NUG မှ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ (KTPP) ပြန်ကြားရေးတာဝန်ခံနှင့် အမေးအဖြေ
စစ်ကိုင်းတိုင်း ကလေးခရိုင်၊ ကလေးမြိုနယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ (KTPP) မှ အခွန်များကို စတင်ကောက်ခံနေပြီဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။ ထိုသို့ အခွန်ကောက်ခံခြင်းသည် ၎င်းတို့ နယ်မြေထိန်းချုပ်နိုင်မှုကို ပြသခြင်းအပြင် နိုင်ငံသားတိုင်း အခွန်ထမ်းရမည်ဟူသော ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ခြင်းလည်း ဖြစ်သည်။ ကလေးမြို့နယ်အတွင်း NUG ထိန်းချုပ်နယ်မြေများတွင် အခွန်ကောက်ခံသည့် လုပ်ငန်းစဉ်များကို ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လက်အောက်ခံ KTPP အဖွဲ့က ဦးစီးဆောင်ရွက်လျက်ရှိသည်။
ကလေးမြို့နယ်အတွင်းမှာ လက်ရှိအခွန်စနစ်ကို NUG ဘယ်လိုပုံစံနဲ့ ကောက်ခံနေလဲ၊ အခွန်ထမ်းဆောင်တဲ့ လုပ်ငန်းရှင်တွေကိုရော ဘယ်လို တာဝန်ယူမှုပေးမလဲ၊ အခွန်တွေကို ဘယ်လိုစီမံခန့်ခွဲသွားမလဲ စတဲ့ အကြောင်းအရာတွေကို KTPP အဖွဲ့ ကလေးမြိုနယ်တောင်ပိုင်း ပြန်ကြားရေးတာဝန်ခံ အမျိုးသားတစ်ဦးကို ဆက်သွယ် မေးမြန်း ထားပါတယ်။
မေး – ကလေးမြို့နယ်အတွင်း လက်ရှိ အခွန်စနစ်ကို ဘယ်လိုပုံစံမျိုး ကောက်ခံနေတာလဲ။
ဖြေ – ပြည်သူတွေ ဆောင်တဲ့အခွန်က မြို့နယ် ပြည်သူ့အစိုးရဆီကို တိုက်ရိုက်ရောက်မှာပါ။ အဲဒီကနေ အကုန် လုံးကို ခွဲတမ်းပြန်ပေးမှာပါ။ အခွန်မှာတော့ သယံဇာတနဲ့ စည်ပင်ခွန်ဆိုပြီး ၂ မျိုး ရှိတာပေါ့နော်။ သယံဇာတ အခွန်ကျတော့ NUG ချမှတ်ထားတဲ့ Guideline (လမ်းညွှန်ချက်) အတိုင်း သွားမှာပေါ့။ ၁၀၀% မှာ ၃၀% က ပြည်ထောင်စုအစိုးရကို ပေးဆောင်ရမယ်ပေါ့။ ကျန်တဲ့ ၇၀% ထဲက ၃၀% ကတော့ ပအဖ (ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့) တွေ ဆီရောက်ပြီး ၄၀% ကတော့ ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) တွေရဲ့ ကာကွယ်ရေး အသုံးစရိတ်ပေါ့။ စည်ပင်ခွန်ကတော့ ၁၀၀% မြိုနယ် ပအဖက လုပ် ပိုင်ခွင့်ရတယ်။
မေး – ဘယ်လို ရည်ရွယ်ချက်နဲ့ အခွန်ကောက်တဲ့စနစ်ကို အကောင်အထည် ဖော်ဖြစ်သွားတာလဲ။
ဖြေ – နယ်မြေထိန်းချုပ်မှုက ကျယ်ပြန့်လာလေလေ အခွန်ဆောင်မှုကလည်း ကျယ်ပြန့်လာတာပေါ့။ မနှစ်က နယ်မြေ ထိန်းချုပ်နိုင်မှုနဲ့ ဒီနှစ်နယ်မြေ ထိန်းချုပ်နိုင်မှုက မတူဘူးပေါ့။ အဲဒီ သဘောတရားပါပဲ။ အဓိက NUG အစိုးရ Guideline အတိုင်းပဲ သွားတာပေါ့။ သူရဲ့စာရင်းစစ် ဘာညာကလည်း တစ်ချိန်ကြရင် ဖြစ်လာမှာ။ ဒါ ကြောင့် လမ်းညွှန်ချက်အတိုင်း သွားနေတာပါ။ ကျနော်တို့က ဒါအစပဲ ရှိပါသေးတယ်။ ကျနော်တို့ မြို့နယ်က ကျန်တဲ့ မြို့နယ်တွေနဲ့ ယှဉ်ရင် ပအဖလုပ်ငန်းတွေမှာ နည်းနည်းနောက်ကျပြီး ကျန်ခဲ့တာပေါ့။ အခုမှ ပိုပြီးတော့ အားကောင်းကောင်းနဲ့ သွားနိုင်တဲ့ အနေအထားပဲ ရှိပါသေးတယ်။
မေး – အခွန်ဆောင်တဲ့ လုပ်ငန်းရှင်တွေကို ဘယ်လို တာဝန်ယူမှုပေးမှာလဲ။
ဖြေ – ကုန်ပစ္စည်းတွေ သူတို့ရဲ့ စီးပွားလုပ်ငန်းတွေပေါ့နော်။ ကျနော်တို့ ထိန်းချုပ်နယ်မြေထဲကို လာပြီး လုပ်နေတဲ့ အပိုင်းတွေရှိတယ်။ အဲ့လိုမျိုး အပိုင်းတွေမှာ ကျနော်တို့ကို အခွန်ဆောင်ထားတယ်ဆိုရင် ကျနော်တို့ အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ပေးမယ်၊ အဓိက သူတို့ လုံခြုံရေးပေါ့။ အခွန်မဆောင်ဘူး ဆိုရင်တော့ တာဝန်ယူမှု မပေးဘူး။ အခွန်မဆောင်တဲ့ လုပ်ငန်းရှင်တွေကိုတော့ အဓိက သူတို့လုပ်ငန်းတွေ ပိတ်သိမ်းတာတို့ အရေးယူဆောင်ရွက်တာတို့ အဲ့လိုမျိုးတွေ လုပ်ဖိုရှိတယ်။ အခွန်ဆောင်တယ် ဆိုရင်တော့ ဆောင်တဲ့အတိုင်း ဝန်ဆောင်မှုမျိုး ရမှာပေါ့။ မဆောင်ဘူး ဆိုရင်တော့လည်း မဆောင်တဲ့ တုန့်ပြန်မှုမျိုး ရမှာပေါ့ ဒီလောက်ပါပဲ။
မေး – အခွန်မဆောင်တဲ့ သူတွေကိုရော အရေးယူမှုက စတင်နေပြီလား။
ဖြေ – လက်ရှိအချိန်ထိတော့ အရေးယူမှု မလုပ်နိုင်သေးဘူး။ အရေးယူမှုလုပ်ဖို့က အရင်နှစ်က ကျနော်တို့ စာထုတ်တာပေါ့နော်။ စာထုတ်တဲ့ အချိန်ကတည်းက စမယ်လို့ သတ်မှတ်လို့ ရတာပေါ့။
မေး – အခွန်ဆောင်တဲ့ လုပ်ငန်းရှင်တွေအတွက်ရော စစ်ကောင်စီရဲ့ အန္တရာယ်တွေ ရှိနိုင်လား။ အန္တရာယ်တွေရှိလာရင်ကော ဘယ်လို တာဝန်ယူသွားမှာလဲ။
ဖြေ – ကျနော်တို လုံခြုံရေး ကိစ္စအရ ဒီသတင်းတွေကို ထုတ်လွှင့်နေမှာလည်း မဟုတ်ဘူး။ ဘယ်သူ အခွန်ဆောင်တယ်ဆိုတာလည်း Facebook Page (လူမှုကွန်ယက် စာမျက်နှာ) ကနေ ထုတ်ပြန်နေမှာလည်း မဟုတ်ဘူး။ တပ်ကို အကြောင်းကြားနေမှာလည်း မဟုတ်ဘူး။ အကုန်လုံးကို လျို့ဝှက်ထားပေးမှာပေါ့။
မေး – အခုကောက်ခံနေတဲ့ အခွန် ၂ မျိုးအကြောင်းကို အသေးစိတ် ရှင်းပြပေးနိုင်မလား။
ဖြေ – အဲ့လိုမျိုးကို ကျနော်တို့က ရှင်းပြလို မတတ်ဘူး။ စည်ပင်က စည်ပင်ကော်မတီ။ သယံဇာတကလည်း သယံဇာတကော်မတီ။ သူ့ဟာနဲ့သူ သီးသန့်ရှိတယ်။ CDM လုပ်ထားတဲ့ ဒေါက်တာဘွဲ့ရတွေ ကိုယ်တိုင်ကိုက သယံဇာတကုမ္ပဏီမှာ တာဝန်ခံအနေနဲ့ လုပ်နေကြတာ။ ဦးဆောင်တဲ့ ကော်မတီ ၂ ခုလုံးက တက္ကသိုလ်ကနေ CDM လုပ်ထားတဲ့ ဆရာတွေပါ။ CDM လည်းဟုတ်တယ်။ ကျွမ်းကျင် ပညာရှင်လည်း ဟုတ်တယ်။ သူတို့က ပိုပြီး တော့ အသေးစိတ် ပြောပြနိုင်မှာ။ ကျနော်တို့က ယေဘုယျသဘောပဲ ဖြေပေးလို့ ရမှာပေါ့။
မေး – ဟုတ်ကဲ့ သိသလောက်လေးရော အကြမ်းဖျဉ်းလေး ပြောပြပေးနိုင်မလား။
ဖြေ – ပစ္စည်းပေါ် မူတည်တယ်။ ကျောက်မီးသွေးတို့ ရေနံတို့ကျတော့ သံယံဇာတထဲ ပါသွားတာပေါ့။ ပစ္စည်း တစ်ခုချင်းစီ သတ်မှတ်ဖို့ကျတော့ အရမ်းခက်တယ်။ ဥပမာ ကျောက်မီးသွေးဆိုရင် NLD အစိုးရ လက်ထက်ပေါ့နော်။ လိုင်စင်ဆောင်ထားပြီး သက်တမ်း မကုန်သေးတဲ့ဟာဆိုရင် ၁ တန်ကို ကျပ် ၂၅,၀၀၀ (နှစ်သောင်းခွဲ) ပေါ့ နော်။ NLD အစိုးရ လက်ထက်မှာ သက်တမ်းကုန်သွားပြီး စစ်ကောင်စီ လက်အောက်မှာ သက်တမ်း တိုးထားတဲ့ ဟာဆိုရင် ကျပ် ၉၅,၀၀၀ (ကိုးသောင်းခွဲ) ပေါ့။ တန်ပိုတယ်၊ ခိုးထုတ်တယ်ဆိုရင် ကျပ် ၅၀,၀၀၀ (ငါးသောင်း) ပေါ့။
မေး – အခု ထိန်းချုပ်နယ်မြေထဲမှာ KTPP အနေနဲ့ ပအဖ လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ ရဲလုပ်ငန်းကို အတည်တကျ အကောင်အထည် ဖော်နိုင်ပြီလား၊ NUG ဘက်ကရော ဘာတွေထောက်ပံ့မှုတွေ ရထားပြီလဲ။
ဖြေ – ကျနော်တို့ကတော့ ကျနော်တို့ အစိုးရ ထိန်းချုပ်နယ်မြေထဲမှာ ရဲလုပ်ငန်းကို အကုန်လုံး လုပ်ကိုင်နိုင်တဲ့ အနေအထားတစ်ခုကို ရောက်ပြီပေါ့။ ရဲလုပ်ငန်းဆိုတဲ့ နေရာမှာ အကုန်လုံး ကျယ်ပြန့်တာပေါ့။ ရာဇဝတ်မှု အပိုင်းတွေရော၊ မူးယစ်ဆေးဝါး စည်းရုံးဟောပြောမှုတွေရောပေါ့။ ဒီအစိုးရရဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေမှာ လုံခြုံရေး လိုက်ပါ ဆောင်ရွက်ပေးတာရော အဲ့လိုမျိုး အပိုင်းတွေပေါ့။ ခြုံပြီးပြောရရင်တော့ မိမိတို့ ထိန်းချုပ် နယ်မြေထဲမှာ ရဲလုပ်ငန်းကို အပြည့်အဝ လုပ်ကိုင်နိုင်ပြီဆိုတဲ့ အနေအထားမှာ ရှိပါတယ်။ NUG အနေနဲ့တော့ ကျနော်တို့ ရုံးသုံးစရိတ်တို့၊ လက်နက်ဝယ်ယူရေး စရိတ်တို့ ဒါမျိုးတွေ ရှာပေးနေတာ ရှိပါတယ်။ နောက်ပြီး တော့ ကလေးမြို့နယ် ပကဖကနေပြီးတော့လည်း ကျနော်တို့ဆီကို သက်ဆိုင်ရာ အခွန်ခွဲတမ်းပေါ့ အဲ့လိုတွေ လည်း ရရှိထားပါတယ်။
NMG – ပေးပို့သည်။

