မွန်ဘက်မှာ ပြင်ဆင်မှုတွေ အတော်လေးရှိနေတယ်။ မွန်ဘက်မှာ အခြေအနေကိုအဖတ်ဆယ်ဖို့လည်း ပါတာပေါ့။ အထူးသဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်း လုံခြုံရေး လုပ်ဖို့ စီမံထားတာရှိတယ်။ နောက် တခြားနေရာဒေသတွေမှာ နယ်စပ်ကုန်သွယ်ရေး မလုပ်ရတဲ့အခါ ရေး၊ မော်လမြိုင်၊ တနင်္သာရီဘက်မှာ ပြန်လည်စိုးမိုးပြီးတော့ နယ်စပ်ကုန်သွယ်ရေးကို ဖြည့်တင်းဖို့ရှိတယ်။
ရေကြောင်း ဌာနဘက်မှာ အသုံးချပြီးတော့ နယ်စပ်ကုန်သွယ်ရေးလုပ်ဖို့ စဉ်းစားနေတယ်။ ဒါကြောင့် မွန်ပြည်နယ်ဘက်မှာ အင်အားတွေကို ဖြည့်ထားတယ်။ ပြင်လည်း ပြင်ဆင်နေပါတယ်။ စစ်တပ် အင်အားတွေကိုပေါ့။ တခြားဒေသတွေမှာ သူတို့စစ်ရှုံးသွားရင်တောင် မွန်ဘက်မှာ ခံစစ်ပြင်ဆင်မယ်ဆိုပြီး ကြားနေရပါတယ်။
မေး။ ။ ဒီအပေါ် မွန်တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီရဲ့စစ်ရေးလှုပ်ရှားမှု၊ ပြင်ဆင်မှုအပေါ် တန်ပြန်နိုင်ဖို့ ဘာတွေပြင်ဆင်ဆောင်ရွက်နေတာရှိပါလဲ။
ဖြေ။ ။ ဒီလိုမျိုးအခြေအနေတွေကိုရင်ဆိုင်ဖို့ မွန်တော်လှန်ရေးအဖွဲ့အစည်းတွေ ဘာလုပ်ရမလဲဆိုတာက မွန်တော်လှန်ရေးကတော့ အခြေအနေအရ ပူးပေါင်းစစ်ရေးဆောင်ရွက်ဖို့ ပြုလုပ်ရတော့မယ်။ မလုပ်လို့လည်း မရတော့ဘူး။ မွန်တော်လှန်ရေးမှာ ပါဝင်နေတဲ့အဖွဲ့တွေရှိတယ်။ တစုတစည်းစုပြီး ရန်သူကို စည်းစည်းလုံးလုံး တိုက်ခိုက်နိုင်ဖို့ မွန်တော်လှန်ရေးအဖွဲ့တွေမှာ စည်းလုံးရေး မဟာမိတ်လိုတယ်။ မွန်တော်လှန်ရေးအဖွဲ့တွေက ရန်သူကို ဗျူဟာမြောက် ဆန့်ကျင်တိုက်ခိုက်သွားဖို့ အထူးသဖြင့် အကွဲကွဲမတိုက်မိဖို့ပေါ့နော်။ အဲဒီလိုလုပ်ဖို့ဆိုတာကလည်း ရှိနေတဲ့မွန်အဖွဲ့အစည်းက တစုတစည်းတည်းလုပ်ဖို့ လိုတယ်။ မိမိတို့ရဲ့မတူခြားနား မှုကိုဘေးဖယ်ပြီး လုပ်ဖို့အတွက် ကြိုးစားနေပါတယ်။ မကြာခင်ကာလမှာ မွန်တော်လှန်ရေးအဖွဲ့ထဲမှာ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာမယ်လို့ ကျွန်တော်တို့ယူဆတယ်။ မွန်တော်လှန်ရေး အဖွဲ့အစည်းကလည်း အဲဒီလိုဖြစ်ဖို့အတွက် ကြိုးစားနေတယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာနအနေနဲ့ရော လက်ရှိ ဘာတွေဆောင်ရွက်နေတာရှိပါလဲ၊ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး စသဖြင့်ပေါ့။ လူထုကိုရော သတင်းစကားပါးချင်တာ၊ အသိပေးချင်တာတစ်ခုခု ရှိပါလား။
ဖြေ။ ။ MSFC ရဲ့ အဓိကတာ၀န်က စစ်ရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့၊ မွန်ပြည်နယ်နဲ့ အနီးတဝိုက်မှာရှိနေတဲ့ စစ်ကောင်စီရဲ့တပ်တွေကို အမြန်ဆုံးဖယ်ရှားရှင်းလင်းဖို့၊ MSFC ရဲ့အောက်မှာ MSRF ဆိုတဲ့ တပ်ရှိတယ်။ ကျွန်တော်တို့ MSRF တပ်ကို ထိရောက်ခိုင်မာတဲ့ တော်လှန်ရေးတပ်စုတစ်ခုဖြစ်လာဖို့ ကြိုးစားနေ ပါတယ်။ ကွန်မန်ဒိုတွေ ထောက်လှန်ရေးတွေ လက်နက်လုပ်ရေးတွေကို training လုပ်နေတယ်။ တခြား တိုက်ခိုက်ရေးမှာ လိုအပ်တဲ့စစ်သင်တန်းတွေ ပြင်ဆင်တက်ရောက်နေကြပါတယ်။
ကျွန်တော်တို့ရဲ့ စစ်ဘက် မဟာမိတ်ကဆိုတော့ တစ်ယောက်တည်းတိုက်ဖို့ဆိုတာ ခက်တယ်ဆိုတော့ စစ်မဟာမိတ်ဖွဲ့ရတာပေါ့။ အဲဒီ စစ်မဟာမိတ်ဖွဲ့ဖို့ ဆိုတာကလည်း မွန်တော်လှန်ရေးတပ်တွေမှာ စစ်ရေးမဟာမိတ် ဖြစ်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေတယ်။ ပထမဦးစားပေးအနေနဲ့ လှုပ်ရှားနေပါတယ်။ မွန်လူမျိုးတွေရဲ့ အပြင်ဘက်မဟာမိတ်ပေါ့။ မွန်ပြည်နယ်ဘက်မှာ လှုပ်ရှားနေတဲ့ NUG ဘက်က PDF တို့ တခြား EAO တို့နဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ ကြိုးစားနေတယ်။
ပြည်သူတွေကို သတင်းစကားပါးချင်တာက စစ်ကောင်စီက မကြာတော့တဲ့ကာလမှာ ကျဆုံးဖို့ရှိတယ်၊ လက်ရှိမှာ ကျဆုံးနေပြီ။ စစ်ကောင်စီဟာ လက်ရှိမှာ စက္ကူကျားသဘောဖြစ်သွားပြီ။ သီအိုရီအရ ကျဆုံးဖို့ နီးသွားပြီ။ ဒါပေမဲ့ လက်တွေ့မှာတော့ သူတို့ကကျားဖြစ်နေသေးတယ်။ ဆိုတော့ ပြည်သူကို ကိုက်နိုင်သေးတယ်။ ဒုက္ခပေးနိုင် သေးတယ်။ ဒါပေမဲ့ ကျဆုံးဖို့ မကြာတော့ဘူးဆိုတော့ တောင့်ခံထားဖို့ ပြည်သူတွေကို မေတ္တာရပ်ခံချင်ပါတယ်။ တော်လှန်ရေးဘက်ကို ထောက်ခံဖို့ အတတ်နိုင်ဆုံးကြိုးစားပါ။ အကြမ်းဖက်စစ်ကောင်စီ ကျဆုံးသွားမှ အေးအေး ဆေးဆေးနေလို့ရမယ်။ မင်းဆိုးမင်းညစ် အုပ်ချုပ်တဲ့နိုင်ငံက ပြဿနာအမျိုးမျိုး ဖြစ်တတ်တယ်။
နောက်ဆုံးအနေနဲ့ပြောချင်တာ မော်လမြိုင်မှာထိုင်နေတဲ့ သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တွေကို ခင်ဗျားတို့ ထိုင်စောင့်နေတာကြာပြီ၊ တော်လှန်ဖို့အတွက် အချိန်ရောက်ပြီလို့။ ကျွန်တော်တို့ ဘယ်သူ့ကို ရည်ညွန်းသလဲ သူတို့သိပါတယ်။ ကျွန်တော်တို့ဘက်ကို မြန်မြန်ကူးပြောင်းပြီး ပူးပေါင်းကာ စစ်ကောင်စီကို အမြန်ဆုံး ဖြုတ်ချဖို့ လာပူးပေါင်းကြပါ၊ အလုပ်လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
သံလွင်တိုင်းမ် ပေးပို့သည်။