“ချင်းလဲန်းကောင်စီပေါ်လစီနဲ့ ကိုက်ညီအောင် တွန်းဇံမြို့နယ်ကို ဦးဆောင်သွားမယ်။ ZRA ဟာ ကျနော်တို့ကို သိမ်းခဲ့တယ်။ သတ်ဖြတ်ခဲ့တယ်။ အဲဒါကြောင့် CDF တွန်းဇံက ZRA တွေနဲ့ သူတို့ကို ထောက်ပို့သူတွေကို အိမ်ကို ချိတ်ပိတ်ခြင်း ဖြစ်တဲ့အကြောင်း အများပြည်သူက နားလည်ပေးဖို့ CDF – တွန်းဇံ ခေါင်ဆောင်အနေနဲ့ သော်လည်းကောင်း၊ တွန်းဇံမြို့နယ်ကောင်စီ ဥက္ကဌ အနေနဲ့လည်းကောင်း အများပြည်သူကို အသိပေးချင်ပါတယ်” ဦးထန်ဆွန်းမုန် – ဥက္ကဌ / Tonzang Township Council

By MPM 25 ဇူလိုင်, 2024 👁

တွန်းဇံမြို့ အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်စဉ်အတွင်း မျိုးနွယ်စုအကြား ခွဲခြားဆက်ဆံခြင်း၊ နေအိမ်များ ချိတ်ပိတ်ခြင်း၊ ဖမ်းဆီးခြိမ်းခြောက်မှုများ ရှိနေသည်ဆိုသည့် ဒေသခံတို့အကြား သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး Tonzang Township Council ဥက္ကဌ ဦးထန်ဆွန်းမုန်နှင့် ဆက်သွယ်မေးမြန်းချက်။

ချင်းပြည်နယ်မြောက်ပိုင်း အစွန်းဆုံး၌တည်ရှိသည့် တွန်းဇံမြို့နယ်ကို ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယခု ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့တွင် အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါသည်။

တွန်းဇံမြို့သိမ်းစစ်ဆင်ရေးသည် ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ဆောင်သည့် ပထမဆုံး စစ်ဆင်ရေးဖြစ်ပြီး မေလ ၁၅ ရက်က စစ်ကောင်စီတပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် ကျီခါးမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် မေလ ၂၃ ရက်နေ့တွင် တွန်းဇံမြို့ စစ်စခန်းအားလုံးကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုအချိန်၌ တွန်းဇံမြို့ အုပ်ချုပ်ရေးလုပ်ငန်းများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – Tonzang က အကောင်ထည်ဖော် ဆောင်ရွက်နေပြီဟု သိရသည်။ အခုလို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မျိုးနွယ်စုအကြား ခွဲခြားဆက်ဆံခြင်း၊ လူနေအိမ်များကိုချိတ်ပိတ်ခြင်း၊ ဖမ်းဆီးခြိမ်ခြောက်ပြီး ငွေကြေးတောင်းခံမှုများလည်း ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လာသည်။

ထိုအခြေအနေများနှင့် ပတ်သက်ပြီး Tonzang Township Council ၏ ဥက္ကဌဖြစ်သူ ဦးထန်ဆွန်းမုန်ကို ဆက်သွယ် မေးမြန်းထားပါသည်။ ဦးထန်ဆွန်းမုန်သည် CDF-Tonzang ၏ စစ်ဦးစီးချုပ်လည်း ဖြစ်ပါသည်။

မေး။ ။ တွန်းဇံမြို့သိမ်းတိုက်ပွဲပြီးတဲ့အခါမှာ မြို့အခြေအနေတွေက ဘယ်လိုရှိနေပါလဲ။ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဘယ်လို အကောင်အထည်ဖော် ဆောင်ရွက်နေပါလဲခင်ဗျာ။

ဖြေ။ ။ မြို့သိမ်းတိုက်ပွဲပြီးတာနဲ့ CDF – တွန်းဇံခေါင်းဆောင် ဦးထန်ဆွန်းမုန်ကို ချင်းလဲန်းကောင်စီအဖွဲ့နဲ့ CNF ခေါင်းဆောင်ပိုင်းက တွန်းဇံမြို့နယ်အုပ်ချုပ်ရေးပိုင်းကို အပြီးအပိုင်အပ်ထားတယ်။ အဲဒါကြောင့် ပြင်ဆင်တဲ့အပိုင်းမှာ စစ်ရေးမှာ CDF – တွန်းဇံက CNF/ CNA ရဲ့ ဦးဆောင်မှုအောက်မှာ နေပြီးတော့ စစ်ရေးကိုလှုပ်ရှားတယ်။ အဲဒါကြောင့် မြို့သိမ်းတိုက်ပွဲပြီးတာနဲ့ ကာကွယ်ရေးကို ကျနော်တို့က CNF/ CNA ဦးဆောင်တဲ့ ချင်းလဲန်းကောင်စီကို အပြီးအပိုင် ပေးလိုက်တယ်။ သူတို့က ကျနော်တို့ကိုလည်း တွန်းဇံမြို့နယ်အုပ်ချုပ်ရေးကို အပြည့်အဝ တာဝန်ပေးထားတယ်။

အဲဒါကြောင့် ကျနော်တို့က တွန်းဇံမြို့နယ်ကို တိုက်နယ် ၆ ခုနဲ့ ဖွဲ့စည်းတယ်။ တွန်းဇံမြို့နယ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကိုလည်း တခါတည်းရေးဆွဲပြီးသားဆိုတော့ ဖွဲ့စည်းပုံအတိုင်း လိုက်နာပြီးတော့ တိုက်နယ် ၆ ခုနဲ့ ဖွဲ့စည်း ထားတယ်။ ဖိုင်တူတိုက်နယ် ကောင်စီ၊ လုံတပ်တိုက်နယ် ကောင်စီ၊ ရှဲလ်ထော်ဇံတိုက်နယ် ကောင်စီ၊ ဂမ်ငိုင်တိုက်နယ် ကောင်စီ၊ ကျီခါးတိုက်နယ် ကောင်စီ၊ ဟိုင်ကျင်းတိုက်နယ် ကောင်စီဆိုပြီးတော့ ဖွဲ့စည်းထားတယ်။ တွန်းဇံမြို့ပေါ်ကို အရင်က ရပ်ကွက် ၂ ခုနဲ့ ဖွဲ့စည်းထားတယ်။

အခုက နယ်မြေအနေအထားနဲ့ မျိုးနွယ်စု အနေအထားနဲ့ တွက်ချက်ပြီးတော့ တွန်းဇံမြို့ကို ရပ်ကွက် ၅ ခုနဲ့ ပြင်ဆင် ဖွဲ့စည်းထားတယ်။ အမှတ် ၁ ဆိုင်မွာလ်ရပ်ကွက်၊ အမှတ် ၂ မြို့မရပ်ကွက်၊ အမှတ် ၃ မိုင်မွာလ်ရပ်ကွက် ၊ အမှတ် ၄ ခေါဝုန်လေးဆန်ရပ်ကွက်၊ အမှတ် ၅ ခေါလိုင်ဂိုးဇံရပ်ကွက် ဆိုပြီး ဖွဲ့စည်းထားတယ်။ အဲဒီမြို့ပေါ် ရပ်ကွက် ၅ ခု ပေါ်မှာက တွန်းဇံမြို့ပေါ်ကောင်စီ ဆိုပြီး ဖွဲ့ထားတာရှိတယ်။ ကျီခါးကို လည်း ရပ်ကွက် ၂ ခု ရှိတဲ့အတွက် အခုက အုပ်ချုပ်ရေး မလည်ပတ်နိုင်ပေမယ့် မြို့ပေါ်ကောင်စီနဲ့ ရပ်ကွက် ၂ ခုကို ဖွဲ့စည်းထားတယ်။

လောလောဆယ်က ကျီခါး အနောက်ဘက်ခြမ်းကိုက ZRA က စိုးမိုးထားတာ ရှိနေသေးတော့ အဲဘက်ကိုက အုပ်ချုပ်ရေးပိုင်းကို မဖွဲ့စည်းနိုင်သေးဘူး။ ကျန်တဲ့ ၃၁ ရွာကိုတော့ ဖွဲ့စည်းနိုင်ခဲ့ပြီ။ အုပ်ချုပ်ရေးမှူးကိုလည်း ကျေးရွာ ကောင်စီဥက္ကဌ ဆိုပြီးတော့ ဖွဲ့စည်းနိုင်ခဲ့ပြီ။ ၃ ကြိမ် အထိ အစည်းအဝေး လုပ်ပြီးပြီ။ မြို့ပေါ်ကောင်စီကိုလည်း ဖွဲ့စည်းတဲ့အတိုင်း လည်ပတ်နိုင်ပြီ။ ဥပဒေကိုလည်း ကျနော်တို့ ဒေသန္တရအုပ်ချုပ်ရေးဆိုပြီးတော့ ကျနော်တို့ကိုယ်တိုင် တတိယအကြိမ် တွန်းဇံမြို့နယ်အစည်းအဝေးမှာ အတည်ပြု ပြဌာန်းနိုင်ခဲ့တယ်။ တရားစီရင်ရေးကိုလည်း လုပ်နိုင်ခဲ့ပြီး ဖြစ်တယ်။ တွန်းဇံမြို့နယ်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကိုတော့ ကောင်းကောင်းလည်ပတ်နိုင်ပြီလို့ ဖြေရမှာဖြစ်တယ်။

မေး။ ။ တွန်းဇံမြို့ပေါ်ကို ဒေသခံတွေ ဘယ်လောက်ပြန်လာနေကြပြီလဲခင်ဗျာ။

ဖြေ။ ။ လေးပုံ ပုံရင် ၃ ပုံလောက်တော့ ပြန်လာနေကြပါပြီ။

မေး။ ။ CDF – တွန်းဇံဟာ ဒေသခံနေအိမ်တွေကို ချိတ်ပိတ်သိမ်းဆည်းတာတွေ လုပ်ထားတယ်လို့ သိရပါတယ်။ ဒီနေ့အထိ အိမ်ဘယ်နှစ်လုံးကို ချိတ်ပိတ်ထားပါလဲ။

ဖြေ။ ။ ကျနော်က မနေ့ကကြေညာတဲ့အတိုင်းပဲ နေအိမ် ၁၃ အိမ်လောက်ပေါ့။ ချိတ်ပိတ်ထားတာ ရှိတယ်။ အရင် ပိတ်ထားတာက ၁၁ လုံး၊ မနေ့က ပိတ်တာက ၂ လုံးနဲ့ ဆိုရင် ၁၃ အိမ်ပေါ့နော်။ ချိတ်ပိတ်တယ်ဆိုတာက အမှန်အကန်၊ အိမ်နီးနားချင်းတွေက ZRA အဖွဲ့ဝင် ဖြစ်တယ်။ ZRA supporter ဖြစ်တယ် ဆိုပြီးတော့ ပြောဆိုတာနဲ့ သူတို့ရဲ့ တကယ့်လက်တွေ့ လှုပ်ရှားမှုအပေါ်မှာ မူတည်ပြီးတော့ ZRA ဆိုပြီးတော့ ချိတ်ပိတ်ထားခြင်း ဖြစ်တယ်။

မေး။ ။ နေအိမ်တွေကို ဘာကြောင့် ဒီလို ချိတ်ပိတ်ရတာပါလဲ။ ဘယ်လိုမူဝါဒတွေချမှတ်ပြီး ချိတ်ပိတ်တာပါလဲ။

ဖြေ။ ။ မူဝါဒ မလိုဘူးလေ။ ဒါက စစ်ရေးပဲလေ။ ကျနော်တို့က အရင် ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်က စစ်ရှုံးတယ်။ စစ်ရှုံးတော့ လျော်ကြေးပေးတယ်။ အဲဒါပဲ။ ကျနော်တို့ CDF – တွန်းဇံ တစ်ခုထဲပဲတိုက်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ ချင်းလဲန်းကောင်စီ ဦးဆောင်တဲ့ ကာကွယ်ရေးက ပူးပေါင်းပြီးတော့ CNF/ CNA ရဲ့ ဦးဆောင်မှုနဲ့ တွန်းဇံမြို့ ကို သိမ်းနိုင်ခဲ့ပြီ။ ကျနော်တို့ရန်သူဖြစ်တဲ့ ZRA တွေကိုတော့ သိမ်းနိုင်သလောက် သိမ်းမှာပဲလေ။ သူတို့က ရန်သူ ဖြစ်သွားပြီလေ။ ပြည်သူမှ မဟုတ်တာ။ ကျနော်တို့က သွေးနဲ့ဝယ်ထားတာ။ ကျနော်တို့ CDF တွန်းဇံကို ZRA လာတိုက် လို့ ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်။ ကျနော်တို့ ပစ္စည်းတွေကိုလည်း သူတို့သိမ်းထားတာ အများကြီး ရှိတယ်။ RPG က ၁ လက်၊ ဒရုန်း ၂ စီး၊ ဆိုင်ကယ်က ၁၀ စီးကျော်တယ်။ သေနတ်တွေလည်းပါတယ်။

ကျနော်တို့ကို နိုင်တုန်းက သူတို့လည်း သိမ်းနိုင်သလောက် သိမ်းတာပဲလေ။ ကျနော်တို့နိုင်ပြီဆိုတော့ ကျနော်တို့ သိမ်းနိုင်သလောက် သိမ်းမှာပဲလေ။ သူတို့က ရန်သူလေ။ ZRA ကို ထောက်ပံ့ တာလည်း ZRA နဲ့ အတူတူပဲလေ။ ကျနော်တို့ကတော့ သိမ်းနိုင်သလောက်သိမ်းမှာ။ ဆက်ပြီးတော့ ကွင်းဆက်နဲ့ ထောက်လှမ်းတာ ၊ ကွင်းဆက်မိတဲ့ လူတွေကိုတော့ ဖမ်းမှာပဲ။ သိမ်းမှာပဲ။ ဒါကိုတော့ ပြည်သူကို ရှင်းရှင်းပြောပါရစေ။ တစ်ခုတော့ ရှိတယ်။ ကြေညာထားတာက ZRA ဖြစ်ဖြစ်၊ ZRA ကို ထောက်ပံ့သူဖြစ်ဖြစ် အလင်းဝင်လာရင်တော့ လျော်ကြေးတောင်းပြီး၊ လက်မှတ်ထိုးခိုင်းမယ်၊ တွန်းဇံမြို့ပေါ်မှာ ကောင်းကောင်းနေခိုင်းမယ်။

မေး။ ။ ZRA နဲ့ ZRA ထောက်ပံ့သူတွေကို သက်သေအထောက်အထားခိုင်လုံရင် ဆက်လက်ဖမ်းသွားမှာလို့ ဆိုလိုတာပေါ့နော်။

ဖြေ။ ။ မှန်ပါတယ်။ အိမ်ကိုလည်း ချိတ်ပိတ်ထားတယ်။ လူကိုလည်းတွေ့ရင် ထပ်ဖမ်းဦးမှာ။

မေး။ ။ CDF တွန်းဇံဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးကို အကြောင်းပြပြီးတော့ တွန်းဇံမြို့နယ်မှာ တခြားမျိုးနွယ်စု တွေကို ခွဲခြားဆက်ဆံတယ်လို့ PDA က ဇူလိုင် ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုတုံ့ပြန်ချင်ပါလဲခင်ဗျာ။

ဖြေ။ ။ အဲဒါ PDA က မဟာအမှားကြီး ထုတ်ပြန်သွားတာ။ ကျနော်တို့ CDF တွန်းဇံက လူမျိုးကို အကြောင်းပြ ပြီးတော့ အစွဲပြုပြီးတော့ စစ်တိုက်တာ မဟုတ်ဘူး။ ကျနော်တို့ မြန်မာပြည်တပြည်လုံး စစ်အာဏာရှင်အောက်ကနေ လွတ်မြောက်ဖို့ အဓိကက ချင်းပြည်ကို စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်ဖို့ ၊ ပြီးတော့ တွန်းဇံမြို့နယ်ကို စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်ဖို့ အကြမ်းဖက် ZRA လက်ကနေ လွတ်မြောက်ဖို့ ဖြစ်ပါတယ်။ ဘာလူမျိုးရေးမှ ကျနော်တို့လုပ်တာ မရှိဘူး။ ချင်းလဲန်းကောင်စီမှာ CDF – တွန်းဇံက အဖွဲ့ဝင်ဖြစ်တယ်။ မျိုးနွယ်စုအနေနဲ့ တက်တာ မဟုတ်ဘူး။ တွန်းဇံမြို့နယ်ကို ဘယ်လိုဖွဲ့စည်းထားသလဲဆိုရင် တွန်းဇံမြို့နယ်ကောင်စီဆိုပြီး ဖွဲ့စည်းထားတယ်။ ဇိုမျိုးနွယ်စုကောင်စီအနေနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘူး။

တွန်းဇံမြို့နယ်မှာ မျိုးနွယ်စုတွေ စုပေါင်းနေထိုင်တဲ့ မြို့နယ် ဖြစ်လို့ တွန်းဇံမြို့နယ်ကောင်စီဆိုပြီးတော့ ဖွဲ့စည်း ထားတာရှိတယ်။ ဘာမျိုးနွယ်စုကိုမှ ပစ်ပယ်ထားတာမရှိဘူး။ တန်းတူအခွင့်အရေး ပေးထားပါတယ်။ တွန်းဇံမြို့နယ်မှာ မျိုးနွယ်စုအားလုံး အတူတူနေထိုင်ကြမယ်။ စကစ (စစ်ကောင်စီ) အတူတူ တိုက်ကြမယ်။ ZRA ကို အတူတူ တိုက်ကြမယ်။ အောင်ပွဲကို အတူတူ ယူကြမယ်၊၊ CDF တွန်းဇံတပ်ဖွဲ့က တွန်းဇံမြို့နယ်ကောင်စီကို ဖွဲ့စည်းထူထောင် ထားတယ်။ တွန်းဇံမြို့နယ်ကောင်စီထဲမှာ ချင်းမျိုးနွယ်စုတွေ အတူတူ စုပေါင်းနေထိုင်ကြမယ်။ ဘာလူမျိုးရေးမှ မရှိဘူး။ ဇိုမီးဆိုပြီး ဘေးဖယ်ထားတာ မရှိဘူး။ ဇိုဆိုပြီး သီးသန့်ခေါ်ထားတာ မရှိပါဘူး။ ဒါကို PDA က ကောင်းကောင်း နားလည်စေချင်ပါတယ်။

မေး။ ။ နောက်တခုက ဒေသခံတွေကို ဖမ်းဆီးခြိမ်းခြောက်ခြင်းနဲ့ ငွေနဲ့အလဲအလှယ် လုပ်ခြင်းတွေကို ပြုလုပ် တယ်လို့ သိရပါတယ်။ PDA ဘက်က အထောက်အထား အခိုင်အလုံရထားတယ်လို့လည်း ပြောပါတယ်။ အဲဒီအပေါ်မှာရော ဘာပြောချင်ပါလဲခင်ဗျာ။

ဖြေ။ ။ ကျနော်က CDF တွန်းဇံ စစ်ဦးစီးချုပ်လေ။ သူတို့နဲ့ ဘာဆိုင်လဲ။ ကျနော်တို့က ZRA အဖွဲ့ဝင်နဲ့ ZRA ထောက်ပို့ တွေဆိုရင် ဖမ်းမှာပဲလေ။ တွန်းဇံမြို့နယ်က ဘယ်သူနဲ့မှ မဆိုင်ဘူးလေ။ တွန်းဇံမြို့နယ်အုပ်ချုပ်ရေးကိုက CDF တွန်းဇံ ကို အပ်ထားတာလေ။ ကျနော်တို့ ဒီလိုမလုပ်ရင် ZRA က ကျနော်တို့ကို သတ်မှာပဲ။ ZRA နဲ့ ပတ်သက်တဲ့ လူတွေကို ဖမ်းတာပဲရှိတယ်။ မသင်္ကာလို့ဖမ်းတာမှာဆိုရင် ၄ ယောက်ကို ပြန်လွှတ်တယ်။ ဘာလို့လဲဆိုတော့ အိမ်နီးချင်းကမုန်းလို့ ZRA ဖြစ်တယ်ဆိုတဲ့ဟာ ၄ ဦး ရှိတယ်။ ကျနော်တို့ အဲဒါတွေကို တစ်ပြားမှမတောင်းဘူး။ အကုန်လုံး ပြန်လွှတ်ပေးတယ်။

ZRA နဲ့ ပတ်သက်တာကိုတော့ ငွေနဲ့ ကတိဝန်ခံချက် လက်မှတ်ရေးထိုးခိုင်းတယ်။ နောက်ဆိုရင် ဘယ်တော့မှ CDF – တွန်းဇံကို ဆန့်ကျင်ခြင်း မပြုလုပ်တော့ပါ။ ZRA ကို ပူးပေါင်းကူညီခြင်း မပြုလုပ်တော့ပါဆိုပြီး ကတိဝန်ခံချက် လုပ်ခိုင်းတယ်။ လျော်ကြေးတောင်းတယ်။ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ZRA supporter ဖြစ်တယ်။ လာတိုင် တယ်။ ကျနော်တို့ ဖမ်းတယ်။ ထောင်ချတယ်။ လာရွေးခွင့် ပေးတယ်။ ကျနော် မသတ်ပါဘူး။ အတတ်နိုင်ဆုံး လွတ်ငြိမ်း ချမ်းသာခွင့် ပြန်ပေးတယ်။ လျော်ခိုင်းတာက ထုံးစံပါပဲ။ ကျနော်တို့က နစ်နာတာများပြီလေ။ နစ်နာလို့ ငွေကြေးတောင်း တာပဲ ရှိပါတယ်။ ZRA ကိုယ်စားလှယ်တွေကိုပဲ လျော်ကြေးတောင်းတာဖြစ်တယ်။ ပြည်သူတွေကို လုံးဝ မတရားတဲ့ ငွေကြေးတောင်းတာမရှိပါဘူး။

မေး။ ။ ဒဏ်ကြေးတွေက ဘယ်လောက်နှုန်း သတ်မှတ်ထားပါလဲ။ အဲဒီနှုန်းအတိုင်း တပြေးညီသတ်မှတ်ပြီး အရေးယူတာပါလား။

ဖြေ။ ။ အဲဒါက သူ့အပြစ်ပေါ်မှာ မူတည်တယ်။ သူက ဘယ်လောက် ထောက်ပံ့ကူညီဖူးလဲ။ ZRA အမာခံဆိုရင် သိန်း ၃၀၀။ ဒါပေမယ့် သိန်း ၃၀၀ ကို ကျနော်တို့က အတိအကျမယူဘူး။ သိန်း ၁၅၀ တို့၊ သိန်း ၂၀၀ တို့၊ သိန်း ၅၀ တို့၊ သိန်း ၇၀ တို့ အဲလိုပဲ။ သူတို့ တောင်းပန်ရင် တောင်းပန်သလို၊ အပြစ်ကြီးရင် ကြီးသလို၊ ငယ်ရင် ငယ်သလို သူတို့အပြစ် ပေါ်မှာပဲ မူတည်ပြီးတော့ ကျနော်တို့ ငွေကြေးတောင်းတာရှိတယ်။ အပြစ်မရှိတဲ့ဟာကို လုံးဝ ငွေကြေးမတောင်းပါဘူး။ ဒါကို ပြည်သူကိုနားလည်စေချင် တယ်။ PDA ကိုလည်း နားလည်စေချင်ပါတယ်။

မေး။ ။ ဒီလိုဒဏ်ကြေးတွေနဲ့ အရေးယူခဲ့တဲ့သူတွေ တွန်းဇံမှာ ဘယ်လောက်ရှိပါလဲခင်ဗျာ။

ဖြေ။ ။ ၄ ဦး၊ ၅ ဦး လောက်ရှိတယ်။ Sing Suan Khai ဆိုရင် မီးသတ်ဖြစ်တယ်။ ZRA နဲ့ စကစ (စစ်ကောင်စီ) ပေါင်းပြီးတော့ ရဲဘော်သစ်စုဆောင်းရေးမှာ အဓိကပါဝင်လို့ သူ့ကို သိန်း ၄၀ နဲ့ အာမခံချက်နဲ့ လက်မှတ်ထိုးပေးလို့ ပြန်လွှတ်မြောက်ပေးတယ်။ Thawnpu မိန်းမကတော့ အိမ်ချိတ်ခံရရဲ့သားနဲ့ အိမ်ကို ဝင်တယ်။ အဲဒါကို ဖမ်းတယ်။ သူက ZRA တကယ့် အမာခံထောက်ပံ့သူရဲ့ ဇနီး ၊ သူကို သိန်း ၁၅၀ နဲ့။ သူ့ယောက်ျားကတော့ ခုထိ ကတိဝန်ခံချက် လက်မှတ်လာမထိုးဘူး။ သူ့အိမ်က ခုထိ ချိတ်ပိတ်ထားတုန်းပဲ။ သူ့ယောင်္ကျားက ဝန်ခံချက်နဲ့ ZRA ကို မကူညီတော့ပါ။ ထောက်ပံ့ကူညီမှု မပြုလုပ်တော့ပါဆိုရင် သူ့အိမ်ကိုချိတ်ပိတ်ခြင်းမှ ပြန်လည်ကင်းလွတ်ခွင့်ပေးမှာ။

နောက်တစ်ယောက်လည်း ရှိသေးတယ်။ တကယ့် ZRA အမာခံ။ ဒါပေမယ့် သူတို့က နောင်တရလို့ ZRA ကို မကူညီတော့ပါ။ CDF တွန်းဇံကို ဆန့်ကျင်ခြင်း မပြုလုပ်တော့ပါလို့ ဆွေးမျိုးအသိုင်းအဝိုင်းနဲ့ သူ့မိန်းမက လက်မှတ် လာထိုးလို့ ကျနော်တို့ ပြန်လွှတ်ပေးတယ်။ အဲဒါလည်း ခုနကတောင်းတဲ့အတိုင်း တောင်းပါတယ်။ ကျန်တဲ့ဟာတွေ ရှိပါသေးတယ်။ ဒီလောက်ပဲ ပြောပါရစေ။ ကျနော်တို့က တွန်းဇံမြို့ပေါ်မှာ ZRA မနေနိုင်အောင် လုပ်ရခြင်းဖြစ်တယ်။ အဲဒါကို PDA နဲ့ အများပြည်သူကို သိစေချင်တယ်။

မေး။ ။ ဆရာတို့ ဒီလိုလုပ်ဆောင်မှုတွေကို ချင်းလဲန်းကောင်စီကို တင်ပြသွားမယ်လို့ PDA က ပြောပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမှတ်ချက်ပေးနိုင်မလဲခင်ဗျာ။

ဖြေ။ ။ ချင်းလဲန်းကောင်စီက ကျနော်တို့ကို တာဝန်ပေးထားတာဖြစ်ပါတယ်။ PDA က ချင်းလဲန်းကောင်စီအဖွဲ့ဝင်မှ မဟုတ်တာ။ ချင်းလဲန်းကောင်စီလူကြီးတွေက ကျနော့ကိုတာဝန်အပ်နှင်းပြီးသား၊ တွန်းဇံမြို့နယ် ကောင်စီ ဖွဲ့စည်းအုပ်ချုပ်မှု အာဏာကို လွှဲထားပြီသားဖြစ်တယ်။ ကျနော်ကိုယ်တိုင်လည်း ချင်းလဲန်းကောင်စီက ခေါင်းဆောင်ဖြစ်ပါတယ်။

မေး။ ။ ဆရာဟာ CDF-Tonzang စစ်ဦးစီးချုပ် တာဝန်ယူထားပါတယ်။ Tonzang Township Council ရဲ့ ဥက္ကဌ တာဝန်ကိုလည်း ယူထားပါတယ်။ ဒီလို စစ်ရေးနဲ့နိုင်ငံရေး ရာထူးနှစ်ခုကို တပြိုက်နက်ယူထားရတာနဲ့ ပတ်သက်လို့ ရှင်းပြပေးပါဦး။

ဖြေ။ ။ ကျနော်တို့ စစ်ဦးစီးချုပ်ခန့်ထားတဲ့ တစ်ယောက်က နှုတ်ထွက်ခွင့်တောင်းတော့ ကျနော်က ခဏ ယူထားတာပဲ ရှိတယ်။ နောက်ပိုင်းမှာ ဒီတာဝန်ကို ယုံကြည်စိတ်ချရတဲ့လူကို တာဝန်အပ်ဖို့ ရှိပါတယ်။ ကျနော်တို့က ချင်းလဲန်းကောင်စီက တာဝန်နဲ့ ကိုယ့်မြို့နယ်က ရာထူးနဲ့ တွဲလုပ်တာ ရှိတယ်။ ရာထူးက နားပြီးတော့ ချင်းလဲန်းကောင်စီမှာ ဦးဆောင်ကော်မတီဝင် လုပ်သူမရှိဘူး။ CDF ခေါင်းဆောင်တွေက ကိုယ့်မြို့နယ် ခေါင်းဆောင်မှုနဲ့ ချင်းလဲန်းကောင်စီ ဦးဆောင်ကော်မတီကို တွဲပြီး ရာထူးယူတာပဲရှိတယ်။

မေး။ ။ CDF တွန်းဇံအပေါ်မှာ ဒီလိုသတင်းတွေ ထွက်ပေါ်လာမှုနဲ့ ပတ်သက်လို့ လူထုနဲ့ တော်လှန်ရေး အင်အားစုတွေကို ဘာပြောချင်ပါလဲ။

ဖြေ။ ။ ကျနော်တို့ မိတ်ဆွေ CNF/ CNA ရဲ့ စစ်ရေးဦးဆောင်မှုအောက်မှာ အတူတူနေတဲ့ PDA ကိုတော့ စိတ်မကောင်းဘူး။ စိတ်နာတယ်။ မကောင်းတဲ့ထုတ်ပြန်ချက်တွေ ထုတ်တယ်။ အချင်းချင်းပေါ်မှာ ဒီလိုလုပ်တာ မကောင်းဘူးပေါ့နော်။ တွန်းဇံမြို့နယ်ဟာ ကျနော်တို့ ချင်းလဲန်းကောင်စီ ကာကွယ်ရေးဝန်ကြီးအောက်မှာ ပထမဦးဆုံး သိမ်းနိုင်တဲ့မြို့နယ် ဖြစ်တဲ့အတွက် ကျနော်က အစဦးဆုံး မြို့နယ်အုပ်ချုပ်ရေးကို ဖော်ဆောင်နိုင်တဲ့ နည်းတူ၊ ကျနော်တို့ က အတတ်နိုင်ဆုံး တွန်းဇံမြို့နယ်ကို ငြိမ်းချမ်းအောင်လုပ်ချင်တယ်။ ZRA တွေ အလင်းဝင်ချင်လည်း လက်ကမ်းကြိုဆို တယ်။ စစ်ကောင်စီကိုလည်း အလင်းဝင်ချင်လည်း တွန်းဇံမြို့အနေနဲ့ လက်ကမ်းကြိုဆိုတယ်။

ကျနော်တို့က တွန်းဇံ မြို့နယ်ကို ကောင်းကောင်းမွန်မွန်ကို ဦးဆောင်သွားမယ်။ ခရစ်ယာန် ကျမ်းစာနဲ့ ကိုက်ညီအောင် ဦးဆောင်သွားမယ်။ ချင်းလဲန်းကောင်စီပေါ်လစီနဲ့ ကိုက်ညီအောင် တွန်းဇံမြို့နယ်ကို ဦးဆောင်သွားမယ်။ ZRA ဟာ ကျနော်တို့ကို သိမ်းခဲ့တယ်။ သတ်ဖြတ်ခဲ့တယ်။ အဲဒါကြောင့် CDF တွန်းဇံက ZRA တွေနဲ့ သူတို့ကို ထောက်ပို့သူတွေကို အိမ်ကို ချိတ်ပိတ်ခြင်း ဖြစ်တဲ့အကြောင်း အများပြည်သူက နားလည်ပေးဖို့ CDF – တွန်းဇံ ခေါင်ဆောင်အနေနဲ့ သော်လည်းကောင်း၊ တွန်းဇံမြို့နယ်ကောင်စီ ဥက္ကဌ အနေနဲ့လည်းကောင်း အများပြည်သူကို အသိပေးချင်ပါတယ်။ အများပြည်သူကလည်း နားလည်ပေးကြပါလို့ ပြောချင်ပါတယ်။

KMG ပေးပို့သည်။