28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ကျမတို့တိုင်းပြည်ကြီးကို မြန်မြန်ပြန်ကောင်းစေချင်လှပြီ။ အဒေါ်တို့လို သက်ကြီးပိုင်းတွေဆိုတာ ဘယ်အချိန် သေမလဲဆိုတာ ပြောလို့မရဘူး။ သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့ မသေချင်ဘူး။ ဒါကြောင့် မြန်မာပြည်ကြီး...

“ကျမတို့တိုင်းပြည်ကြီးကို မြန်မြန်ပြန်ကောင်းစေချင်လှပြီ။ အဒေါ်တို့လို သက်ကြီးပိုင်းတွေဆိုတာ ဘယ်အချိန် သေမလဲဆိုတာ ပြောလို့မရဘူး။ သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့ မသေချင်ဘူး။ ဒါကြောင့် မြန်မာပြည်ကြီး အမြန်ကောင်းစေချင်လှပါပြီ” Pi Thiampar / မီဇိုရမ်ပြည်နယ် Tuirial စစ်ရှောင် စခန်းတွင်တိမ်းရှောင်နေထိုင်သူ အသက် ၆၂ အရွယ်ချင်းတိုင်းရင်းသူတစ်ဦး

မြန်မာ – အိန္ဒိယနယ်စပ်၊ မီဇိုရမ်ပြည်နယ် Tuirial စစ်ရှောင်စခန်းတွင် ၃ နှစ်ကျော်ကြာ တိမ်းရှောင်နေသူ အသက် ၆၂ အရွယ် ချင်းတိုင်းရင်းသူ Pi Thiampar နှင့် တွေ့ဆုံမေးမြန်းချက်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ လူအခွင့်အရေး ချိုးဖောက်မှု၊ အကြမ်းဖက်မှုနှင့် စစ်အာဏာရှင်စနစ်တော်လှန်ရေးတိုက်ပွဲများကြောင့် ဒေသခံပြည်သူများသည် အိမ်နီးချင်းနိုင်ငံများထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုများတွင် ကလေးမြို့နယ် ချင်းတောင်ခြေရှိ စက္ကန့်ကျေးရွာလည်း ပါဝင်ခဲ့သည်။ စက္ကန့်ကျေးရွာခံ အသက် ၆၂ အရွယ် Pi Thiampar သည် ၎င်းနေထိုင်ရာ ကျေးရွာကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ်အတွင် အနည်းဆုံး ၃ ကြိမ်တိုင် မီးရှို့ခဲ့တာကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ပြာကျခဲ့ရသည်။

မီးလောင်ပြာကျခဲ့သည့် နေအိမ်များထဲတွင် ချင်းတိုင်းရင်းသူ Pi Thiampar ၏ နေအိမ်လည်း ပါဝင်ခဲ့သည်။ ထိုအခြေအနေကြောင့် Pi Thiampar သည် မြန်မာ – အိန္ဒိယနယ်စပ်ဖြစ်သည့် မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ အနီး Tuirial စစ်ဘေးရှောင်စခန်း၌ ခိုလှုံနေသည်မှာ ၃ နှစ်ကျော် ရှိသွားပြီဖြစ်သည်။

Tuirial စစ်ရှောင်စခန်းတွင် အိမ်ခြေ ၂၀ ကျော်နှင့် စစ်ဘေးရှောင်ပြည်သူ ၁၀၀ နီးပါးရှိကြောင်း သိရသည်။ အသက် ၆၂ အရွယ် ချင်းတိုင်းရင်းသူ Pi Thiampar အား စစ်ရှောင်တစ်ဦးအနေဖြင့် မီဇိုရမ်ပြည်နယ် Tuirial စစ်ရှောင်စခန်းတွင် နှစ်ကြာချီနေထိုင်စဉ်အတွင်း တွေ့ကြုံရင်ဆိုင်နေရသည့် အခြေအနေတို့ကို တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ မီဇိုရမ်ပြည်နယ်ဘက်ကို ဘယ်လိုကြောင့်ရောက်ရှိသွားတာပါလဲ။

ဖြေ။ ။ ၂၀၂၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ မနက် ၈ နာရီလောက်မှာ ထွက်ပြေးခဲ့ကြတာပါ။ စစ်သားတွေက ရွာထဲ ဝင်လာပြီး ရွာသားတွေကိုဖမ်းဆီးတာတွေလုပ်ပါတယ်။ ကျမတို့ကတော့ ထွက်ပြေးကြတယ်။ စားသောရွာကို ပြေးကြတယ်။ အဲဒီမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေတုန်းပဲ။ အဲဒီကနေ စီးစံရွာကို ထပ်ပြေးတယ်။ အဲဒီမှာ ၃ ည လောက်အိပ်တယ်။

ကျမတို့ရွာကိုလည်း ပြန်မဝင်ရဲတော့ဘူးလေ။ စီးစံရွာကနေပဲ ကလေးမြို့ တာဟန်းရပ်ကွက် ကိုထပ်ပြေးပြီး တညအိပ်တယ်။ တာဟန်းကနေ အခု မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာကြတာ ဖြစ်ပါတယ်။ အဝတ်အစား၊ စောင်တွေလည်း ပါမလာကြဘူး။ သူများပေးလှူတဲ့အဝတ်အစား စောင်တွေနဲ့ ခုချိန်ထိနေနေကြတာပါ။

မေး။ ။ စစ်ကောင်စီရဲ့မီးရှို့မှုကြောင့် နေအိမ်တွေလည်း မီးလောင်သွားပြီလို့သိရပါတယ်။ အဲဒီအခြေအနေ လည်း ပြောပေးလို့ရမလား။

ဖြေ။ ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့မှာ နင်တို့အိမ်မီးလောင်သွားပြီလို့ အသိတွေက ပြောလာလို့ သိရတာ။ အိမ်ထဲကပစ္စည်းတွေလည်း ဘာတခုမှမယူဘဲ ဒီဘက်ကိုထွက်ပြေးလာကြတာဆိုတော့ အဲဒါတွေလည်း အကုန်မီးလောင်ပြာကျသွားတယ်။ စစ်သားတွေက မီးရှို့တာပါ။ ကျမတို့လည်း ဘာမှမတတ်နိုင်ဘူးလေ။ ရှိသမျှအရာအားလုံးက မီးထဲပါသွားပြီ။ ဒီကိုစရောက်တုန်းကလည်း သူများအိုးခွက်ပန်းကန်တွေကိုငှါးပြီး ထမင်းဟင်းချက်ပြုတ်ပြီး စားသောက်ကြတာပါ။

အခုတော့ စေတနာရှိတဲ့အလှူရှင်တွေရဲ့ကူညီမှုနဲ့ ထမင်းဟင်း ချက်ဖို့ အိုးခွက်လေးတွေတော့ ရှိလာပါပြီ။ နေအိမ်မီးလောင်တဲ့အတွက် အလှူရှင်တချို့ထံကနေ ကျပ်ငွေ တစ်သိန်းခွဲ ထောက်ပံ့ငွေတော့ရတယ်။ ကျန်တာတော့ ဘာမှမရဘူး။ အရင် နေအိမ်မီးလောင်တဲ့သူတွေကတော့ အလှူငွေလေးတွေ ရကြတယ်။ ကျမတို့တော့ ဘာမှကိုမရတာ။

မေး။ ။ အခု ဒီစစ်ဘေးရှောင်စခန်းမှာ ဘယ်လိုလုပ်ကိုင်စားသောက်ကြပါလဲ။ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြရလဲ။

ဖြေ။ ။ အရမ်းကို ခက်ခဲပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အမျိုးသားဖြစ်သူက တောထဲကိုထင်းခွေသွားပြီး အဲဒီထင်းခွေတွေကို ပြန်ရောင်းလေ့ရှိတယ်။ တနေ့မှာ နှစ်ရာ/သုံးရာ (အိန္ဒိယငွေကြေး) လောက်တော့ ရပါတယ်။ အဲဒါနဲ့ ဆန်တွေကို တစ်ကေဂျီ၊ နှစ်ကေဂျီဖြစ်ဖြစ် ဝယ်စားကြတယ်။ ဒီလိုနဲ့ပဲ ဖြေရှင်းနေကြပါတယ်။ ကျမလည်း ဘာမှမလုပ်နိုင်ဘူး။ တခြားအလုပ်လုပ်နိုင်တဲ့သူလည်း မရှိဘူးလေ။ နေမကောင်းရင်လည်း လုပ်ရတယ်၊ အားကိုး အားထားပြုစရာလည်း မရှိဘူးလေ။

တောထဲကိုထင်းခွေပြီး အဲဒါကိုပြန်ရောင်းတာ ၃၀၀/ ၄၀၀ ဖိုးလောက်တော့ ရောင်းရတယ်။ တခါတလေ တောင်ယာထဲမှာ နေ့စားနဲ့အလုပ်သွားလုပ်တယ်။ တစ်ရက်ကို ၅၀၀ နဲ့ အဲဒါလည်း အမြဲတမ်း မရှိဘူး။ အဲလိုနဲ့ပဲ အသက်ဆက်ကြတာပေါ့။ ကျမဆိုရင်လည်း နှလုံးမကောင်းဘူး၊ အားလည်း မရှိဘူး။ ဘာမှလုပ်လို့ မရဘူး။ ထမင်းဟင်းချက်လောက်ပဲ လုပ်နိုင်တော့တယ်။ အားဆေးတွေ ပုံမှန်မမှီဝဲဘူးဆိုရင် ဘာမှ မလုပ်နိုင်တော့ဘူး။

မေး။ ။ ဒီမှာလည်း ခက်ခက်ခဲခဲနဲ့ရုန်းကန်နေရတော့ ကိုယ့်ရပ်ရွာကို ပြန်ချင်တဲ့စိတ်၊ ပြန်သွားချင်တဲ့စိတ်မျိုးရှိလား။

ဖြေ။ ။ ပြန်မယ်ဆိုရင်လည်း အိမ်မှမရှိတော့တာ ဘယ်မှာသွားအိပ်ကြမှာလဲ။ သူများအိမ်အောက်မှာ အိပ်ကြရ မှာလား။ ဒီနေရာမှာလက်ခံသရွေ့ကတော့ နေရမှာပေါ့။ ဒါပေမယ့် မလိုချင်တော့ဘူး ပြန်ကြတော့ဆိုပြီး နှင်ထုတ် ခံရရင်တော့ ပြန်ရမှာပေါ့လေ။ အိမ်တွေလည်း ပြာကျကုန်ပြီလေ။ ပြန်ဆောက်ဖို့ကလည်း ဘာမှမရှိဘူးလေ။ ဒီအကြောင်းတွေ စဉ်းစားမိရင် ရူးမတတ်အောင်ပါပဲ။ အဲဒါတွေ စဉ်းစားမိတိုင်း ကိုယ့်ကိုကိုယ် ကြိုးစွဲသတ်သေချင် စိတ်တောင်ပေါက်တယ်။ ဘာသာရေးဆရာတွေ၊ မိတ်ဆွေတွေက ဝိုင်းပြီးဆုတောင်းပေးကြလို့သာ ဘုရားသခင် ကြောင့် ခုထိခံနိုင်သေးတာပေါ့။ မီဇိုရမ်ကနေ စစ်ဘေးရှောင်တွေကို မကြိုက်တော့လို့ နှင်ထုတ်ခံရရင်တော့ ပြန်ရမှာပေါ့။

ဒါပေမယ့် ဘယ်မှာသွားနေကြရမှာလဲ၊။ ဒီအကြောင်းတွေ အများကြီးစဉ်းစားမိရင် နှလုံးအားနည်းတာ ပိုဆိုးလာ တယ်။ သေမတတ်အောင် ဖြစ်ရတယ်။ အဲဒါကြောင့် စဉ်းလည်းမစဉ်းစားရဲဘူး။ ဘာမှလည်း မရှိတော့ဘူး၊ အိမ်လည်း မရှိတော့ဘူး။ ဒါတွေတွေးမိရင် အရူးတစ်ယောက်လိုပါပဲ။ အားကိုးစရာလည်း မရှိဘူး။ ရွာဆိုရင်လည်း အရမ်းလွမ်းတယ်။ အရမ်းပြန်ချင်တယ် ပြန်ချင်ပေမယ့်လည်း ပြန်လို့မှမရတာ။ ခုထိလည်း ရွာထဲမှာ စစ်သားတွေ ရှိသေးတယ်။ ဘာမှလည်းလုပ်နိုင်တာ တတ်နိုင်တာလည်း မရှိဘူးလေ။ ကျမက စက္ကန့်ရွာသူစစ်စစ်လေ။ အဲဒါကြောင့် ရွာကိုပိုလွမ်းတယ်။ ပိုပြန်ချင်တာပေါ့။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မြန်မြန်အနိုင်ရပြီး မြန်မြန်ပြန်ချင်ပြီ။ ဒါပေမယ့် ကျမတို့ကတော့ ပြန်မယ်ဆိုရင်လည်း နေစရာအိမ်လည်း မရှိတော့ဘူး။ ပြန်ဆောက်မယ်ဆိုရင်လည်း ဘာမှ မရှိဘူးလေ။ အဲဒါတွေ စဉ်းစားမိရင်ရူးချင်တယ်။ အလှူရှင်တွေရဲ့ ထောက်ပံ့မှုလေးတွေနဲ့ပဲ စားသောက်နေ ရတာပေါ့။ အထောက်အပံ့ မရရင်တော့ အသင်းတော်ရဲ့ လက်တဆုတ်ဆန်တွေကို အကြွေးနဲ့သွားဝယ်တယ်။ အဲလိုနဲ့ပဲ အသက်ဆက် နေရတာပေါ့။ တခါတလေလည်း ချောင်းတွေမှာ ဟင်းရွက်ခူးခပ်ပြီး စားသောက်ကြရတာပါပဲ။

မေး။ ။ တချို့စစ်ဘေးရှောင်တွေဆိုရင် သူတို့မိသားစုတွေနိုင်ငံခြားမှာရှိကြတယ်။ အကူအညီတွေလည်း ရတဲ့သူတွေရှိတာပေါ့လေ။ ဒေါ်လေးတို့ရော အဲလိုမျိုးမရှိဘူးလား။

ဖြေ။ ။ နိုင်ငံခြားမှာတော့ ဆွေးမျိုးတချို့တွေလည်း ရှိတော့ရှိပါတယ်။ ဒါပေမယ့် ကူညီထောက်ပံ့တာတွေ မရဘူး။ ဘယ်သူကမှ မကူကြဘူး။ ဟိုတလောကလည်း နေမကောင်းဘူး ၄ ရက်လောက် ဆေးရုံသွားဖို့လည်း ပိုက်ဆံမရှိတော့ ဒီအတိုင်းပဲအိပ်လိုက်တယ်။ အဖျားတက်လာရင် ဆေးသောက်လိုက်တယ်။ အခု ဒီအပတ်ကြမှပဲ ပြန်ကောင်းလာတာ။ ဘုရားကလွဲပြီး ဘယ်သူ့ကိုမှအားကိုးစရာမရှိဘူး။

မေး။ ။ တခြားဘာများပြောချင်တာ ရှိပါသေးလဲ။

ဖြေ။ ။ ကျမတို့တိုင်းပြည်ကြီးကို မြန်မြန်ပြန်ကောင်းစေချင်လှပြီ။ အဒေါ်တို့လို သက်ကြီးပိုင်းတွေဆိုတာ ဘယ်အချိန် သေမလဲဆိုတာ ပြောလို့မရဘူး။ သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့ မသေချင်ဘူး။ ဒါကြောင့်မြန်မာပြည်ကြီး အမြန်ကောင်းစေချင်လှပါပြီ။

KMG ပေးပို့သည်။