မွန်၊ ကရင်၊ တနင်္သာရီဒေသတို့တွင် စစ်ကောင်စီက ကျုးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအပါအဝင် စစ်ရေး၊ နိုင်ငံရေး ဖိနှိပ်မှုအခြေအနေများနှင့်ပတ်သက်ပြီး မြန်မာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှုကွန်ရက် (SBHN) ပြောခွင့်ရ နိုင်မရော့မွန်နှင့် ဆက်သွယ်မေးမြန်းချက်။
မြန်မာနိုင်ငံတောင်ဘက်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီ ဒေသများအတွင်း စစ်ကောင်စီတပ်တိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့်မေလအတွင်း အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုရှိခဲ့သလို စစ်မက်မဖြစ်ပွားသည့် ဒေသတချို့တွင် စစ်မှုထမ်းသင်တန်း တိုးမြှင့်ခေါ်ယူလုပ်ဆောင်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။
တဖက်တွင်လည်း ပြီးခဲ့သည့်မေလကုန်ပိုင်းကစ၍ မွန်၊ ကရင်၊ တနင်္သာရီ ဒေသ ၃ ခုလုံးတွင် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးအရေးယူ သိမ်းဆည်းနေမှုကြောင့် ပြည်သူများမှာ တပူပေါ်နှစ်ပူဆင့် အကျပ်အတည်းဖြစ်ခဲ့ရသည်။
ဒေသအတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပြင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတို့၏ အကျင့်ပျက်လာဘ်စားမှုကလည်း ဆိုးဆိုးရွားရွား ဖြစ်ပွားလျက်ရှိနေသည်။
ယင်းဒေသ ၃ ခုတွင် ပြီးခဲ့သည့်မေလအတွင်း ဘာတွေဖြစ်ပျက်ခဲ့ပါလဲ။ ဒေသခံပြည်သူများကြား ဘယ်လိုအကျပ်အတည်းများနှင့် ရင်ဆိုင်နေရပါလဲ။ စစ်ကောင်စီနှင့် ဒေသတော်လှန်ရေးအဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲအခြေအနေ ဘယ်လိုရှိနေပါလဲ။ ဒီအခြေအနေများနှင့်ပတ်သက်ပြီး မြန်မာပြည်တောင်ပိုင်း၊ လူသားချင်းစာနာထောက်ထားမှုကွန်ရက် (SBHN) ပြောခွင့်ရ နိုင်မရော့မွန်ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ မြန်မာပြည်တောင်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီတို့မှာ စစ်ကောင်စီရဲ့ စစ်ရေး၊ နိုင်ငံရေးအရ ဖိနှိပ်မှုတွေက ဘယ်လိုအခြေအနေမျိုး ရှိနေလဲ။ (ပြီးခဲ့တဲ့ မေလ အစီရင်ခံစာအရရော လက်ရှိအခြေအနေရောပေါ့။
ဖြေ။ ။ စစ်ကောင်စီရဲ့နိုင်ငံရေး ဖိနှိပ်မှုတွေကတော့ မွန်၊ ကရင်၊ တနင်္သာရီစတဲ့ဒေသတွေမှာ သူ့နေရာနဲ့သူ တမျိုးမဟုတ်တမျိုး ခံစားနေကြရတယ်။ အထူးသဖြင့် တိုက်ပွဲပြင်းထန်တဲ့ဒေသမှာကြတော့ ခံစားနေရတာ တွေ့ရတယ်။ တိုက်ပွဲဖြစ်ပွားမှုနည်းတဲ့ ဒေသတွေမှာကြတော့ အဲဒီလိုနည်းနဲ့ ခံစားနေကြရတာကိုတွေ့နေရတယ်။ မွန်ပြည်နယ်မြောက်ပိုင်းမှာဖြစ်တဲ့ ကျိုက်ထိုနဲ့ဘီးလင်းကြတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား တိုက်ပွဲဖြစ်ပွားမှုတွေက အတော်အသင့်ရှိတယ်။ တခြားတဖက်မှာလည်း စစ်ကောင်စီဘက်က လက်နက် ကြီး ရမ်းသမ်းပစ်ခတ်တာတွေတော့ ခဏခဏရှိတယ်။ ဗုံးကြဲတိုက်ခိုက်တာတို့ လေယာဉ်နဲ့တိုက်ခိုက်တာတို့ သူတို့လုပ်ဆောင်နေတာကို တွေ့ရတယ်။
တိုက်ပွဲဖြစ်ပွားမှုနည်းတဲ့ ပေါင်တို့ သထုံ၊ မော်လမြိုင်၊ ကျိုက်မရောတို့က စစ်ပွဲဒဏ်တွေကြတော့ ခံစားရမှု နည်းတယ်။ တခြားတဖက်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းအတွက် စစ်သားစုဆောင်းရေးမှာကြတော့ စုဆောင်းခံရတာ တွေ တွေ့ရတယ်။ မော်တော်ယာဉ်လိုင်စင်ကို လိုက်ဖမ်းတဲ့ အတွက်ကြောင့် ပြည်သူလူထု အနေနဲ့ သွားလာရေးဆိုင်ရာကိစ္စများက အတော်လေးအခက်အခဲဖြစ်တာ တွေ့ရတယ်။ ရေးမြို့နယ်မှာကြတော့ တိုက်ပွဲဖြစ်ပွားတာ နည်းနည်းလျော့တယ်လို့ပြောရမယ်။ စစ်ဘေးရှောင်တွေကြတော့ အနည်းအကျဉ်း နေရပ်ပြန် နိုင်တဲ့အနေအထားရှိတယ်။ ရေးမြို့မှာ သွားလာရေးဆိုင်ရာ ကန့်သတ်ထားတာတွေ့ရတယ်။ ခရီးသွားပြည်သူတွေ က အတော်လေးကို အခက်အခဲဖြစ်တာတွေ့ရတယ်။
တနင်္သာရီတိုင်း လောင်းလုံးနဲ့ ရေဖြူကြတော့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုက ဆက်လက်ပြင်းထန်နေပြီး နေရပ် စွန့်ခွာသူတွေ တော်တော်များလာတာတွေ့ရတယ်။ ကရင်ပြည်နယ် ကော့ကရိတ်မှာကြတော့ တိုက်ပွဲဖြစ်ပွားမှု အနည်းငယ် ဖြစ်ပေါ်ပြီးတော့ နေရပ်စွန့်ခွာတဲ့သူတွေအနေနဲ့ လုံခြုံစွာပြန်လာခြင်းမရှိသေးတာကို တွေ့ရတယ်။ ကြာအင်းဆိပ်ကြီးမှာကြတော့ တိုက်ပွဲဖြစ်ပွားမှု တော်တော်လေးလျော့သွားတာတွေ့ရတယ်။ နေရပ်စွန့်ခွာတဲ့ သူတွေအများစုက ပြန်လာနိုင်ခြင်းမရှိသေးဘူးပေါ့။ တချို့ကတော့ သူအဆင်ပြေတဲ့နေရာမှာ နေလိုက်တယ်။ လူအနည်းငယ်သာ နေရပ်ကိုပြန်လာနိုင်တဲ့ အနေအထားမှာရှိနေတယ်။
မေး။ ။ အဲဒီဒေသတွင်းမှာရှိတဲ့ အရပ်သားပြည်သူတွေရော ဘယ်လိုမျိုးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေတာ တွေ့ရပါလဲ။
ဖြေ။ ။ နေရပ်ရှောင်နေရသူတွေအနေနဲ့ တကယ့်ကို မိုးရာသီမှာ တော်တော်လေးကိုအကျပ်အတည်းနဲ့ ရင်ဆိုင် နေရပါတယ်။ ဘာကြောင့်လဲဆို ဒီစစ်ဘေးရှောင်တွေအနေနဲ့ ကိုယ့်လုံခြုံရာဒေသဖြစ်တဲ့ တောတောင်နဲ့ တခြား နေရာတွေမှာ နွေရာသီထက်စာရင် မိုးရာသီမှာက ထီးအမိုးအကာတွေကို လူတွေအများကြီးက လိုအပ်နေတယ်။ စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေလည်း တော်တော်ရှိနေတယ်လို့သိရတယ်။ စစ်ဘေးရှောင်တွေမှာ ရာသီ တုပ်ကွေးလို့ ရောဂါတွေအဖြစ်များနေတာတွေ့ရတယ်။ သူတို့နေရပ်ပြန်မရတော့ စိုက်ပျိုးရေးလုပ်ငန်းတွေ သူတို့ မလုပ်နိုင်တော့ စိုက်ပျိုးရေးလုပ်ငန်းတွေ အများကြီးထိခိုက်တာကိုတွေ့ရတယ်။ သာမန်ပြည်သူတွေ သူတို့ဒေသမှာ တိုက်ပွဲဖြစ်တယ်။ စစ်ဘေးမရှောင်ရပေမယ့် စစ်ကောင်စီရဲ့ဖိနှိပ်မှုကြောင့် နောက်ဆက်တွဲတွေ အများကြီး ခံစားရတယ်။
လူငယ်တွေအနေနဲ့ စစ်မှုထမ်းဥပဒေကြောင့် သွားလာရခက်ခဲတယ်။ ရေးမှာ လိုင်စင်မဲ့ကားတွေ အများစုစီးတယ်။ စစ်ကောင်စီရဲ့ မော်တော်ဆိုင်ကယ်လိုင်စင်ကြောင့် ကန့်သတ်တားမြစ်လိုက်တော့ သူတို့ အတော်လေး အခက်အခဲ ဖြစ်တယ်။ သွားလာရေးတင်းကြပ်လိုက်လို့ ရေးမြို့မှာ ကုန်ဈေးနှုန်းတွေအဆမတန် မြင့်တက်လာတယ်။ စားဝတ် နေရေးတွေ အတော်လေးထိခိုက်တာကိုတွေ့ရတယ်။ စကစက စားသုံးဆီနဲ့ရိက္ခာ သယ်တာကို ကန့်သတ်တာ တွေ့ရတယ်။ စိုက်ပျိုးရေးခြံသမားတွေ ခြံရှင်းဖို့ ဓာတ်မြေဩဇာသယ်တာတို့အတွက် စကစက သွားလာရေး ကန့်သတ်တော့ ရေးမြို့နယ်ကခြံသမားတွေ အတော်လေးခက်ခဲနေတာတွေ့ရတယ်။ သွားလာရေးကန့်သတ်တော့ ဒေသခံတွေ ဈေးကောင်းမရတဲ့အနေအထားတွေ့ရတယ်။
မေး။ ။ လက်ရှိမှာရော ဒေသတွင်း လက်နက်ကိုင်အင်အားစုတွေနဲ့ စစ်ကောင်စီတို့ကြား နှစ်ဘက်ထိတွေ့တိုက်ပွဲက ဘယ်လောက်အထိ ပြင်းထန်လာနေပြီလဲ။
ဖြေ။ ။ လက်ရှိ မြန်မာပြည်တောင်ပိုင်းမှာ တော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီအကြား တိုက်ပွဲအနည်းငယ် ပြင်းထန်လာမယ်လို့ ကျွန်တော်ထင်တယ်။ စစ်ကောင်စီဘက်မှာလည်း ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင်လုပ်ဖို့ အနေအထားရှိတယ်။ တော်လှန်ရေးဘက်ခြမ်းကလည်း ရွေးကောက်ပွဲကိုသဘောမတူတဲ့အတွက် ရအောင် ကန့်ကွက်မယ့် အနေအထားရှိတယ်။
နှစ်ဖက်တင်းကြပ်မှုကြားမှာ တိုက်ပွဲတွေပြင်းထန်လာလိမ့်မယ်လို့ ကျွန်တော်ယူဆတယ်။ အခုလက်ရှိတော့ မွန်ပြည်နယ်အထက်ပိုင်း ဘီးလင်းတို့ကျိုက်ထိုတို့ဘက်ခြမ်းမှာ တော်တော်လေးကို အခြေအနေဆိုးတဲ့အထဲမှာ ပါနေတယ်။ ဇွန်၊ ဇူလိုင်လောက်မှာဆိုရင်တော့ မွန်ပြည်နယ်အလယ်ပိုင်း မုဒုံ၊ သံဖြူဇရပ်မှာကြတော့ တိုက်ပွဲ ဖြစ်ပွားမှု အလားအလာတော့ကောင်းတယ်။ ရေး၊ ရေဖြူတို့ဘက်ခြမ်းမှာကြတော့ တိုက်ပွဲပြင်းထန်လာမယ်လို့ ယူဆတယ်ပေါ့။
မေး။ ။ ထိတွေ့တိုက်ပွဲကြောင့် ဒေသတွင်းနေပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်မှုကရော ဘယ်လိုအခြေအနေမှာ ဆက်ရှိနေပါလဲ၊ ဘာတွေ လိုအပ်နေကြပါလဲ။
ဖြေ။ ။ အခုလက်ရှိ စစ်ဘေးရှောင်တွေက အဆင်ပြေမယ့်နေရာ တောတောင်၊ ခြံတွေမှာ ခိုလှုံနေတယ်။ အများစုကတော့ ဆေးဝါးတို့ စားနပ်ရိက္ခာတို့ အမိုးအကာတို့တော့ အရေးပေါ်လိုအပ်လျက်ရှိနေတယ်။ အခုလို ရာသီကာလမှာ ရာသီတုပ်ကွေးနဲ့ရင်ဆိုင်နေရတယ်။ တချို့ စစ်ဘေးရှောင်တွေလည်း အသက်သေဆုံးနေရတယ်။ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား နှစ်ဖက်တိုက်ပွဲပြင်းထန်လာမယ်ဆိုရင် သူတို့နေရပ်ပြန်လာဖို့ တော်တော်လေး ခဲယဉ်းမယ်လို့ယူဆရတယ်။
မေး။ ။ ဒီအခြေအနေတွေအပေါ် မြန်မာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှုကွန်ရက် SBHN အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို စစ်ဘေးသင့်ပြည်သူတွေထံ လူသားချင်းစာနာမှုအကူအညီတွေ ထိထိရောက်ရောက်ပံ့ပိုးပေးဖို့ တိုက်တွန်းချက်အပေါ် ဘယ်လိုတုံ့ပြန်မှုတွေ ရှိနေပါပြီလဲ။
ဖြေ။ ။ ကျွန်တော်တို့အနေနဲ့ USAID ရပ်သွားပြီးတဲ့နောက်မှာတော့ နိုင်ငံတကာကအကူအညီတွေ တော်တော် နည်းသွားတာတွေ့ရတယ်။ မွန်ပြည်နယ်မြောက်ပိုင်း တနင်္သာရီမြောက်ပိုင်းကပြည်သူတွေ တော်တော်ဒုက္ခ ရောက်နေတာတွေ့ရတယ်။ ကျွန်တော်တို့ နိုင်ငံတကာအဖွဲ့တွေကို အကူအညီတောင်းဆိုချင်ပါတယ်။ အကူအညီပေးတဲ့အခါမှာလည်း စကစတွေကိုမကျော်ဖြတ်ဖို့နဲ့ လွတ်လပ်တဲ့ တိုင်းရင်းသားလူမျိုးအခြေပြုအဖွဲ့အစည်းတွေကတဆင့် ပေးနိုင်ပါတယ်။ အာဆီယံကလည်း CSO ကနေတဆင့် တိုင်းရင်းသားမျိုးနွယ်စုတွေကတဆင့် ပေးနိုင်ပါတယ်။ မွန်ပြည်နယ်မှာကြတော့ လူဦးရေနှစ်သောင်းကျော်ကျော် တနင်္သာရီတိုင်းဆို လူဦးရေသုံးသောင်းကနေ ငါးသောင်းအထိရှိပါမယ်။ အကူအညီကတော့ စားစရာ၊ နေထိုင်စရာ ဆေးဝါးတွေ အရေးပေါ်လိုနေပါတယ်။
သံလွင်တိုင်းမ် ပေးပို့သည်။
