“ငှက်ဖျားဖြစ်ပွားမှုနှုန်း စိုးရိမ်စရာကောင်းလောက်အောင် အဆမတန် မြင့်တက်လာနေတဲ့အပြင် Malaria Outbreak ဖြစ်နေတယ်လို့ကို ကျမတို့ ပြောလို့ရနေတယ်။ ဒါနဲ့အတူ ထပ်ပြီးတော့ စိုးရိမ်စရာရှိလာတာကတော့ ငှက်ဖျားဆေးတွေကို လုံလုံလောက်လောက် မရတဲ့အတွက် သူတို့ရဲ့ညွှန်ကြားချက်အတိုင်း မသောက်ဘဲနဲ့ ချွေတာပြီး မျှသုံးကြတာမျိုးပေါ့နော်”

0
506
ပုံစာ- ချင်းပြည်နယ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှုသည် ယမန်နှစ်ထက်နှစ်ဆနီးပါး မြင့်တက်လျက်ရှိ။

ငှက်ဖျားရောဂါဖြစ်ပွားမှု အခြေအနေနှင့်ပတ်သက်ပြီး ချင်းပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အဖွဲ့အစည်းကြီးတစ်ခုမှ အတွင်းရေးမှူးနှင့် ဆက်သွယ်မေးမြန်းချက်။

အင်တာဗျုး၊ ဩဂုတ် 22, 2023

စစ်အာဏာရှင်တော်လှန်ရေး အားကောင်းသည့် ချင်းပြည်နယ်တွင် တော်လှန်ရေးကာလ ၂ နှစ်ခွဲကျော် လာချိန်မှာ ပြည်နယ်အတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုသည် ယမန်နှစ်ထက် နှစ်ဆနီးပါး မြင့်တက် လာနေပြီး Malaria Outbreak နီးပါးအထိ ဖြစ်လာနေသည်ဟု ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်နေသူများက ပြောသည်။

ချင်းပြည်နယ်၏ အဓိကမြို့နယ် ၆ ခု တွင် ငှက်ဖျားရောဂါများ အများဆုံး ဖြစ်ပွားနေပြီး ယမန်နှစ်က ငှက်ဖျား ရောဂါ ဖြစ်ပွားခြင်း မရှိသည့် ဖလမ်းမြို့နယ်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားလာသလို တီးတိန်နှင့် တွန်းဇံမြို့နယ် တို့၌လည်း ငှက်ဖျားပိုးတွေ့ လူနာတွေ ခပ်စိပ်စိပ် တွေ့လာနေရသည်ဟု ဆိုသည်။

ချင်းပြည်နယ်တွင် လက်ရှိ၌ ငှက်ဖျားရောဂါဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်ပြီး ချင်းပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အဖွဲ့အစည်းကြီးတစ်ခုမှ အတွင်းရေးမှူးနှင့် ဆက်သွယ်မေးမြန်း ထားပါသည်။ (မှတ်ချက် – လုံခြုံရေးအခြေအနေကြောင့် ဖြေကြားသူနာမည်နှင့် အဖွဲ့အစည်းနာမည်ကို ဖော်ပြနိုင်ခြင်းမရှိပါ။)

မေး။ ။ ချင်းပြည်နယ်မှာ ငှက်ဖျားရောဂါ အဖြစ်များနေတယ်လို့သိရပါတယ်။ ငှက်ဖျားဖြစ်ပွားမှုက ဘယ်လိုအခြေအနေ ရှိနေပါလဲ။

ဖြေ။ ။ ချင်းပြည်နယ်မှာ ငှက်ဖျားက တော်တော်လေးကို စိုးရိမ်ရတဲ့အဆင့်အထိကို မြင့်တက်လာနေတယ်။ ဒီတစ်နှစ်၊ ၂ နှစ် အတွင်းမှာလေ၊ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အစကတော့ ပလက်ဝတို့၊ ကန်ပက်လက်တို့၊ မင်းတပ်တို့၊ ထန်တလန်တို့ ဒီနေရာတွေကနေ ငှက်ဖျားရောဂါဖြစ်တဲ့ အစီရင်ခံစာတွေ ခပ်စိပ်စိပ်ရတယ်။ အဲဒါရပြီးတော့ ဒီနှစ်ထဲမှာဆိုရင် မနှစ်ကထက်ကို နှစ်ဆလောက်ပိုများလာတယ်။ အခုချိန်ထိဆိုရင် မနှစ်ကနေ ဒီနှစ်ဧပြီလအထိ ဒီတစ်နှစ်ဆိုရင်တော့ ငှက်ဖျားလူနာပေါင်း ၄၅၀ ရှိနေပြီ။ ငှက်ဖျားကြောင့် ဆုံးပါးသွားတဲ့ လူတွေလည်း ရှိတယ်။ ငှက်ဖျားကြောင့် ဦးနှောက်ကို ငှက်ဖျားပိုးရောက်ပြီးတော့ ဆေးရုံတင်ရတဲ့သူတွေထဲမှာ အသက် ၃ နှစ်အရွယ်ကလေးတွေပါ ပါလာတယ်။ ကိုယ်ဝန်ဆောင်တွေပါ ပါလာတယ်။

မေး။ ။ ချင်းပြည်နယ်မှာ ဘယ်လိုအခြေအနေတွေကြောင့် ငှက်ဖျားဖြစ်ပွားမှုနှုန်းတွေမြင့်တက်လာနေတာပါလဲ။

ဖြေ။ ။ ဘာဖြစ်လို့ ဒီလိုငှက်ဖျားဖြစ်ပွားမှုနှုန်းတွေ များလာတာလည်းဆိုတော့ အဓိကက ပြည်သူလူထုက စစ်ဘေးရှောင်ရတော့လေ၊ စစ်ကြောင်းထိုးတဲ့အခါမှာ သူတို့ကတောထဲတောင်ထဲတွေမှာ ၂ ည၊ ၃ ည အဲဒီလို အိပ်ရတာတွေ ရှိတယ်။ Population Movement (လူဦးရေ ရွေ့ပြောင်းနေရမှု) က အဲဒါတွေက အရမ်းများ နေတယ်။ ဥပမာ- ပလက်ဝက အရင်ကတည်းက ငှက်ဖျားတောက်လျှောက်ဖြစ်ခဲ့တဲ့ မြို့နယ်ပေါ့နော်။ ပလက်ဝက ပြည်သူတွေဆိုရင်လည်း စစ်ဘေးရှောင်ရင်းနဲ့ တခြားမြို့နယ်တွေကို ရောက်သွားတယ်။

အလားတူပဲ ထန်တလန်က ငှက်ဖျားအဖြစ်များတဲ့ဒေသက လူတွေက ထန်တလန်ရဲ့ တခြားရွာကို ရောက်သွားတယ်။ ဆိုလိုတာက စစ်ဘေးရှောင်တွေက စစ်ဘေးရှောင်ရင်းကနေ တောထဲ၊တောင်ထဲကို ရောက်တဲ့အခါမှာ ငှက်ဖျားရောဂါတွေ ကူးစက်ခံရတယ်။ အဲဒါအပြင်ကို သူတို့ဆီကနေ တခြားနေရာကို ရောက်သွားတဲ့အချိန်မှာ ငှက်ဖျားရောဂါ မရှိခဲ့ဖူးတဲ့ ဒေသတွေမှာလည်း ငှက်ဖျားရောဂါတွေ တွေ့ရှိလာရတယ်။

ဒီလိုကူးစက်မှု မြင့်မားနေတဲ့အချိန်မှာ ငှက်ဖျားကာကွယ်ရေး လုပ်ငန်းတွေဖြစ်တဲ့ ဆေးစိမ်ခြင်ထောင် ဖြန့်ဝေတာ မျိုးတွေကို လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီကလည်း မလုပ်နိုင်တဲ့အပြင် ဒီကာကွယ်ရေးပစ္စည်းတွေကို တားဆီးပိတ်ပင်တာတွေ၊ အရည်အသွေး ပြည့်မီတဲ့ ငှက်ဖျားဆေးတွေကို ပြည်သူလူထုဆီ မရောက်နိုင်အောင် နည်းမျိုးစုံနဲ့ တားဆီးကန့်သတ်နေတာတွေကြောင့် ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်ဖို့လဲ အချိန်နှောင့် နှေးသွားပြီး ကူးစက်မှုနှုန်း ပိုမြင့်လာရခြင်းဖြစ်တယ်။

မေး။ ။ ချင်းပြည်နယ်ရဲ့ ဘယ်ဒေသတွေမှာ အဖြစ်များနေတာပါလဲ။

ဖြေ။ ။ ချင်းပြည်နယ်ရဲ့ ဘယ်မြို့နယ်တွေမှာ အဖြစ်များနေသလဲဆိုတော့ မြောက်ပိုင်းမှာဆိုရင် ထန်တလန်၊ ဟားခါးပေါ့နော်။ မနှစ်ကတော့ ဖလမ်းမှာ မရှိသလောက်ဖြစ်ခဲ့ပေမယ့် ဒီနှစ်ကစပြီးတော့ ဖလမ်းမြို့နယ် ထဲမှာလည်း ငှက်ဖျား Cases တွေ စတွေ့လာတာရယ်၊ ဥပမာ-ငါးယောက်ဖျားတာ ငှက်ဖျားစစ်တော့ ငါးယောက်စလုံး Positive ပေါ့နော်။ အဲလိုမျိုးတွေ ရှိနေပြီ။

ပြီးတော့ တီးတိန်နဲ့ တွန်းဇံမှာလည်း ဒီနယ်စပ် ဒေသတွေ သွားလာများတဲ့သူတွေ၊ ခရီးထွက်များတဲ့သူတွေ ဆိုရင်လည်း ငှက်ဖျားပိုး တွေ့နေရတယ်။ တောင်ပိုင်းမှာတော့ မြို့နယ်တိုင်းလိုလိုမှာ ငှက်ဖျားဖြစ်ပွားမှု မြင့်တက်နေတယ်။ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ မြို့နယ်တွေမှာ မိုးရာသီကနေ နိုဝင်ဘာလ အတွင်းဆိုရင် ငှက်ဖျားစစ်ဆေးတာမှာ တွေ့ရှိသူအများကြီးပဲ။ ဒီထဲမှာ အဓိက အများဆုံးကတော့ ပလက်ဝ၊ ထန်တလန်၊ ဟားခါ၊ ကန်ပက်လက်၊ မတူပီ၊ မင်းတပ် မြို့နယ်တွေ ဖြစ်ပါတယ်။

မေး။ ။ ပြည်သူတွေကရော ဆေးရုံး၊ ဆေးခန်း၊ ဆေးဝါးတွေနဲ့ လက်လှမ်းမီပါလား။

ဖြေ။ ။ ပြည်သူလူထုအနေနဲ့ဆိုရင်တော့ ချင်းပြည်နယ်ရဲ့ မြို့နယ်အတော်များများမှာတော့ လောလောဆယ်၊ ကိုယ့်မြို့နယ်အတွင်းမှာရှိနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပေါ်မှာပဲ မှီခိုအားထားနေရတယ်။ အများစုကတော့ ဒီကျေးရွာတွေမှာ နေတဲ့သူတွေဆိုရင် ပြည်မကနေ CDM လုပ်ပြီးတော့ ဒီချင်းပြည်နယ်ကို လာရောက်ကူညီပေးတဲ့ ပြည်မ ဆရာဝန်တွေ၊ ဆရာမတွေရှိတယ်။ တချို့မြို့နယ်မှာဆိုရင် ချင်းဆရာဝန်၊ ဆရာမတွေ အများကြီးလည်း ရှိသလို၊ အရင်ကရှိခဲ့တဲ့ NGO တွေ၊ အရင် အစိုးရက Training (သင်တန်း) ပေးထားတဲ့ Volunteer (စေတနာဝန်ထမ်း) တွေကနေ တဆင့်လည်း ပြည်သူလူထုက ကျန်းမာရေးစောင့်ရှောက်မှုတော့ ရနေတယ်။

ကျန်းမာရေးဝန်ထမ်းတွေတော့ တချို့မြို့နယ် တွေမှာဆိုရင် အတန်အသင့်ရှိနေကြပေမယ့် ဆေးဝါးရရှိမှုပိုင်းမှာ လိုအပ်ချက်ကိုပြည့်မီအောင် ထောက်ပံ့ပေး နိုင်ခြင်း မရှိသေးပါဘူး။ အဓိကကတော့ အရင်ကရှိခဲ့တဲ့ မြို့နယ် ဆေးရုံတွေ ဆက်မလည်ပတ်နိုင်တော့တာရယ် ပြည်တွင်းပြည်ပ အလှူငွေတွေနဲ့ ဖွင့်ထားတဲ့ community-led clinics/ hospitals တွေကို ပစ်မှတ်ထားပြီး စကစက လေကြောင်း ကနေရော လက်နက်ကြီးတွေနဲ့ရော တိုက်ခိုက်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။

မေး။ ။ ဘယ်အသက်အရွယ်တွေမှာ ငှက်ဖျားအများဆုံး အဖြစ်များနေပါလဲ။

ဖြေ။ ။ ဘယ်အသက်အရွယ်တွေမှာ အဖြစ်များလည်းဆိုရင်တော့ ၁၅ နှစ်အထက် အသက်အပိုင်းအခြားမှာ အဖြစ်အများဆုံးပေါ့လေ။ Plasmodium falciparum – PF ဆိုရင် ၁၅ နှစ် အထက်မှာဆိုရင် ၃၆ ရာခိုင်နှုန်း လောက် တွေ့ရတယ်။ Plasmodium Vivax – PV ငှက်ဖျားဆိုရင် ၄၀ ရာခိုင်နှုန်း တွေ့ရတယ်။ ပြီးတော့ ကျမတို့ ချင်းပြည်နယ်မှာ Mix Infection (ငှက်ဖျားနှစ်မျိုး တွေ့ရှိမှု) လို့ ခေါ်တာပေါ့နော်။ PV ရော၊ PF ရော တွဲနေတဲ့ဟာ ဆိုရင် ၂၄ ရာခိုင်နှုန်းလောက် တွေ့ရတယ်။ ကလေးတွေမှာတောင် ငှက်ဖျားဖြစ်ပွားမှုက မြင့်တက်လာနေပါတယ်။ ဥပမာအားဖြင့် ၁၀ နှစ်အောက် ကလေးမှာဆိုရင် ဖြစ်ပွားမှုနှုန်းက ၁၈ ရာခိုင်နှုန်းလောက် ရှိနေတာပေါ့နော်။

ဒါက တော်တော်လေးကို စိုးရိမ်စရာကောင်းတယ်။ ချင်းပြည်နယ်မှာက ကလေးတွေမှာတင်မကဘဲ လူကြီးတွေ မှာတောင် ငှက်ဖျားရောဂါ မတွေ့ခဲ့တာ ၃ နှစ် ကျော်ခဲ့ပါပြီ။ အာဏာသိမ်းဖို့ ကြိုးစားမှု (Attempted Coup) မတိုင်ခင်က ထန်တလန်၊ ဟားခါး၊ ဖလမ်း၊ တွန်းဇန်၊ မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက် မြို့နယ်တွေဆိုရင် Malaria Elimination Strategy – ငှက်ဖျား အမြစ်ဖြတ်စီမံချက် လုပ်ဆောင်ခဲ့တဲ့ မြို့နယ်တွေ ဖြစ်နေပါပြီ။ အခုတော့ ဒီမြို့နယ်တွေမှာ ငှက်ဖျားဖြစ်ပွားမှုနှုန်း စိုးရိမ်စရာကောင်းလောက်အောင် အဆမတန် မြင့်တက်လာနေတဲ့အပြင် Malaria Outbreak ဖြစ်နေတယ်လို့ကို ကျမတို့ ပြောလို့ရနေတယ်။

ဒါနဲ့အတူ ထပ်ပြီးတော့ စိုးရိမ်စရာရှိလာတာကတော့ ငှက်ဖျားဆေးတွေကို လုံလုံလောက်လောက် မရတဲ့အတွက် သူတို့ရဲ့ညွှန်ကြားချက်အတိုင်း မသောက်ဘဲနဲ့ ချွေတာပြီး မျှသုံးကြတာမျိုးပေါ့နော်။ အဲလိုမျိုးတွေ ရှိနိုင်တယ်။ ပြီးတော့ သက်တမ်းကုန်နေတဲ့ ဆေးတွေကိုလည်း ဆေးမရှိတဲ့အတွက် သက်တမ်းကုန်နေတဲ့ဆေးတွေ၊ Quality (အရည်အသွေး) မမှီတဲ့ ဆေးတွေကို သောက်ပြီးတော့ ဆေးယဉ်ပါးတဲ့ ငှက်ဖျားရောဂါတွေ ဖြစ်လာမှာလည်း တော်တော်လေး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။

မေး။ ။ ချင်းပြည်နယ်မှာ ငှက်ဖျားရောဂါကို တိုက်ဖျက်ရာမှာ ဘယ်လိုအခက်အခဲတွေ ရှိနေပါလဲ။

ဖြေ။ ။ Malaria (ငှက်ဖျားရောဂါ) ကာကွယ်ကုသရေးနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ စကစဟာ Check Point (စစ်ဆေးရေးဂိတ်) တွေမှာဆိုရင် ဒီငှက်ဖျားနဲ့ ပတ်သက်ပြီးတော့ ခြင်ထောင်တောင်မှ ပေးမသယ်ဘူး။ ဆေးဝါးဆိုရင်တော့ ဝေလာဝေးပေါ့လေ။ ငှက်ဖျားနဲ့ ပတ်သက်တဲ့ ပစ္စည်းမှန်သမျှကို သူတို့ တင်းတင်းကြပ်ကြပ် စစ်ဆေးပြီးတော့ တားဆီးနေတာတွေရှိတယ်။

ပြီးတော့ NGO တွေ ဆိုရင်လည်း ငှက်ဖျားဆေးတွေ မပေးနိုင်အောင် ကန့်သတ်တာတွေ လုပ်နေတယ်။ ငှက်ဖျားဆေးကို စကစက လက်နက်လို အသုံးချနေတဲ့အတွက် ပြည်တွင်းမှာ ငှက်ဖျားဆေး ရရှိမှုကတော့ တော်တော်လေးကို ခက်နေတယ်။ နောက်တစ်ခုက တချို့ပြည်နယ်တွေမှာဆိုရင် ငှက်ဖျားနဲ့ ပတ်သက်တဲ့ လုပ်ငန်းလုပ်နေတဲ့ NGO ဝန်ထမ်းတွေကိုတောင် ဖမ်းသွားတဲ့ ဖြစ်စဉ်တွေအထိ ရှိနေပါတယ်။

မေး။ ။ ချင်းပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ငှက်ဖျားရောဂါကို တိုက်ဖျက်နိုင်ဖို့၊ ပြည်သူတွေကိုကုသပေးနိုင်ဖို့ ဘယ်လိုအကူအညီတွေ လိုအပ်နေပါလဲ။

ဖြေ။ ။ ငှက်ဖျားရောဂါဖြစ်ပွားမှု မြင့်တက်လာနေတဲ့အကြောင်းကို ပြည်သူလူထုကို အသိပညာပေးဖို့ လိုပါတယ်။ ငှက်ဖျားဖြစ်ပွားမှု အတော်လျော့သွားခဲ့တာ အချိန်ကာလတခု ကြာသွားပြီဆိုတော့ ဖျားရင် ငှက်ဖျား ဟုတ်၊မဟုတ် စစ်ဆေးရမယ်ဆိုတာကို ပြည်သူလူထုကို များများပြောပြပေးဖို့ လိုပါတယ်။ ငှက်ဖျားရောဂါ ဒီထက် ပိုမဆိုးလာဖို့အတွက် ကာကွယ်ရေးလုပ်ငန်းတွေကိုလည်း ပိုလုပ်ဖို့လိုပါတယ်။

စစ်ဘေးဒဏ်ကလဲ တဖက်ဆိုတော့ တောထဲတောင်ထဲ စစ်ရှောင်ရတဲ့အခါ၊ တောင်ယာသွားတဲ့အခါမှာလဲ ခြင်ထောင်ထောင်ပြီး အိပ်ဖို့၊ မထောင်နိုင်ရင် ခြင်မကိုက်အောင်လိမ်းလို့ရတဲ့ Mosquito repellent တွေ သုံးဖို့ကို လူထုကို အမြဲပြောပေးဖို့ လိုပါတယ်။ ဘယ်နေရာမှာပဲအိပ်အိပ်၊ ဘယ်အချိန်မှာပဲအိပ်အိပ် ခြင်ထောင်နဲ့ အိပ်ဖို့ပေါ့နော်။

ကျန်းမာရေးအဖွဲ့အစည်းတွေ အနေနဲ့ ငှက်ဖျားဆေးဝါးတွေ ဝယ်ယူတဲ့အခါမှာ အရည်အသွေးပြည့်မှီတဲ့ ဆေးဝါးတွေကိုပဲ ဝယ်ယူဖြန့်ဖြူးဖို့လဲ အရေးကြီးပါတယ်။ ငှက်ဖျားအဖြစ်များတဲ့ ဒေသတွေမှာဆိုရင် အဖြစ်များတဲ့ကာလ မတိုင်ခင်ကတည်းက လိုအပ်တဲ့ဆေးဝါးတွေ ဖြန့်ဖြူးထားဖို့လိုပါတယ်။

မေး။ ။ ချင်းပြည်နယ်မှာ ငှက်ဖျားရောဂါဖြစ်ပွားမှု အခုလိုအခြေအနေဆိုးဝါးနေမှုအပေါ် ပြည်တွင်းပြည်ပက ချင်းတွေအပါအဝင် ပြည်သူတွေကို ဘယ်လိုသတင်းစကားပါးချင်ပါလဲ။

ဖြေ။ ။ ကျမတို့ ချင်းပြည်နယ်က ခေတ်အဆက်ဆက်မှာ ကျေးရွာတွေမပြောနဲ့၊ မြို့ပေါ်မှာတောင် ဆရာဝန်နဲ့ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်း အလွန်နည်းပါးတဲ့အတွက် နီးစပ်ရာရမ်းကုတွေနဲ့ အလွယ်ကုကြတဲ့ အလေ့အကျင့်က အခုထိ တွေ့နေရပါတယ်။ ထန်တလန်ဘက်က ကျေးရွာတချို့မှာဆိုရင် ရမ်းကုက စတီးရွိက်တွေ (အရောင်အရမ်းကျဆေး) အလွန်အကျွံပေးတာ အကိုက်အခဲပျောက်ဆေးကို ကြိုက်သလို သောက်/ထိုးကြတာ တွေကြောင့် ကျောက်ကပ် ပျက်စီးတာတွေကို လူငယ်တွေမှာပါ တွေ့နေရပါတယ်။

ငှက်ဖျားရောဂါဆိုရင်လည်း ဒီလို အရည်အချင်းမပြည့်မှီတဲ့ ကုသသူတွေကြောင့် ရောဂါသိဖို့ နှောင့်နှေးကြန့်ကြာ တတ်တဲ့အပြင် အရည်အသွေးမပြည့်မှီတဲ့ ဆေးဝါးတွေ အသုံးပြုမှုတွေကြောင့် ရောဂါအမြစ်မပျောက်ဘဲ နောက်ဆက်တွဲ ဆိုးကျိူးတွေနဲ့ အသက်သေဆုံးရတာမျိုး မဖြစ်ဖို့အတွက် ကိုယ့်ဒေသထဲက သေချာလေ့ကျင့် သင်ကြားထားတဲ့ နီးစပ်ရာကျန်းမာရေးဝန်ထမ်းတွေ စေတနာ့ဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်းတွေဆီကနေ ကုသမှု ခံယူတဲ့ အလေ့အကျင့်လုပ်ဖို့ လိုပါတယ်။ ငှက်ဖျားရောဂါက ဆေးဝါးပစ္စည်းတွေသာရှိရင် ကာကွယ်ကုသဖို့ အရမ်းကို လွယ်ကူပါတယ်။

ကိုဗစ်-၁၉ လိုမျိုး အသက်ရှုလမ်းကြောင်းကနေ အလွယ်တကူ ကူးစက်တာမဟုတ်ဘဲ ခြင်ကနေတဆင့် ကူးတဲ့ရောဂါဖြစ်တဲ့အတွက် ခြင်ကိုက်မခံရအောင် ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ရင် ရောဂါကို ကာကွယ်ပြီးသား ဖြစ်ပါပြီ။ တစ်ဦးချင်းက ဒီလိုဂရုတစိုက် ကာကွယ်ကြမယ်ဆိုရင်တော့ ငှက်ဖျားရောဂါကို အမြန်ဆုံး ပြန်လည် လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရ ဆေးစိမ်ခြင်ထောင်နဲ့ ဆေးဝါးတွေရရှိဖို့လဲ စကစက တင်းကြပ်စွာ ကန့်သတ်ထားတဲ့အတွက် အခုလိုတစ်ဦးချင်း တာဝန်သိသိနဲ့ ကာကွယ်ခြင်းကပဲ ရောဂါဖြစ်ပွားမှု လျှော့ချနိုင်ဖို့ အမြန်ဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်း ဖြစ်ပါတယ်။

ကျမတို့ပြည်နယ်က ဆင်းရဲပေမယ့် ပြည်တွင်းနဲ့ ပြည်ပရောက် ပြည်သူတွေရဲ့ ဖေးမကူညီမှုနဲ့ အခုထိ ကျန်းမာရေး စောင့်ရှောက်မှုတွေကို အတန်အသင့် ပေးနိုင်နေပါတယ်။ ကူညီပေးနေသူအားလုံးကို ကျေးဇူးတင်ကြောင်း ဒီကနေ ပြောချင်ပါတယ်။ လိုအပ်နေသူတွေဆီကို ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတွေကနေတဆင့် ဆက်လက်ကူညီ ပေးကြဖို့ကိုလဲ မေတ္တာရပ်ခံချင်ပါတယ်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here