28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ကျနော်တို့ မလိုလားအပ်တဲ့ပဋိပက္ခဆိုတာတော့လေ ကလေးတွေ၊ အောက်ခြေတွေလုပ်တာကတော့ ဒါက နားမလည်လို့လည်း ဖြစ်နိုင်တယ်လေ။ ပြီးတော့မှ အဖွဲ့အစည်းတစ်ခုရဲ့စေခိုင်းမှု ဖြစ်ချင်မှလည်း ဖြစ်မှာပေါ့လေ။ ဒါပေမယ့်...

“ကျနော်တို့ မလိုလားအပ်တဲ့ပဋိပက္ခဆိုတာတော့လေ ကလေးတွေ၊ အောက်ခြေတွေလုပ်တာကတော့ ဒါက နားမလည်လို့လည်း ဖြစ်နိုင်တယ်လေ။ ပြီးတော့မှ အဖွဲ့အစည်းတစ်ခုရဲ့စေခိုင်းမှု ဖြစ်ချင်မှလည်း ဖြစ်မှာပေါ့လေ။ ဒါပေမယ့် တာဝန်ရှိတဲ့ခေါင်းဆောင်တွေဆိုတာက ခေါင်းရှောင်လို့မရဘူးလေ။ ဒါကို ပဋိပက္ခမဖြစ်ပွားဖို့က သက်ဆိုင်ရာ တာဝန်ရှိထိပ်သီးခေါင်းဆောင်တွေဆိုတာက တာဝန်ယူတာဝန်ခံမှုအနေနဲ့ ထိန်းသိမ်းပေးဖို့လိုတယ်” စိုင်းဖုန်းဟန်/ SSJAC နှင့် SSPP ပြောရေးဆိုခွင့်ရှိသူ

သီပေါမြို့ဝင်မုခ်ဦး ဆေးရောင်ပြောင်းသုတ်ခံရခြင်းနှင့်ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ခဲ့သည့် ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC နှင့် SSPP ပြောရေးဆိုခွင့်ရှိသူ စိုင်းဖုန်းဟန်နှင့် ဆက်သွယ် မေးမြန်းချက်။

ရှမ်းပြည်မြောက်ပိုင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မြို့ဝင်မုခ်ဦးဆိုင်းဘုတ်ကို ဆေးရောင်ပြောင်းသုတ်လိုက်ကြပြီး သျှမ်းပြည်အလံပါ ဝါစိမ်းနီအရောင် များဖြင့် ဆေးခြယ်ထားသည့် သျှမ်းပြည်မြေပုံကိုလည်း အရောင်ပြောင်းဆေးခြယ်လိုက်သည်ဟု ဒေသခံတို့က ပြောသည်။

သီပေါမြို့ဝင်ဆိုင်းဘုတ် ဆေးရောင်ပြောင်းခြင်းကို TNLA လက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးက မြို့အဝင်ရှိ ကျေးရွာဖွံ့ဖြိုးရေးနှင့် ဆိုင်းဘုတ်ရှိအရောင်များကို ပြန်လည်မွမ်းမံခြင်းဖြစ်ပြီး TNLA ဗဟိုက ညွှန်ကြားချက်မဟုတ်ဘဲ ပြန်လည်ပြင်ဆင်နေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြန်လည် ဖြေကြားထားသည်။

TNLA က လုပ်ဆောင်နေသည့် သီပေါမြို့အဝင်မုခ်ဦးရှိ သျှမ်းပြည်ကိုယ်စားပြုအမှတ်သရုပ်အား ပလောင်လူမျိုး အမှတ်သရုပ်ဖြင့် အစားထိုးပြောင်းလဲလုပ်ဆောင်ခြင်းအပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) က ဖေဖော်ဝါရီ (၁၀) ရက်တွင် ထုတ်ပြန်ကြေညာသည်။

ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စိန်ကျော့ပြည်သူ့စစ်တို့ ပါဝင်ဖွဲ့စည်း ထားပါသည်။

သီပေါမြို့ဝင်မုခ်ဦး ဆေးရောင်ပြောင်းသုတ်ခံရခြင်းနှင့် ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ခဲ့သည့် ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC နှင့် SSPP ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် စိုင်းဖုန်းဟန်ထံ ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ ပထမဆုံးအနေနဲ့ သီပေါမြို့ဝင်မုခ်ဦးက ရှမ်းပြည်ကိုယ်စားပြု အမှတ်အသားနဲ့ပတ်သက်ပြီး အခုလို စာထုတ်ပြန်ရတဲ့အကြောင်းရင်းကို ပြောပြပါဦး။

ဖြေ ။ ။ ကျနော်တို့ SSJAC က မူတစ်ခုချထားတာရှိတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူဆိုတာ ကျနော်တို့ SSJAC အနေနဲ့ မူချထားတာရှိတယ်။ ဒါပေမယ့် မလိုလားအပ်တဲ့ပဋိပက္ခတွေ မဖြစ်အောင် ဒါကို ကျနော်တို့ ထုတ်ပြန်ကြေညာချက် statement က ကျနော်တို့လူမျိုးအချင်းချင်း အဲ့လိုမျိုး ပဋိပက္ခမဖြစ်အောင်၊ အချင်းချင်း ပဋိပက္ခမဖြစ်စေရေး ဆိုတဲ့ဟာကို ကျနော်တို့ဦးတည်ပြီးမှ အပြုသဘောဆောင်တဲ့ ထုတ်ပြန်ချက် ထုတ်ပြန်ခြင်းဖြစ်တယ်။

ဥပမာပြောရမယ်ဆိုရင် ကျနော်တို့ မလိုလားအပ်တဲ့ပဋိပက္ခတွေက သက်ဆိုင်တဲ့တာဝန်ရှိသူတွေ ခေါင်းဆောင်တွေက ဒါကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ လိုတာပေါ့လေ။ ကျနော်တို့ ပြီးခဲ့တဲ့နှစ်ကလည်း စယ်လန့်မှာ ဖြစ်တဲ့ကိစ္စကလည်း ရုပ်ဆိုးအကျည်းတန်တာပေါ့ဗျာ။ ဒါကို တာဝန်ရှိတဲ့လူတွေကို အချိန်မီ ထိန်းသိမ်းပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ထုတ်ပြန်ရခြင်းဖြစ်တယ်ဗျ။

မေး ။ ။ “၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ အခုလို မြို့ဝင်မုခ်ဦးကို ဆေးရောင်ပြောင်းတဲ့ကိစ္စ ဖြစ်သွားတဲ့အပေါ်မှာ SSJAC အနေနဲ့ ဘယ်လိုဆက်လုပ်သွားဖို့ရှိပါလဲ။

ဖြေ ။ ။ ဘယ်လိုကိုင်တွယ်သွားဖို့ရှိလဲဆိုတာ ကျနော်တို့က လုပ်တဲ့လူမဟုတ်ဘူးလေဗျာ။ အဲဒါက ဘယ်လိုဖြေရှင်းပေးမလဲဆိုတဲ့ဟာက လုပ်တဲ့ကာယကံရှင် ဖြေရှင်းပေးရမှာဖြစ်တယ်။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က သျှမ်းအမျိုးသားနဲ့ ပလောင်အမျိုးသားကြားမှာ ပြီးတော့ သျှမ်းအဖွဲ့အစည်းနဲ့ ပလောင်အဖွဲ့အစည်းကြားမှာ ပဋိပက္ခမဖြစ်စေရေး ထိန်းသိမ်းပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်ရခြင်းဖြစ်တယ်။

ဘယ်လိုလုပ်ဖြေရှင်းသွားမလဲဆိုတာက ကျနော်တို့က ကာယကံရှင်မဟုတ်တဲ့အတွက် ဒါက ကျနော်တို့ တာဝန်မရှိဘူးပေါ့လေ။ သက်ဆိုင်တဲ့အဖွဲ့အစည်း လုပ်တဲ့လူတွေပဲ ဒါကိုဖြေရှင်းပေးဖို့ သူတို့တာဝန်ရှိတာပေါ့လေ။ အဲ့ဒါကို ကျနော်တို့ ပြောလိုပါတယ်ဗျ။

မေး ။ ။ မူဆယ်မြို့နယ် စယ်လန့်မှာရှိတဲ့ စဝ်ဆေခန်ဖမြို့ရိုးဟောင်း ဖျက်ဆီးခံရတုန်းကလည်း စစ်ရေးနည်းလမ်း အစား TNLA နဲ့ ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းခဲ့သလို အခု သီပေါမြို့ဖြစ်စဉ်မှာကော ဘာတွေ ဆက်လုပ်သင့်လဲ။

ဖြေ ။ ။ ဘာတွေလုပ်သင့်လဲဆိုတာက ကျနော်စောစောကပြောသလိုပဲ သက်ဆိုင်တဲ့အဖွဲ့အစည်း၊ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေပဲ ဖြေရှင်းရမှာဖြစ်တယ်။ ကျနော်တို့ ပဋိပက္ခမဖြစ်စေရေး ဦးတည်ချက်နဲ့ ဒါကိုလှမ်းပြီးတော့မှ သတိပေးတဲ့သဘောပဲ ဖြစ်တယ်။ ကျနော်တို့ သျှမ်းအချင်းချင်းနဲ့ ပလောင်အချင်းချင်း ပဋိပက္ခမတိုးပွားစေရေး ဦးတည်ချက်ပဲ လုပ်တာဖြစ်တယ်။

ဆိုတော့ သူတို့ဘယ်လိုကိုင်တွယ်မလဲ၊ ဘယ်လိုဖြေရှင်းမလဲဆိုတာက လုပ်တဲ့တာဝန်ရှိတဲ့လူတွေပဲ ဖြေရှင်းရမှာ ဖြစ်တယ်။ အဲဒါ အဓိကပေါ့လေ။ ကျနော်တို့ SSJAC ရဲ မူက ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ရေး ဆိုတဲ့ဟာက ရှိပြီးသားဖြစ်တယ်။ အဲဒါကို ဦးတည်ပြီးမှ ကျနော်တို့ ပြောနေခြင်းဖြစ်တယ်။

မေး ။ ။ SSJAC ထဲမှာပါဝင်တဲ့ SSPP အနေနဲ့ တစ်ဘက်မှာကြတော့ FPNCC မှာ TNLA နဲ့ မဟာမိတ်ဖြစ်ထားတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လဆိုရင် သီပေါ၊ ကျောက်မဲဘက်မှာ ထိတွေ့မှုဖြစ်ခဲ့တာရှိတယ်။ အဲ့တုန်းကဆိုရင် အပြန်အလှန်စာထုတ်ပြန်ပြီးမှ FPNCC ဥက္ကဋ္ဌရှိတဲ့ ပန်ဆန်းမြို့မှာ နှစ်ဘက်တွေ့ဆုံဖြေရှင်းခဲ့တယ်လို့ သိရတယ်။ အခု သီပေါမြို့မုခ်ဦးကိစ္စနဲ့ပတ်သက်ပြီးတော့ SSPP နဲ့ TNLA တွေ့ဆုံဖို့ရှိပါလား။

ဖြေ ။ ။ တွေ့ဆုံဖို့ရှိလားဆိုတာ ကျနော်တို့က SSPP အပါအဝင် SSJAC အနေနဲ့ တွေ့ဆုံဆွေးနွေးရေးနည်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးရေး၊ အဖြေရှာရေးဆိုတာက ကျနော်တို့ လက်ကိုင် ထားတဲ့မူဖြစ်တယ်။ ဆိုတော့ ဘယ်တော့မဆိုလေ ကျနော်တို့က မိတ်ဖက်ပဋိပက္ခဆိုတာ ရှိတော့ရှိတာပေါ့ဗျာ။ အဲဒါကို ပလောင်ရယ်လို့မဟုတ်ပါဘူးဗျ၊ တခြားအဖွဲ့အစည်းနဲ့လည်း ကျနော်တို့ ဒီလိုကိုင်စွဲထားတာဖြစ်တယ်။

ပြဿနာတစ်ခုခုဖြစ်ရင် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ကျနော်တို့ SSJAC နဲ့ SSPP ရဲ့မူပဲ ဖြစ်တယ်။ ဘယ်တော့မဆိုလေ ပြဿနာတစ်ခုခုဖြစ်ပြီဆိုရင် ဒါကတွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာရေး ဆိုတာက ဘယ်တော့မှ လက်မလွတ်တဲ့မူဖြစ်တယ်။ အစဉ်တစိုက်ပဲ ဒီလိုကိုင်စွဲလာခဲ့တာဖြစ်တယ်။

မေး ။ ။ သျှမ်းပြည်မြောက်ပိုင်းက မြို့အများစုကိုထိန်းချုပ်ထားတဲ့ TNLA အနေနဲ့ အခုလိုမျိုးကိစ္စရပ်တွေအပေါ် SSPP အနေနဲ့ ဘယ်လိုသဘောထားရှိပါလဲ။

ဖြေ ။ ။ အဲဒါကတော့ ကျနော်တို့ရဲ့ရပ်တည်ချက်နဲ့ ဦးတည်ချက်နဲ့ပဲ ပြောလို့ရတာပေါ့ဗျာ။ ဥပမာ – ပလောင် အဖွဲ့အစည်းနဲ့ ပလောင်လူမျိုးတွေကိုင်စွဲတဲ့ ရည်မှန်းချက်တွေ ရပ်တည်ချက်တွေ ကျနော်တို့ သွားပြီးတော့ ပြောလို့ဟန့်တားလို့ မရပါဘူးခင်ဗျ။ ကျနော်တို့ SSPP က အာဏာရှင်စနစ်ကိုမကြိုက်လို့ SSA ဆိုတာကို တည်ထောင်လာခြင်းဖြစ်တယ်။ အာဏာသိမ်းလို့ ၁၉၆၄ မှာ SSA ဆိုတာကို တည်ထောင်လာခြင်း ဖြစ်တယ်။ ဆိုတော့ အာဏာရှင်စနစ်ကို မကြိုက်လို့ ကျနော်တို့တော်လှန်ခြင်း ဖြစ်တယ်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ဖို့ ကျနော်တို့ကဖွဲ့စည်းလာတဲ့ အဖွဲ့အစည်းဖြစ်တယ်။

တစိုက်မတ်မတ် ကျနော်တို့လုပ်လာခဲ့ခြင်းဖြစ်တယ်။ ဒီမိုကရေစီ မဆန်တဲ့ဟာ၊ အာဏာရှင်ဆန်တဲ့ဟာဆိုတာက ပြောစရာ မလိုဘူး၊ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့။ ဒါပေမယ့် တခြားအဖွဲ့အစည်းလုပ်တာကတော့ ကျနော်တို့ သွားပြီးမှ ပြောလို့လည်း အဆင်မပြေဘူးလေနော်။ ဆိုတော့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေကိုမေးတာ ပိုပြီးတော့ သင့်လျော်တာပေါ့ဗျာ။ ကျနော်တို့ SSPP/SSA အနေနဲ့က ဒီမိုကရေစီနဲ့ ဖက်ဒရယ်ရရှိဖို့၊ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကိုအခြေခံတဲ့ ပြည်ထောင်စုကိုတည်ထောင်ဖို့ဆိုတာ ကျနော်တို့ရဲ့ အန္တိမရည်မှန်းချက်ဖြစ်တယ် ဆိုတာ က တစုံတရာ ယုံမှားသံသယရှိဖို့တောင် မလိုဘူးဗျာ။

မေး ။ ။ တခြားဖြည့်စွက်ချင်တာရှိရင် ပြောပေးပါဦး။

ဖြေ ။ ။ ကျနော်တို့ မလိုလားအပ်တဲ့ပဋိပက္ခဆိုတာတော့လေ ကလေးတွေ၊ အောက်ခြေတွေလုပ်တာကတော့ ဒါက နားမလည်လို့လည်းဖြစ်နိုင်တယ်လေ။ ပြီးတော့မှ အဖွဲ့အစည်းတစ်ခုရဲ့စေခိုင်းမှု ဖြစ်ချင်မှလည်း ဖြစ်မှာပေါ့ လေ။ ဒါပေမယ့် တာဝန်ရှိတဲ့ ခေါင်းဆောင်တွေဆိုတာက ခေါင်းရှောင်လို့မရဘူးလေ။ ဒါကို ပဋိပက္ခမဖြစ်ပွားဖို့က သက်ဆိုင်ရာ တာဝန်ရှိထိပ်သီးခေါင်းဆောင်တွေဆိုတာက တာဝန်ယူတာဝန်ခံမှုအနေနဲ့ ထိန်းသိမ်းပေးဖို့လိုတယ် ဆိုတဲ့ဟာကို ကျနော်တို့အထူးပြောလိုတာပေါ့။ ပြောမယ်ဆိုရင်တော့ တာဝန်ရှိတဲ့လူတွေ ထိပ်ပိုင်းခေါင်းဆောင် တွေက ဒီအတိုင်းလျစ်လျူရှုမနေသင့်ဘူးပေါ့ဗျာ၊ ဒါကို ကျနော်တို့အထူးဖော်ပြလိုပါတယ်ခင်ဗျ။

မေး ။ ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖြေ ။ ။ ဟုတ်ကဲ့ပါ။

သျှမ်းသံတော်ဆင့် ပေးပို့သည်။