28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ခါတိုင်းထက်ဆိုးဝါးတာက သိန်းသန်းချီတဲ့ တရားမဝင်အထောက်အထားမဲ့ရွှေ့ပြောင်းတွေက ထိုင်းနိုင်ငံ ထဲမှာရောက်နေတယ်။ ကျွန်တော်တို့စိုးရိမ်တာသည် ထိုင်းအစိုးရအနေနဲ့ အဲဒီအထောက်အထားမဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို အထောက်အထားရှိအောင် ထိုင်းဘက်ကဆောင်ရွက်ပေးသလို...

“ခါတိုင်းထက်ဆိုးဝါးတာက သိန်းသန်းချီတဲ့ တရားမဝင်အထောက်အထားမဲ့ရွှေ့ပြောင်းတွေက ထိုင်းနိုင်ငံ ထဲမှာရောက်နေတယ်။ ကျွန်တော်တို့စိုးရိမ်တာသည် ထိုင်းအစိုးရအနေနဲ့ အဲဒီအထောက်အထားမဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို အထောက်အထားရှိအောင် ထိုင်းဘက်ကဆောင်ရွက်ပေးသလို တချိန်ထဲမှာပဲ ဖမ်းဆီး အရေးယူမှုတွေပြုလုပ်ပြီး နယ်နှင်ဒဏ်ပေးမှုတွေ ဆောင်ရွက်လိမ့်မယ်” FED အမှုဆောင်ဒါရိုက်တာဦးထူးချစ်

ထိုင်းရဲချုပ်၏အမိန့်ညွှန်ကြားမှုကြောင့် လက်ရှိထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများကြား ကြုံတွေ့ရင်ဆိုင်ရသော အခြေအနေများနှင့်ပတ်သက်ပြီး FED အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်နှင့် ဆက်သွယ်မေးမြန်းချက်။

ထိုင်းနိုင်ငံတစ်ဝန်း ရောက်ရှိနေထိုင်နေကြသည့် နိုင်ငံခြားသားများ၏အပြုအမူများကို သက်ဆိုင်ရာတရားစီရင်ပိုင် ခွင့်အတွင်းမှနေ၍ ထိုင်းရဲတပ်ဖွဲ့ဝင်များအနေဖြင့် စောင့်ကြည့်ကြပ်မတ်ရန် ထိုင်းရဲချုပ် Kitrat Panphet က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က အရေးပေါ်အမိန့်ထုတ်ပြန်ခဲ့သည်။

ထိုသို့အမိန့်ထုတ်ပြန်ပြီးချိန်မှစတင်ကာ မြန်မာအများစုအလုပ်လုပ်ကိုင်နေထိုင်ကြသည့် ထိုင်းနိုင်ငံ၏ အဓိက မြို့ကြီးများဖြစ်သည့် ဘန်ကောက်၊ ချင်းမိုင်မြို့ကြီးများအပါအဝင် နေရာအနှံ့တွင် စီးနင်းရှာဖွေမှုများ ခပ်စိပ်စိပ် ရှိလာခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများအပါအဝင် မြန်မာလူမျိုးများ ဖမ်းဆီးခံရမှုများ နေ့စဉ်နှင့်အမျှ ရှိလာသည်။

ယင်းအပြင် ထိုင်းနိုင်ငံသားဒေသခံပြည်သူမျအနေဖြင့်လည်း အစိုးရနှင့်ပူးပေါင်းကာ သတင်းပေးတိုင်တန်းမှုများ လုပ်နိုင်သည်ဆိုသောကြေညာချက်ကြောင့် ပိုမိုသတိထားသွားလာနေထိုင်ရန် မြန်မာရွှေ့ပြောင်းအလုပ်သမား အရေးလှုပ်ရှားသူများက သတိပေးပြောဆိုမှုတို့လည်း ရှိနေသည်။

ထိုသို့ ထိုင်းရဲချုပ်၏ အမိန့်ညွှန်ကြားမှုကြောင့် လက်ရှိထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများကြား ကြုံတွေ့ရင်ဆိုင်ရသော အခြေအနေတို့နှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အမှုဆောင်ဒါရိုက်တာဦးထူးချစ်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေတွေဖြစ်ပေါ်တာ တွေ့ရပါလဲ။

ဖြေ ။ ။ အခုလက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံကလာပြီးတော့ လုပ်ကိုင်စားသောက်တဲ့ ရွှေ့ပြောင်းအလုပ်သမား တွေ အခြေအနေဆိုလို့ရှိရင် ကျွန်တော်တို့နှစ်ပေါင်းနှစ်ဆယ်ကျော်လုပ်ခဲ့တဲ့ အတွေ့အကြုံအရဆိုရင်တော့ ဒါက အဆိုးဆုံးအခြေအနေတွေလို့ ကျွန်တော်တို့ပြောလို့ရတယ်။ ဆိုလိုချင်တာက ကျွန်တော်တို့ နယ်စပ်ဒေသတွေမှာ ဆိုရင်လည်း ဒီနေ့တိုင်းနီးပါး ဖမ်းဆီးအရေးယူမှုတွေရှိတယ်။ ပိုဆိုးတာက ဖမ်းမိပြီးတော့ မြန်မာပြည်ပို့လို့ရှိရင် လည်း စစ်မှုထမ်းဥပဒေနဲ့ညိပြီးတော့ စစ်မှုထမ်းဖို့ တစ်ခါထဲခေါ်သွားခံနေရတယ်ဆိုတာမျိုး နေ့တိုင်းနီးပါး ကြားနေ ရပါတယ်။

ဥပမာအားဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စျေးရောင်းတဲ့ကိစ္စတွေဆိုလို့ရှိရင် ဒါနဂိုထဲကတော့ ထိုင်းအစိုးရအနေနဲ့ ထိုင်းအာဏာပိုင်တွေခွင့်မပြုထားဘူး။ ဒါပေမယ့် ဒီလိုပဲရောင်းနေကြတာတွေ့တယ်။ ဒါပေမယ့် အခု အဲဒီလိုမဟုတ်တော့ဘူး။ အဲဒီကိစ္စတွေရဲ့ နောက် အလုပ်မတူတာပေါ့ဗျာ၊ ဆိုလိုချင်တာက ပန်းရံ လုပ်မယ်ဆိုပြီးတော့ မှတ်ပုံတင်ထားပြီးတော့ စျေးသွားရောင်းနေတာတို့၊ စျေးရောင်းမယ်မှတ်ပုံတင်ပြီး ပန်းရံ လုပ်တာတို့၊ တခြား ဒီဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေ၊ အဲ့လိုမျိုး တခြားစက်ရုံအလုပ်ရုံတွေ လုပ်တာပေါ့။ အဲ့ဒါတွေ ကအစ သူတို့က စနစ်တကျစိစစ်ပြီးတော့ စစ်တာမျိုးတွေ တကယ့်ကိုစစ်ဆင်ရေးတစ်ခုအနေနဲ့ လိုက်လံစစ်ဆေး ဖမ်းဆီးမှုတွေက တော်တော်လုပ်နေတာမျိုးတွေ့ရတယ်။

မေး။ ။ ထိုင်းမှာရွှေ့ပြောင်းအလုပ်သမားတွေ ဖမ်းဆီးခံနေရာတာကဘာကြောင့်ပါလဲ။

ဖြေ။ ။ အဓိက ကတော့ အခြေခံအားဖြင့်ပြောရမယ်ဆိုရင်တော့ ဒီထောင်သောင်းချီတဲ့ ကျွန်တော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေက မြန်မာနိုင်ငံကနေ နေ့စဉ်နှင့်အမျှ တရားမဝင်အထောက်အထားမဲ့ ဖြတ်ကျော်လာ တာတွေကလည်း အခြေခံတယ်။ နောက်တခုက မကြာသေးခင်ကဖြစ်သွားတဲ့ အွန်လိုင်းလိမ်လည်မှု ကျားဖြန့် ကလည်း နိုင်ငံတကာလူကုန်ကူးမှုတွေနဲ့လည်း ဆက်စပ်တယ်။ အဲ့တာကြောင့်မို့လို့လည်း ထိုင်းအစိုးရအနေနဲ့က ရွှေ့ပြောင်းအလုပ်သမားဆိုတဲ့ခေါင်းစဉ်အောက်မှာ လိုက်ပြီးတော့ ပိုမိုတင်းကြပ်မှုတွေလုပ်နေတယ်။ နောက်တခု ကလည်း ဟိုးအရင်နဲ့မတူတဲ့ကိစ္စက နွေဦးတော်လှန်ရေးနောက်ပိုင်းကြမှခေါ်တဲ့ Mixed Migration ရောထွေး နေတဲ့ ရွှေ့ပြောင်းသွားလာမှုတွေ တွေ့နေရတယ်။

ဆိုလိုတာက အရင်တုန်းကတော့ အလုပ်အကိုင်ရှားပါးလို့ သာမာန်လာလုပ်စားကြတဲ့ ရွှေ့ပြောင်းအလုပ်သမား တွေက အများစုဖြစ်ပေမယ့် အခုဆိုလို့ရှိရင် အသိပညာရှင် အတတ်ပညာရှင် ရွှေ့ပြောင်းအလုပ်သမားတွေ ပရော်ဖက်ရှင်နယ် ရွှေ့ပြောင်းအလုပ်သမားတွေ အများကြီးပါလာတာတွေ့ရတယ်။ အဲ့ဒါတွေက ဘာတွေလည်း ဆိုရင် ကျန်းမာရေးဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ၊ တခြားဌာနဆိုင်ရာ တာဝန်ရှိတဲ့လူတွေ၊ သတင်းစာဆရာ တွေ၊ စီးပွားရေးလုပ်ငန်းရှင်၊ အလယ်အလတ်တန်းစားတွေကအစ အများကြီးပါလာတယ်။

အဲဒီရောထွေးတဲ့ ရွှေပြောင်းသွားလာမှုကလည်း ထိုင်းနိုင်ငံထဲမှာ ထိုင်းအစိုးရကသတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို ကျွန်တော်တို့ကျော်လွန်ပြီးတော့ ဥပဒေအရ အချို့လူတွေကလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာမျိုးတွေ ကျွန်တော်တို့တွေက တွေ့နေရတယ်။ ဒါကြောင့်မို့လို့ ပြီးခဲ့တဲ့နှစ်ကဆိုရင် အထောက်အထားမရှိတဲ့ မပြည့်စုံဘဲနဲ့ဖွင့်တဲ့ ရွှေ့ပြောင်းအလုပ်သမားကျောင်းတွေ ပိတ်ခံထိတာတို့ CDM ဆရာ၊ ဆရာမတွေကိုဖမ်းပြီးတော့ မြန်မာပြည်ပြန်ပို့ခံရတဲ့ အနေအထားတွေရှိတာတို့ ဆက်တိုက်ကြုံခဲ့ရတာပေါ့။

မေး။ ။ ဒီလိုအခြေအနေမှာ ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဘာတွေသတိထား သင့်ပါလဲ။

ဖြေ။ ။ အဓိကကဗျာ အခြေခံအားဖြင့် ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကလည်း စတယ်၊ ဟိုးတစ်နှစ်ကလည်း စတယ်။ သူတို့ရံဖန်ရံခါ တရားဝင်ဖြစ်အောင်လုပ်ပေးတဲ့ လက်မှတ်တွေရှိတယ်။ အခုဆို သူတို့ကတော့ အလွယ်ခေါ်တာ ပေါ့ဗျာ။ ပန်းရောင်ကတ်ကနေ နောက် CI တွေပေါ့နော်။ ဖြစ်နိုင်လို့ရှိရင်တော့ ကျွန်တော်တို့ ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့က ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ထိုင်းအစိုးရကထုတ်ပေးတဲ့ စာရွက်စာတမ်း တွေကို ရအောင်လုပ်ထားသင့်တယ်လို့ ကျွန်တော့်အနေနဲ့ အခြေခံအားဖြင့်ပြောချင်ပါတယ်။

နောက်တခါ တချိန်ထဲမှာပဲ ပိုအရေးကြီးတာက သူတို့နိုင်ငံထဲမှာရောက်လာပြီဆိုရင်တော့ ထိုင်းနိုင်ငံက ကျင့်သုံးနေတဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာလေးတွေကိုလည်း တတ်နိုင်သလောက်လေ့လာပြီးတော့ လိုက်နာကျင့်သုံးသင့်တယ်။ နောက် တချိန်ထဲမှာပဲ ထိုင်းအစိုးရကချမှတ်ထားတဲ့ ဥပဒေတွေ ဘာအလုပ်တွေက မလုပ်ရဘူး ဆိုတာထိ ဒီလောက်ထိတော့ အခြေခံ ကျွန်တော်တို့ရွှေ့ပြောင်းအလုပ်သမားတွေက လေ့လာကျင့်သုံး သင့်တယ်လို့ ကျွန်တော်အနေနဲ့ ပြောချင်တယ်။

မေး။ ။ ဒီလိုအခြေအနေတွေက မြန်မြန်ကျော်သွားဖို့ရှိနိုင်ပါလား။

ဖြေ။ ။ ဆိုတော့ လက်ရှိအခြေအနေက အခုမှစတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ ထိုင်းအစိုးရက ဖမ်းတာ ဆီးတာကတော့ ပုံမှန်ဖြစ်တယ်။ ကျွန်တော်တို့လည်း ထိုင်းနိုင်ငံမှာ နှစ် ၃၀ လောက်နေခဲ့တာ။ ဖမ်းတယ်ဆီးတယ် ပြန်လွှတ်တယ်။ ဆိုတော့ အခုက ကျွန်တော်တို့က ခါတိုင်းထက်ဆိုးဝါးတာက သိန်းသန်းချီတဲ့ တရားမဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းတွေက ထိုင်းနိုင်ငံထဲမှာရောက်နေတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ စိုးရိမ်တာ သည် ထိုင်းအစိုးရအနေနဲ့ အဲဒီအထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အထောက်အထားရှိအောင် ထိုင်းဘက်ကဆောင်ရွက်ပေးသလို တချိန်ထဲမှာပဲ ဖမ်းဆီးအရေးယူမှုတွေပြုလုပ်ပြီး နယ်နှင်ဒဏ်ပေးမှုတွေ ဆောင်ရွက်လိမ့်မယ်။

အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ကတော့ ဒါကိုစနစ်တကျ ပြင်ဆင်သင့်တယ်။ ဒါကိုဘယ်လောက်ကြာမလဲဆိုတာကို ကျွန်တော်တို့အနေနဲ့ ပြောဖို့ခက်ပေမဲ့ ကျွန်တော်တို့အနေနဲ့ အချိန်တို ကာလအတွင်းမှာတော့ အဲဒီဟာတွေ အေးအေးဆေးဆေးငြိမ်ငြိမ်စိမ်စိမ် ပြီးစီးသွားမယ်လို့တော့ ကျွန်တော့်အနေနဲ့ မထင်ဘူး။ နောက်တစ်ခုပိုဆိုးတာက နယ်စပ်တွေမှာ စစ်မှုထမ်းဖို့ တန်းပြီးတော့ပို့တာမျိုးတွေ ကြားနေရတယ်။ ဒါကြောင့်မို့လို့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ကတော့ ​ငြိမ်ငြိမ်စိမ်စိမ်နဲ့ စည်းမှန်ကမ်းမှန် လမ်းမှန်နေကြဖို့ သင့်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်တယ်။

မေး။ ။ ထိုင်းမှာဖြစ်ပေါ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးနဲ့ပတ်သက်ပြီး ထပ်မံဖြည့်စွက် ပြောချင်တာရှိရင် ပြောပြပေးပါဦးခင်ဗျ။

ဖြေ။ ။ ကျွန်တော်တို့ရဲ့အတွေ့အကြုံအရဆိုရင် ဒီအစိုးရတွေ မိခင်အစိုးရတွေရဲ့ ပူးပေါင်းဆောင်ရွက်ရန်မှု ကျွမ်းကျင်လိမ်မာမှုကလည်း အင်မတန်မှအရေးကြီးတယ်။ အစိုးရချင်း အစိုးရချင်းပြောတာ ကျွန်တော်တို့ အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းတွေ အလုပ်သမားသမဂ္ဂတွေ အလုပ်သမားအဖွဲ့အစည်းတွေပြောတာထက် အများကြီး သာသွားတယ်။ အများကြီးအကျိုးရှိတယ်။

ဒါကြောင့်မို့လို့ ကိုယ့်ကိုယ့်ကိုယ်အစိုးရပါလို့ပြောနေတဲ့လူတွေ ကိုယ်ရွှေ့ပြောင်းအလုပ်သမားတွေကို အမှန်တကယ် အကာအကွယ်ပေးချင်တယ်ဆိုလို့ရှိရင်တော့ ထိုင်းအစိုးရကို စနစ်တကျ ချဉ်းကပ်ပြီးတော့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တစုံတရာ အကာအကွယ်ရအောင်တော့ ကြိုးစားဆောင်ရွက်သင့်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်တယ်။

IMNA ပေးပို့သည်။