27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“စစ်ကောင်စီဘက်က မတရားဖမ်းဆီး သတ်ဖြတ်တာတော့ ပုံမှန်အတိုင်းရှိနေဆဲပေါ့နော်။ တစ်လကို ၁၀ ယောက် ဝန်းကျင်ကတော့ တနင်္သာရီတိုင်း ထဲမှာ အရပ်သား ၁၀...

“စစ်ကောင်စီဘက်က မတရားဖမ်းဆီး သတ်ဖြတ်တာတော့ ပုံမှန်အတိုင်းရှိနေဆဲပေါ့နော်။ တစ်လကို ၁၀ ယောက် ဝန်းကျင်ကတော့ တနင်္သာရီတိုင်း ထဲမှာ အရပ်သား ၁၀ ယောက်ဝန်းကျင်ကတော့ ပုံမှန်အတိုင်း ဖမ်းဆီး သတ်ဖြတ်ခံရတာ ရှိတယ်။ ဟိုအများစုကတော့ အခုအနေအထားအရဆိုရင် လက်နက်ကြီးနဲ့ပစ်လို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ သေတဲ့ဟာတွေရှိတယ်…” ကိုဇော် / အယ်ဒီတာ – FE5 Thanintharyi

တနင်္သာရီတိုင်းက သောင်းနှင့်ချီသည့် စစ်ဘေးရှောင်များ အခြေအနေအပါအဝင် စစ်ကောင်စီနှင့် ဒေသတော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဖက်စစ်ရေးတို့နှင့်ပတ်သက်ပြီး FE5 Thanintharyi အဖွဲ့မှ အယ်ဒီတာ ကိုဇော်နှင့် တွေ့ဆုံမေးမြန်းချက်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့်မေလအတွင်း နှစ်ဖက်တပ်ကြား တိုက်ပွဲများအပြင် စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းနှင့်ပါ တိုက်ခိုက်မှုတို့ကြောင့် ဒေသအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၈၀,၈၀၀ ကျော်အထိရှိလာသည်ဟု FE5 Thanintharyi က သတင်းထုတ်ပြန်သည်။

မေလတစ်လအတွင်း တိုက်ပွဲ ၃၉ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည့်အပြင် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးနေရခြင်း ဖြစ်သည်။ ယင်းအပြင် စစ်ကောင်စီက ဆန်ရိက္ခာအပါအဝင် ဆေးဝါးနှင့် စက်သုံးဆီတင်သွင်းခွင့်တို့ကို ကန့်သတ်ထားတာကြောင့် ဒေသခံများ အခက်အခဲကြုံနေကြရသည်။

လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီနှင့် ဒေသတော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ရေးအခြေအနေက ဘယ်လို ရှိနေပါလဲ။ တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် သောင်းချီရှိသည့် စစ်ဘေးရှောင်များ အခြေအနေက ဘယ်လို ဆက်ရှိနေပါလဲ။ လူအခွင့်အရေး ချိုးဖောက်ခံရမှု၊ သတ်ဖြတ်ခံရမှုက ဘယ်လောက်အထိ ဆိုးရွားနေပါလဲ။

ထိုအခြေအနေများနှင့် ပတ်သက်ပြီး တနင်္သာရီတိုင်းအတွင်းက တိုက်ပွဲ၊ ပဋိပခ အခြေအနေများကို မှတ်တမ်းတင် စောင့်ကြည့်နေသည့် FE5 Thanintharyi အဖွဲ့မှ အယ်ဒီတာကိုဇော်ကို တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ အရင်ဦးဆုံးအနေနဲ့ လက်ရှိ တနင်္သာရီတိုင်းရဲ့အခြေအနေ ဘယ်လိုရှိလဲဆိုတာ ပြောပြပေးပါခင်ဗျာ။

ဖြေ။ ။ လက်ရှိမှာက တနင်္သာရီတိုင်းရဲ့အခြေအနေက ဘယ်လိုရှိလဲဆိုတော့က ဒီတိုက်ပွဲပြင်းထန်တဲ့ မြို့နယ်တွေရှိတယ်ပေါ့လေ။ တိုက်ပွဲ အရမ်းပြင်းထန်နေတဲ့ မြို့နယ်တွေရှိတယ်။ နောက်ပြီး တိုက်ပွဲပုံမှန်ဖြစ်နေတဲ့ မြို့နယ်တွေရှိတယ်ပေါ့နော်။

ဆိုတော့ အားလုံးခြုံပြောရမယ်ဆိုရင်တော့ တိုက်ပွဲဖြစ်နေတဲ့နေရာက အများစု ဖြစ်နေတယ်ပေါ့နော်။ အဓိကအားဖြင့် တိုက်ပွဲမရှိသလောက် ဖြစ်နေတဲ့နေရာက မြိတ်မြို့ပေါ် ဒေသတွေရှိမယ်။ နောက်ပြီးတော့ ကော့သောင်းမြို့နယ်ရှိမယ်ပေါ့နော်။ ဟို ထားဝယ်မြို့ဆိုရင်တော့ စစ်ကောင်စီတိုင်းရုံးရှိတဲ့ ထားဝယ်မြို့တောင် ဒီစစ်ရေး စစ်ငွေ့သန်းလာတဲ့ အခြေအနေရှိတယ်ပေါ့နော်။

မေး။ ။ မိုးတွင်းကာလလည်း ရောက်လာပြီဆိုတော့ တနင်္သာရီတိုင်းထဲကတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်တဲ့အခြေအနေရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ မိုးတွင်းကာလလည်း ရောက်လာပြီဆိုတော့ တိုင်းထဲကတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ လေကြောင်း အသုံးပြု ဗုံးကြဲတိုက်ခိုက်မှုကတော့ ဒီပုံမှန်အတိုင်းပဲရှိနေတဲ့ အနေအထားရှိနေသေးတယ်။ ပုံမှန်အနေအထား ဆိုတာက အရင်ပွင့်လင်းရာသီတုန်းကထက် နည်းနည်းပဲ အကြိမ်ရေလျော့ပြီးတော့ကာ ဗုံးကြဲတိုက်ခိုက်တာတွေ က ခပ်စိပ်စိပ်ဖြစ်နေတယ်ပေါ့နော်။

အထူးသဖြင့်ဆိုရင် ဒီစစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက တက်သိမ်းတဲ့အချိန်တွေ တိုက်နေတဲ့ အချိန်တွေ နောက်ပြီး အဲဒီလိုမျိုး တိုက်ပွဲမရှိတဲ့အချိန်ဆိုရင်လည်း တော်လှန်ရေးတပ်တွေရှိတယ်လို့ ယူဆရတဲ့ ကျေးရွာတွေထဲကို ဗုံးကြဲတိုက်ခိုက်တာတွေက ခပ်စိပ်စိပ် ရှိနေတယ်ပေါ့နော်။

မေး။ ။ လက်ရှိတနင်္သာရီတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲဖြစ်ပွားတဲ့ စစ်ရေးအခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ လက်ရှိ တနင်္သာရီတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစု တွေကြား တိုက်ပွဲဖြစ်ပွားတဲ့ စစ်ရေးအခြေအနေကတော့ အထက်ကပြောခဲ့သလိုပဲ ဒီမြို့နယ်အလိုက်ပေါ့လေနော်၊ ဥပမာ-ဆိုရင် တနင်္သာရီတိုင်းက ၁၀ မြို့နယ်ရှိတဲ့ထဲမှာဆိုရင် တိုင်းစစ်ကောင်စီ တိုင်းရုံးစိုက်တဲ့ ထားဝယ်မြို့ မှာတောင် စစ်ရေးစစ်ငွေ့သန်းလာတယ်။ နောက်ပြီး မြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်လာတယ်။ နောက်ပြီး တော့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိတာပေါ့လေနော်။

ကျန်တဲ့ထားဝယ်ခရိုင်ထဲမှာ လေးမြို့နယ်ရှိတယ်ပေါ့လေ။ အဲဒီလိုဆိုရင် ထားဝယ်လေးမြို့နယ်ထဲ မှာတောင် ကျွန်တော်တို့ ထားဝယ်တိုင်းမြို့တော်ဖြစ်တဲ့ ထားဝယ်မှာတောင် ဖြစ်နေတယ်ဆိုတော့ ကျန်တဲ့မြို့နယ်တွေ အကုန်လုံး ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း အဲဒီမြို့နယ်တွေမှာလည်း တိုက်ပွဲတွေက ဖြစ်နေတယ်ပေါ့ လေနော်။ မြိတ်ခရိုင်အနေနဲ့ ကြည့်မယ်ဆိုရင် မြိတ်ခရိုင်ထဲမှာ လေးမြို့နယ်ရှိတယ်ပေါ့လေနော်။ မြိတ်ခရိုင် ထဲမှာဆိုရင်လည်း မြိတ်မြို့မှာကြတော့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် အခြေပြုထားတယ်ပေါ့နော်။

သူတို့အခြေပြုထားတယ်ဆိုတော့ ကျန်တဲ့အဲဒီမြိတ်မြို့ပေါ် ဒေသကလွဲရင် ကျန်တဲ့ဒေသအကုန်လုံးက တိုက်ပွဲ ဖြစ်နေတဲ့အနေအထားမှာ ရှိတယ်ပေါ့လေနော်။ နောက်တခုက ကော့သောင်းခရိုင်ပေါ့နော်။ ကော့သောင်းခရိုင် ကြတော့ ဒီကော့သောင်းမြို့နယ်က တိုက်ပွဲနည်းတယ်ပေါ့လေနော်။ အခြားမြို့နယ်တွေထက်စာရင် နည်းတယ်။ ဒါပေမယ့် ဘုတ်ပြင်းမြို့နယ်မှာဆိုရင် ဘုတ်ပြင်းမြို့ပေါ်မှာတောင် တိုက်ပွဲတွေဖြစ်တာ တော်လှန်ရေးတပ်တွေက ဝင်ထွက်သွားလာတာတွေက ပုံမှန်ရှိနေတာပေါ့နော်။

မေး။ ။ တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေတဖြည်းဖြည်း ပိုမိုပြင်းထန်လာတာနဲ့အမျှ စစ်ဘေးရှောင်တွေ အရင်ထက် ပိုမိုတိုးလာသလို ကလေးငယ်တွေရဲ့ပညာသင်ကြားရေးမှာရော ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါလဲ။

ဖြေ။ ။ စစ်ဘေးရှောင်တွေလည်း တိုးလာတယ်။ နောက်ကလေးတွေရဲ့ ပညာသင်ကြားရေးကြတော့ လက်ရှိဆိုရင် နယ်တွေဘက်မှာဆိုရင်လည်း နယ်မြို့နယ်တွေပေါ့နော်၊ မြို့နယ်တွေမှာ ကြတော့လည်း ဒီစာသင်ကျောင်းတွေက အကုန်ပိတ်ထားဆဲ အခြေအနေရှိတယ်ပေါ့နော်။ တဖက်မှာလည်း NUG ရဲ့ မြေပြင် ကျောင်းတွေရှိတယ်။ အွန်လိုင်းကျောင်းတွေ ရှိတယ်ပေါ့လေနော်။ ဒါပေမယ့် ဒီလက်ရှိမှာ ဒီစစ်ကောင်စီက လေကြောင်းကနေဗုံးကြဲ အခြားဒေသတွေမှာပေါ့လေနော်။ ဗုံးကြဲတိုက်ခိုက်တာတွေက ခပ်စိပ်စိပ်ရှိတဲ့အတွက်က တနင်္သာရီတိုင်းထဲက မြို့နယ်အများစုမှာရှိတဲ့ မြေပြင်ကျောင်းတွေကနားလိုက်တဲ့ ကျောင်းတွေလည်း နားထားကြ တယ်ပေါ့နော်။

တဖက်မှာလည်း ဘာအခက်အခဲရှိလည်းဆိုတော့က ကျွန်တော်တို့က သင်ထောက်ကူပစ္စည်းတွေဝယ်ဖို့အတွက် အခက်အခဲတွေ ရှိတယ်ပေါ့နော်။ ဝယ်ပြီးရင် သယ်ယူပို့ဆောင်ရေးအတွက်က ဒီစစ်ကောင်စီဂိတ်တွေက လမ်းမှာ စစ်ဆေးတာတွေ ကန့်သတ်တာတွေ နောက်ဖမ်းဆီးတာတွေ တောက်လျှောက်ရှိနေတဲ့အတွက်က အဲဒီ သင်ထောက်ကူ ပစ္စည်းပေါ့နော်။ သင်ပုန်းတို့ စာရေးကိရိယာတို့ အဲဒါတွေ အကုန်လုံးက ကန့်သတ်ခံထားရတဲ့ အနေအထားမှာဆိုတော့ သူတို့က အဲဒီဟာအတွက်က တော်တော်အခက်အခဲဖြစ်နေတဲ့ အနေအထား ရှိတာပေါ့လေ။

မေး။ ။ ပြီးရင် တိုင်းထဲမှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးသတ်ဖြတ်မှုနဲ့အတူ တော်လှန်ရေးအင်အားစုတွေရဲ့ ဒလန်ရှင်းလင်းရေး ခေါင်းစဉ်ကြောင့် ဒေသခံပြည်သူတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ တိုင်းထဲက စစ်ကောင်စီရဲ့ မတရားသတ်ဖြတ်မှုနဲ့ တော်လှန်ရေးအင်အားစုတွေ ဒလန်ရှင်းလင်းရေး ခေါင်းစဉ်တွေကြောင့် ဒေသခံပြည်သူတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့အခြေအနေ ဘယ်လိုရှိလဲဆိုတာ တချက်ချင်း ပြောရမယ်ပေါ့လေနော်။ တချက်ခြင်းပြောရမယ်ဆိုရင် စစ်ကောင်စီဘက်က မတရားဖမ်းဆီး သတ်ဖြတ်တာတော့ ပုံမှန်အတိုင်းရှိနေဆဲပေါ့နော်။ တစ်လကို ၁၀ ယောက် ဝန်းကျင်ကတော့ တနင်္သာရီတိုင်း ထဲမှာ အရပ်သား ၁၀ ယောက်ဝန်းကျင်ကတော့ ပုံမှန်အတိုင်း ဖမ်းဆီးသတ်ဖြတ်ခံရတာရှိတယ်။ ဟိုအများစု ကတော့ အခုအနေအထားအရဆိုရင် လက်နက်ကြီးနဲ့ပစ်လို့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ သေတဲ့ဟာတွေ ရှိတယ်။ နောက်ပြီးတော့ ဒီလေယာဉ်နဲ့ ဗုံးချတိုက်ခိုက်တဲ့အတွက်ကြောင့်မို့လို့ သေဆုံးထားတာရှိတယ်။

နောက်စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ဖမ်းဆီးပြီးတော့ သတ်ဖြတ်ခံရတာတွေလည်း ရှိတယ်ပေါ့နော်။ ဒါကကျွန်တော်တို့ စစ်ကောင်စီဘက်က ဖမ်းဆီးသတ်ဖြတ်နေတဲ့ အနေအထားပေါ့နော်။ တဖက်မှာက တော်လှန်ရေးတပ်တွေ အင်အားစုတွေရဲ့ ဒလန်ရှင်းလင်းရေးခေါင်းစဉ်ကြောင့် ဒီဒေသခံတွေကို ဖမ်းဆီး သတ်ဖြတ်တာ လူမြင်ကွင်းကြားမှာ ရှင်းလင်းပစ်ခတ်တာတွေကတော့ အရမ်းကိုထိုးကျသွားတဲ့ အနေအထား ရှိတယ်ပေါ့လေနော်။ အရင်ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ အခုကတော့ တစ်လကိုတစ်ယောက်ဝန်းကျင် တစ်ယောက်နှစ်ယောက် အဲဒီလောက်ဝန်းကျင်ပဲ ရှိတယ်ပေါ့နော်။ အရင်ကဆိုရင်တော့ ၈ ယောက် ၁၀ ယောက် အဲဒီလောက်ဝန်းကျင် ရှိတယ်ဆိုတော့ကာ ဒီဟာနှစ်ချက်ကို နှိုင်းမယ်ဆိုရင် တော်တော်ကိုကျသွားတဲ့ အနေအထားမှာ ရှိတယ်ပေါ့နော်။

မေး။ ။ လက်ရှိမှာ စစ်ဘေးရှောင်တွေဟာ တစ်တိုင်းလုံးအနေနဲ့ ရှစ်သောင်းကျော်လာပြီဆိုတော့ စစ်ဘေးရှောင်တွေအတွက် အဓိကလိုအပ်ချက်က ဘာဖြစ်မလဲ။

ဖြေ။ ။ စစ်ဘေးရှောင်တွေရဲ့ အဓိကလိုအပ်ချက်ကတော့ အဓိကတော့ ဒီကျွန်တော်တို့စစ်ဘေးရှောင် အများစုရှိတဲ့ဒေသတွေကိုဆိုရင် စစ်ကောင်စီက ဆန်/ရိက္ခာအပါအဝင် ဆေးဝါး၊ စက်သုံးဆီ အကုန်လုံး ကန့်သတ် ထားတယ်ပေါ့နော်။ တင်ပို့ခွင့်ကန့်သတ်ထားတဲ့အတွက်က အဓိကတော့ စားနပ်ရိက္ခာရှိတယ်။ ဆေးဝါး လိုအပ်ချက်ကတော့ အရမ်းများတယ်ပေါ့နော်။ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေနဲ့ ဒေတာတွေ ကောက်တဲ့ အချိန်မှာ သူတို့ဘက်မှာ ဒီဆေးဝါးတွေကို သယ်ဖို့အတွက်က ဒီဟိုဟာပေါ့၊ ဒီမိန်းလမ်းကြောင်းတွေကို သုံးလို့မရဘဲ တခြားလမ်းကြောင်းတွေနဲ့ သုံးရပြီးတော့ အဲ့ဒီဆေးဝါးတွေကို သယ်ပို့နေရတယ်ပေါ့နော်။

ဆိုတော့ မိုးရာသီအတွက်က ဆေးဝါးတွေကြိုစုရတယ်ပေါ့။ အဲဒီကြိုစုတဲ့ အနေအထားမှာဆိုရင် ဒီဆေးဝါး လိုအပ်ချက်က အရမ်းများနေတာပေါ့နော်။ ဆိုတော့ ဒီတဖက်မှာလည်း မိုးရာသီကလည်း ကျပြီးပေါ့နော်၊ ရောက်လာပြီဆိုတော့က မိုးကလည်း အရမ်းများတယ်ဆိုတော့ ကျွန်တော်တို့စစ်ဘေးရှောင်တွေ နေထိုင်ဖို့အတွက် မိုးကာလိုအပ်ချက်ကလည်း ရှိနေတယ်။ ဆိုတော့ ခြုံပြောရမယ်ဆိုရင် ဆန်၊ ရိက္ခာရယ် ဆေးဝါးရယ် မိုးကာ လိုအပ်ချက်ကတော့ များနေဆဲ၊ လိုအပ်ချက်တွေ များနေတယ်လို့ပဲပြောရမယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ တော်လှန်ရေးအချိန်ကြာမြင့်လာတာနဲ့အမျှ တနင်္သာရီတိုင်းထဲက ဒေသခံပြည်သူတွေ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့နေရတာရှိပါလဲ။

ဖြေ။ ။ တိုက်ပွဲတွေက နေရာအနှံ့ဖြစ်နေတယ်။ စစ်ကောင်စီကလည်း သူတို့စစ်ဆေးရေးဂိတ်တွေမှာ ခုနက ပြောတဲ့ ဆန်၊ ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီ အဲဒါတွေ ကန့်သတ်ထားတယ်ပေါ့နော်။ အဲဒါတွေမို့လို့က သူတို့ ဒီရိက္ခာ ဆန်တွေကို စားဖို့သောက်ဖို့ ဆေးဝါးတွေ ကုဖို့အတွက်က ဈေးကြီးပေးပြီး ဝယ်သုံးနေရတယ် ဝယ်စားနေရတဲ့ အခြေအနေမှာရှိတယ်။ တဖက်မှာလည်း ဒီစီးပွားရေးလုပ်ငန်းတွေ တနင်္သာရီတိုင်းထဲက စီးပွားရေးလုပ်ငန်း တွေကလည်း ငါးဖမ်းလုပ်ငန်းတို့ မွေးမြူရေးလုပ်ငန်း စိုက်ပျိုးရေးပေါ့နော်။ အဲဒီဟာလုပ်ငန်းတွေကလည်း ဒီဒေသခံတွေက ဒီလုပ်ငန်းတွေကိုလုပ်ခွင့်မရဘဲ စစ်ဘေးရှောင်နေရတာတွေ နောက်ပြီး လက်နက်ကြီးနဲ့ပစ်လို့ ထွက်ပြေးနေရတာတွေ စသဖြင့် အဲဒါတွေကတော့ အများကြီးရှိနေတာပေါ့နော်။

ဆိုတော့ တဖက်မှာလည်း တနင်္သာရီတိုင်းက မိုးအရမ်းများတယ်ပေါ့နော်။ တခြားတိုင်းနဲ့ ပြည်နယ်နဲ့စာရင် မိုးအရမ်းများတယ်ဆိုတော့ကာ ဟိုအရင် အာဏာမသိမ်းခင်က ဆိုရင်တောင်ပဲ ဒီမိုးရာသီအတွက်ကို ဆန်၊ ရိက္ခာ ပေါ့နော် ဆန်၊ ရိက္ခာ၊ ငွေကြေးတွေ ကြိုစုရတယ်ပေါ့နော်။ အလုပ်လုပ်လို့ မရဘူးဆိုတဲ့ အနေအထားပေါ့နော်။ နေ့စားအလုပ်သမားတွေ ပန်းရံလို၊ နေ့စားအလုပ်သမားတွေ အလုပ်လုပ်လို့ မရဘူး။ ဆိုတော့ အခုက အဲဒီလိုမျိုး မိုးရာသီအပြင် တဖက်က စစ်ကောင်စီရဲ့ပိတ်ဆို့ကန့်သတ်မှုတွေ တိုက်ပွဲတွေက ဒေသခံပြည်သူတွေက ပိုပြီးတော့ ခက်ခဲကြပ်တည်းမှုက ပိုကြုံနေရတဲ့ အနေအထားရှိတယ်လို့ တွေ့ရတယ်ပေါ့နော်။ ကျေးဇူးပါခင်ဗျား။

သံလွင်တိုင်းမ် ပေးပို့သည်။