23 ဧပြီ 2025 /

See today's Peace Related News

“ကျနော်တို့ထိုးဖောက်ဝင်ရောက်တဲ့အခါမှာ မကွေးတိုင်း၊ အထူးသဖြင့် ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) တွေ ဒါတွေကို အဓိကစစ်ရေးအဖြစ်နဲ့ ကျနော်တို့ရည်ရွယ်ပါတယ်။ ကပစတွေဆိုတာ စစ်တပ်အတွက် အင်မတန်အရေးကြီးတဲ့ အသက်သွေးကြောတွေ ဖြစ်ပါတယ်။ ဒါတွေကို ကျနော်တို့က ချေမှုန်းနိုင်ဖို့ လိုပါတယ်” ကိုမင်းဟန်ထက် – ဗဟိုကော်မတီဝင်/ ကျောင်းသားလက်ရုံးတပ်တော် – SAF

ကျောင်းသားလက်ရုံးတပ်တော် – SAF ဖွဲ့စည်းတည်ထောင်ခဲ့သည့်အကြောင်းရင်း၊ အဓိကလှုပ်ရှားရာ စစ်ရေးနယ်မြေများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် မဟာမိတ်ပူးပေါင်းဆောင်ရွက်မှု အခြေအနေ များနှင့် ပတ်သက်ပြီး SAF ဗဟိုကော်မတီဝင်ကိုမင်းဟန်ထက်နှင့် ဆက်သွယ်မေးမြန်းချက်။

ကျောင်းသားထုဦးဆောင်သောလက်နက်ကိုင်တပ်တစ်ခုဖြစ်သည့် ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force – SAF) သည် တော်လှန်ရေးနယ်မြေများတွင် စစ်ပညာသင်ကြားပြီး အောင်ပွဲများနှင့်အတူ စစ်ရေးအတွေ့အကြုံများ သယ်ယူလာသည်မှာ ယခုဆိုရင် မြန်မာပြည်အလယ်ပိုင်းသို့ ထိုးဖောက် ဝင်ရောက်ရန် ပြင်ဆင်နေပြီဖြစ်သည်။

အောင်ပွဲများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်နေသည့် ကျောင်းသားလက်ရုံးတပ်တော် – SAF ဖွဲ့စည်း တည်ထောင်ခဲ့သည့် အကြောင်းရင်း၊ အဓိကလှုပ်ရှားရာ စစ်ရေးနယ်မြေများ အပါအဝင်၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် မဟာမိတ်ပူးပေါင်းဆောင်ရွက်မှု၊ တိုင်းရင်းသားလူမျိုး တောင်းဆိုနေသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုအပေါ် အမြင်သဘောထားများနှင့်ပတ်သက်ပြီး ကျောင်းသားလက်ရုံး တပ်တော် – SAF ဗဟိုကော်မတီဝင်ကိုမင်းဟန်ထက်ကို ဆက်သွယ်မေးမြန်းထားပါသည်။

Photo – SAF

မေး။ ။ ကျောင်းသားလက်ရုံးတပ်တော် – SAF ဖွဲ့စည်းပေါ်ပေါက်လာတဲ့ အကြောင်းရင်းကို အရင်ဆုံး သိချင်ပါတယ်။

ဖြေ။ ။ ကျနော်တို့ ကျောင်းသားလက်ရုံးတပ်တော် ဖွဲ့စည်းရတဲ့အကြောင်းရင်းကတော့ တော်လှန်ရေးရဲ့ တောင်းဆိုချက်ကြောင့်ဖြစ်တယ်။ ကျနော်တို့ကိုယ်တိုင် တော်လှန်ရေးရဲ့အစောပိုင်းကာလတွေကတည်းက သိမြင်ခံစားခဲ့ရတဲ့ကိစ္စက အကြမ်းမဖက်နည်းလမ်းတွေနဲ့ ဒီတော်လှန်ရေးကို မအောင်မြင်နိုင်ဘူးဆိုတာပါပဲ။ အဲလိုသိဖို့အသိကို ကျနော်တို့ရဲ့အသက်တွေ၊ သွေးတွေနဲ့ရင်းပြီးတော့ သိရှိခဲ့ရတာပါ။ အဲဒါကြောင့် ကျနော်တို့ ကျောင်းသားလက်ရုံးတပ်တော်ကို ဖွဲ့စည်းခဲ့တာပေါ့။ ဒီနေရာမှာ ကျနော်တို့ဟာ ကျောင်းသားသမဂ္ဂကလာတဲ့ ကျောင်းသားတွေဖြစ်ကြတယ်။ အဲဒါကြောင့် ကျနော်တို့ကကျောင်းသားထုရဲ့အားကိုယူပြီးတော့ ခိုင်မာတဲ့ အစုအဖွဲ့မျိုး၊ အမိန့်နာခံမှုကောင်းတဲ့ အစုအဖွဲ့မျိုး၊ ကျောင်းသားထုကဦးဆောင်တဲ့ လက်နက်ကိုင်တပ်တစ်ခု ပေါ်ဖို့ ကျနော်တို့မျှော်မှန်းခဲ့ကြပါတယ်။

အဲဒီအတွက်ကြောင့် မဟာမိတ်စစ်ဒေသထဲမှာ ကျောင်းသားလက်ရုံးတပ်တော်ကို ကျနော်တို့ ဖွဲ့စည်းခဲ့တာပါ။ နောက်ဆက်ပြီးတော့လည်း ဒီထက်ပိုပြီးတော့ မူအရရော၊ လက်တွေ့အရရော ကျနော်တို့ပိုပြီးတော့ စုစည်း သွားဖို့ ရှိပါတယ်။ အဲဒီအခါမှာလည်း ကျောင်းသားထုရဲ့အသံ တသံတည် ထွက်နိုင်ဖို့၊ ကျောင်းသားထုရဲ့ အားကို တစုတည်းစုနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတာတွေ ရှိပါတယ်။ ပြန်ချုပ်ရရင်တော့ ကျောင်းသား လက်ရုံးတပ်တော် ပေါ်ပေါက်လာရတဲ့အကြောင်းရင်းဟာ တော်လှန်ရေးရဲ့တောင်းဆိုချက်ကြောင့်ဖြစ်တယ်။ ကျနော်တို့ဟာ လက်နက်ကိုင်လမ်းစဉ်နဲ့ ကျောင်းသားလက်ရုံးတပ်တော် (SAF) ပေါ်ပေါက်လာရတာဟာ လက်နက်ကိုင်လမ်းစဉ်နဲ့ပဲ စစ်အာဏာရှင်စနစ်ကို ဖြိုချနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့ အတွက်ကြောင့် ကျောင်းသားအင်အားတစ်ခုကို စုစည်းပြီးတော့ ကျောင်းသားလက်ရုံးတပ်တော်ဆိုပြီးတော့ ကျနော်တို့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

မေး။ ။ အရင်တုန်းက လက်နက်ကိုင်တော်လှန်ရေးတပ်တစ်ခုတည်ထောင်ပြီဆိုရင် တပ်မတော်ဆိုပြီးတော့ အသုံးများကြတာပေါ့လေ။ အခု SAF က ကျောင်းသားလက်ရုံးတပ်တော်ပေါ့၊ ဒီစကားလုံးပေးရတဲ့ ရည်ရွယ်ချက်ကိုလည်း ပြောပေးပါဦး။

ဖြေ။ ။ ထွေထွေထူးထူး အကြောင်းအရာတော့မရှိပါဘူး။ တပ်မတော်၊ တပ်တော်ဆိုတဲ့ ခေါ်ဝေါ်မှုက အဓိပ္ပာယ်အားဖြင့် အတူတူလို့ယူဆပါတယ်။ အရှေ့မှာ ကျနော်တို့နောင်တော်တွေပေါ့ (ABSDF) ကျောင်းသား တပ်မတော်တို့ရှိတဲ့အတွက် ကျနော်တို့ရှင်းလင်းစေချင်တာပေါ့။ အဲဒီအတွက်ကြောင့် တပ်မတော်လို့မသုံးဘဲ တပ်တော်လို့သုံးတာပေါ့။

မေး။ ။ SAF ရဲ့ ရည်ရွယ်ချက်က အဓိက ဘာဖြစ်မလဲ။ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် သက်သက်ပဲလား။ စစ်အာဏာရှင်ပြုတ်ကျပြီးအလွန် ဘယ်လိုနိုင်ငံရေးရည်မှန်းချက်တွေရှိပါလဲ။

ဖြေ။ ။ ကျနော်တို့ရဲ့နိုင်ငံရေးမျှော်မှန်းချက်ဟာ လူထုလွတ်မြောက်ရေး၊ နိုင်ငံတော်သစ်တည်ဆောက်ရေး ဖြစ်ပါတယ်။ ကျနော်တို့တောက်လျှောက် လူထုလွတ်မြောက်ရေး၊ နိုင်ငံတော်သစ်တည်ဆောက်ရေးဆိုတဲ့ ကြွေးကြော်သံကိုပဲ ကိုင်စွဲပြီးတော့ ကျနော်တို့တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ အဲဒီမှာ ကျနော်တို့ အချက် နှစ်ချက်ရှုမြင်ပါတယ်။ ပထမတစ်ချက်က လူထုလွတ်မြောက်ရေး၊ လူထုလွတ်မြောက်ရေးဆိုတာက စစ် (၃) စစ် အမြစ်ဖြုတ်ရေးဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်တစ်စုံလုံး ကျနော်တို့ဖြိုချဖျက်ဆီးဖို့ ဖြစ်ပါတယ်။ အဲဒါ ကျနော်တို့ရဲ့ ပထမမျှော်လင့်ချက်ပါ။ အဲဒါပြီးတဲ့အခါ စစ်အာဏာရှင်စနစ် ပြုတ်ကျသွားရုံနဲ့ တော်လှန်ရေး တစ်စုံလုံး ပြီးမြောက်သွားတယ်လို့ ကျနော်တို့အနေနဲ့မယူဆဘူး။ အဲဒီအတွက်ကြောင့် ဆက်လက်ပြီးတော့ နိုင်ငံတော်သစ်ကို တည်ဆောက်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အတိတ်သမိုင်းထဲမှာ သင်ခန်းစာ ယူစရာတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် လွတ်လပ်ရေးကာလပေါ့။ လွတ်လပ်ရေးရဖို့အတွက် တိုက်ခဲ့ ကြတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက်မှာ ပြည်တွင်းစစ်မီးတောက်လောင်နေရတယ်။

စစ်အာဏာရှင်စနစ်ကို တိုက်နေတဲ့အချိန်မှာ ကျနော်တို့ရဲ့ဘုံရန်သူဟာ တစ်ခုပဲဖြစ်ပါတယ်။ ဘုံရန်သူကို ကျနော်တို့တိုက်နေတဲ့ အချိန်မှာ ကျနော်တို့ကြားထဲက မတူညီမှုတွေ၊ ကွဲပြားမှုတွေဟာ မသိသာဘူး။ ဒါပေမဲ့ ဘုံရန်သူပြုတ်ကျအပြီး ကျနော်တို့တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားထဲမှာ၊ လူမျိုးစုတွေ အချင်းချင်းကြားထဲမှာ သဘောထားကွဲလွဲမှုတွေ၊ တဖက်နဲ့တဖက် သေနတ်ပြောင်းပြန်လှည့်ရတဲ့ အခြေအနေမျိုးမရောက်အောင် ညှိနှိုင်းဆွေးနွေးပြီး ဘုံသဘောတူညီချက်တွေယူပြီးတော့ နိုင်ငံတော်သစ်ကို အတူတူတည်ဆောက်ဖို့ လိုပါတယ်။ နိုင်ငံတော်သစ်ကို တည်ဆောက်တဲ့အခါမှာလည်း ကျောင်းသားတွေ အနေနဲ့ ပံ့ပိုးကူညီဖို့၊ ထိန်းကျောင်းဖို့၊ အဲလိုနေရာမှာ ရှိနေဖို့လိုပါတယ်။ အဲဒီအတွက်ကြောင့် ပထမတစ်ချက် အနေနဲ့ စစ်အာဏာရှင် စနစ်တစ်စုံလုံး ပြုတ်ကျသည်အထိ စစ်အနိုင်တိုက်ရေး၊ ပြီးတော့ ကျနော်တို့တွေ အတူတကွ နိုင်ငံတော်သစ် တစ်ခုကို တည်ဆောက်ရပါလိမ့်မယ်။ နိုင်ငံတော်သစ်တရပ်ကိုတည်ဆောက်ပြီးမှ တော်လှန်ရေး ပြီးဆုံးမယ်လို့ ကျနော်တို့ယူဆပါတယ်။

မေး။ ။ နောက်တခုက တိုင်းရင်းသားတွေရဲ့ရည်မှန်းချက်က ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေးလို့ အကြမ်း အားဖြင့် နားလည်လို့ရတယ်။ စစ်ကောင်စီပြုတ်ကျပြီးအလွန်မှာ တိုင်းရင်းသားတွေက ကိုယ့်ပြည်ကိုအုပ်ချုပ် မယ်။ ကိုယ့်ကံကြမ္မာကိုဖန်တီးမယ်ဆိုပြီး ပြောဆိုနေတာတွေရှိပါတယ်။ ဒီအပေါ်ရော SAF အနေနဲ့ ဘယ်လို သဘောထားရှိပါလဲ။

ဖြေ။ ။ ကျနော်တို့က လူမျိုးစုတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ကို အပြည့်အဝထောက်ခံပါတယ်။ ရပ်လည်း အတူတကွရပ်တည်ပါတယ်။ SAF မှာဆိုရင် လူမျိုးစုဒေသတွေရဲ့ ကွန်ဖန်ဒရိတ် (Confederate) အဆင့်ထိကို ကျနော်တို့အနေနဲ့ အကြံပြုတာမျိုးတွေရှိပါတယ်။ ဆိုလိုချင်တာက ကျနော်တို့တွေဟာ အတူတကွပေါင်းစည်းပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုတစ်ခု တည်ဆောက်သွားမှာကို ကျနော်တို့အနေနဲ့ ဝိုင်းဝန်းကြိုးပမ်းသွားမှာဖြစ်ပါတယ်။ အဲလိုမဟုတ်ဘဲ ကွန်ဖန်ဒရိတ်အနေနဲ့ ရပ်တည်ကြမယ့်ဒေသတွေ၊ လူမျိုးစုတွေရှိရင်လည်း ကျနော်တို့ကဆက်လက်ပြီးတော့ ထောက်ခံအားပေးကူညီသွားမှာဖြစ်ပါတယ်။ ခုနကပြောခဲ့တဲ့ လွတ်လပ်ရေးအပြီး ပြည်တွင်းစစ်ဖြစ်ခဲ့ရတဲ့အခြေအနေက အဲလိုပဲ။ ကျနော်တို့ ဒီပြည်ထောင်စုတစ်ခုကို ဘယ်လိုဖွဲ့စည်းတည်ဆောက်မလဲဆိုတဲ့ အထိုင်ပေါ်ကနေပြီးတော့ ကျနော်တို့တွေ သဘောထားကွဲလွဲခဲ့ရတာ ဖြစ်ပါတယ်။

အဲဒါကြောင့် နဂိုရှိပြီးသား ပြည်ထောင်စုအထိုင်မှာပဲ ဆက်စဉ်းစား မယ်ဆိုလို့ရှိရင် နဂိုကတည်းက သဘောထားကွဲလွဲမှုတွေ၊ မညီမျှမှုတွေကို ဘယ်လိုညှိကြမလဲဆိုတာကို ဆက်စဉ်းစားဖို့လိုပါတယ်။ ဆိုလို ချင်တာက လက်ရှိ ရှိနေတဲ့ ပြည်ထောင်စုဆိုတာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ အယူအဆမျိုး SAF မှာ ရှိပါတယ်။ လွတ်လပ်ရေးမရခင် ဟိုးအရှေ့တုန်းကလည်း ပြည်ထောင်စုဆိုတာ ရှိခဲ့တာမဟုတ်ဘူး။ နယ်မြေဒေသတွေ အသီးသီး ကိုယ့်ဒေသနဲ့ကိုယ်၊ ကိုယ့်ဘုရင်နဲ့ကိုယ်၊ ကိုယ့်အင်ပါယာနဲ့ ကိုယ်နေခဲ့ကြတာပါ။ အဲဟာကိုမှ အင်္ဂလိပ်က ကျနော်တို့ကို ကျွန်ပြုတယ်။ အင်္ဂလိပ်က လွတ်လပ်ရေးပေးခါနီး မှာ ကျနော်တို့ဟာ ပြည်ထောင်စု ကို ဒီလိုစုဖွဲ့ပြီးတော့ လွတ်လပ်ရေးကို အတူတကွယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ပြည်ထောင်စု ပေါ်လာရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီပြည်ထောင်စုဟာ စိတ်လိုလက်ရဖွဲ့စည်းထားတဲ့ ပြည်ထောင်စု မဟုတ်ဘဲနဲ့ လွတ်လပ်ရေးကိုအတူတူယူဖို့အတွက် ဖွဲ့စည်းခဲ့ရတာပဲဖြစ်ပါတယ်။

အဲဒါကလည်း ရေရှည်မှာအဆင်ပြေသလားဆိုတော့ ရှိနေတဲ့ပြည်တွင်းစစ်တွေ၊ တိုင်းရင်းသားလူမျိုးစုတွေ တန်းတူညီမျှမှု မရှိတာတွေက သက်သေပါ။ ဆိုတော့ ပြည်ထောင်စုဟာ ပြည်ထောင်စုစိတ်ဓာတ်မခိုင်မာတဲ့ ပြည်ထောင်စု ဖြစ်နေပါတယ်။ ပြည်ထောင်စုဟာ တကယ့်မရှိခဲ့ဘူးလို့ ကျနော်တို့ယူဆတယ်။ အဲဒါကြောင့် ဒီနွေဦးတော်လှန်ရေးရဲ့ အလွန်ကာလမှာလည်း ကျနော်တို့ဟာ နဂိုရှိပြီးသားပြည်ထောင်စုအထိုင်မှာပဲ ဆက်စဉ်းစားမယ့်အစား ခုနကပြောတဲ့ လူမျိုးစုတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ နောက်ဆုံးကွန်ဖန်ဒရိတ်၊ နောက်ဆုံး ခွဲထွက်ပြီးတော့ နိုင်ငံသစ်ထူထောင်မယ်ဆိုရင်လည်း ကျနော်တို့အနေနဲ့ ဘာမှ ငြင်းစရာမရှိတဲ့ကိစ္စ၊ ဘာမှကန့်ကွက်စရာ မရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါတွေဟာ လူမျိုးစုတွေ ရကိုရရမယ့် အခွင့်အရေးတွေလို့ ကျနော်တို့အနေနဲ့ ရှုမြင်ပါတယ်။

မေး။ ။ အခု လက်ရှိမှာ SAF က ဘယ်နေရာတွေမှာတိုက်ပွဲဖော်ဆောင်တာတွေ ရှိပါလဲ။ မဟာမိတ်တပ်ဖွဲ့ တွေနဲ့ပေါင်းပြီးတော့ရော ဘယ်လိုမျိုးလုပ်ဆောင်နေတာတွေရှိပါလဲ။ SAF ရဲ့ အဓိက လှုပ်ရှားတဲ့နယ်မြေက ဘယ်နေရာဖြစ်ပါလဲ။

ဖြေ။ ။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မြန်မာပြည်အနောက်ခြမ်းမှာ ကျနော်တို့ တိုက်ပွဲဖော်ဆောင်နေတာ တွေ ရှိပါတယ်။ အဲဒီအထဲမှာ မဟာမိတ်တွေနဲ့လက်တွဲပြီး အတူတူပူးပေါင်းဆောင်ရွက်လျက် ရှိနေပါတယ်။ ပြီးခဲ့တဲ့ကာလမှာလည်း ကျနော်တို့ထုတ်ပြန်ကြေညာထားသလိုပါပဲ၊ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက် ဝင်ရောက်ဖို့အတွက် ကျနော်တို့ပြင်ဆင်နေတဲ့အပိုင်းတွေ ရှိပါတယ်။

မေး။ ။ SAF ဟာ အာရက္ခတပ်တော် (AA) ရဲ့ မဟာမိတ်အဖွဲ့တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ ဘာကြောင့် မဟာမိတ်ဖွဲ့ရတာပါလဲ။ ပြီးတော့ လက်ရှိအာရက္ခတပ်တော်နှင့်ဆက်ဆံမှုက ဘယ်လိုရှိပါလဲ။

ဖြေ။ ။ အာရက္ခတပ်တော်နဲ့ မဟာမိတ်ယူရတဲ့အကြောင်းအရင်းက အချက်တွေအများကြီး ရှိပါတယ်။ ကျောင်းသားလက်ရုံးတပ်တော်ကို စတင်စုစည်းတဲ့အချိန် အာရက္ခတပ်တော်ရဲ့ စစ်ဒေသထဲမှာ အာရက္ခ တပ်တော်ရဲ့ အကူအညီကိုယူပြီးတော့ ကျနော်တို့ကျောင်းသားလက်ရုံးတပ်တော်ကို သန္ဓေတည်ထူထောင် ခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့စဉ်းစားချက်ထဲမှာ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်ဖို့ဆိုလို့ ရှိရင် ဗမာပြည်အလယ်ပိုင်းရဲ့ ပတ်ပတ်လည်မှာရှိတဲ့ ဘက်ပေါင်းစုံကအထွေထွေထိုးစစ်တွေကို ကျနော်တို့ ဆင်နွှဲနိုင်ဖို့လိုပါတယ်။ ဒီနေရာမှာ ကျနော်တို့ကျောင်းသားလက်ရုံးတပ်တော်အနေနဲ့ အနောက်ဖက် စစ်မျက်နှာကို ကျနော်တို့ရွေးချယ်ရခြင်း ဖြစ်ပါတယ်။

အထူးသဖြင့်ပြောရရင် မြန်မာပြည်အလယ်ပိုင်းကို ကျနော်တို့ထိုးဖောက်ဝင်ရောက်တဲ့အခါမှာ မကွေးတိုင်း၊ အထူးသဖြင့် ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) တွေ၊ ဒါတွေကို အဓိကစစ်ရေးအဖြစ်နဲ့ ကျနော်တို့ရည်ရွယ် ပါတယ်။ ကပစတွေဆိုတာ စစ်တပ်အတွက် အင်မတန်အရေးကြီးတဲ့ အသက်သွေးကြောတွေဖြစ်ပါတယ်။ ဒါတွေကို ကျနော်တို့က ချေမှုန်းနိုင်ဖို့လိုပါတယ်။ အဲဒီအတွက် ကျနော်တို့ဟာ အနောက်ဖက်စစ်မျက်နှာကို ရွေးချယ်ပါတယ်။ အနောက်ဖက် စစ်မျက်နှာကနေတဆင့် မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်ဖို့ ကျနော်တို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

ဒီအတွက်ကြောင့်လည်း အာရက္ခတပ်တော်နဲ့ မဟာမိတ်ပြုပြီးတော့ တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။ နောက်တချက်ကတော့ အာရက္ခတပ်တော်ရဲ့ စစ်ရေးကျွမ်းကျင်မှုပေါ့၊ အာရက္ခတပ်တော်ဟာ တော်လှန်စစ်ကို ဘယ်လိုတိုက်ရ သလဲ၊ တော်လှန်စစ်ကို ဘယ်လိုမျိုးစိတ်ဓာတ်နဲ့ တိုက်ရသလဲ၊ ဘယ်လိုမျိုးစနစ်တွေနဲ့ တိုက်ရ သလဲ။ ဘယ်လောက်ထိ အမိန့်နာခံမှုကောင်းကောင်းနဲ့ ဘယ်လိုတိုက်ရသလဲဆိုတာကို ကျနော်တို့ကို ပြသခဲ့ပါတယ်။ ဒီဟာတွေဟာ ကျနော်တို့စံနမူနာယူရမယ့် အချက်တွေဖြစ်ပါတယ်။ ဒီအတွက်လည်း ကျနော်တို့ဟာ အာရက္ခတပ်တော်နဲ့လက်တွဲပြီးတော့ ကောင်းမွန်တဲ့မဟာမိတ်ဆက်ဆံရေးအနေနဲ့ ဆက်လက် ပြီးတော့လည်း တိုက်ပွဲတွေဝင်သွားမှာပါ။



မေး။ ။ SAF က AA ဆီမှာ သင်တန်းတက်ပြီးတော့ ရခိုင်က မြို့သိမ်းတိုက်ပွဲတွေမှာလည်း ကိုယ်တိုင် ပါဝင်ခဲ့တယ်လို့သိရှိရပါတယ်။ ရခိုင်တိုက်ပွဲအတွေ့အကြုံကိုလည်း ပြောပြပေးပါ။

ဖြေ။ ။ ကျနော်တို့က စစ်ဆင်ရေးအတွေ့အကြုံတခုတည်းမဟုတ်ဘဲနဲ့ စစ်ဖက်ဆိုင်ရာအတွေ့အကြုံတွေ ကိုပါ ကျနော်တို့ရခဲ့တယ်။ ဒီလေးနှစ်တာကာလက အတွေ့အကြုံယူတဲ့ကာလလို့ ကျနော်တို့သတ်မှတ် ပါတယ်။  ဆိုလိုချင်တာက စစ်ကိုဘယ်လိုတိုက်ရမလဲ၊ ထောက်ပို့ကိုဘယ်လို့လုပ်ရမလဲ၊ နယ်မြေတစ်ခုခုကို ကျနော်တို့စပြီးတော့ ဘယ်လိုဝင်ရောက်ရမလဲ၊ ထောက်လှမ်းရမလဲ စသည်ဖြင့် ဒီလေးနှစ်တာကာလမှာ ရရှိခဲ့တဲ့အတွေ့အကြုံတွေနဲ့ ကျနော်တို့မြေပြန့်ကို ဝင်ရောက်မှာဖြစ်ပါတယ်။

AA နဲ့အတူတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေရှိတယ်။ ပေးဆပ်မှုတွေလည်း ရှိတယ်။ ရင်းနှီးမှုတွေလည်း ရှိပါတယ်။ ဆိုလိုချင်တာက မြေတစ်လက်မစီ၊ တစ်လက်မစီတိုင်းမှာ ကျနော်တို့ရဲ့သွေးတွေ အသက်တွေကို ရင်းပြီးတော့တိုက်ရတယ်။ ကိုယ်လိုချင်တဲ့ရည်မှန်းချက်တွေကို ရောက်ဖို့အတွက် ကျနော်တို့ဘာတွေကို စွန့်လွှတ်ရမလဲ။ ဘယ်လောက် ထိ စွန့်လွှတ်ရမလဲဆိုတာကိုလည်း ကျနော်တို့ အများကြီး မြင်လာခဲ့ရတယ်။ အဲဒါကြောင့် လေးနှစ်တာကာလ အတွင်းမှာရခဲ့တဲ့ ဒီအတွေ့အကြုံကောင်းတွေကို မြေပြန့်ဒေသတွေအထိ သယ်ဆောင်သွားနိုင်ဖို့ ကျနော်တို့ ကြိုးစားရမှာဖြစ်ပါတယ်။ ဒီအတွေ့အကြုံကောင်းတွေကို မြေပြန့်ဒေသ အထိ ကျနော်တို့သယ်ဆောင်လာမှာ ဖြစ်ပါတယ်။

မေး။ ။ အခုက အာရက္ခဒေသနဲ့ဆက်စပ်နေတဲ့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းမှာရှိတဲ့ ကပစ တွေနဲ့ရော၊ တခြားမြေပြင်တပ်တွေနဲ့ရော တိုက်ပွဲဖြစ်ပွားနေတာတွေလည်း ရှိတယ်ဆိုတော့ အဲဒီအခြေအနေ ကိုလည်း ပြောပေးပါဗျ။

ဖြေ။ ။ မကွေးတိုင်းအနောက်ဖက်တွေမှာ စပြီးတော့ ထိုးဖောက်ဝင်ရောက်ဖို့အတွက် ကျနော်တို့ နေရာယူတဲ့ အခြေအနေတွေရှိပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဖို့ခက်ပါတယ်။

မေး။ ။ SAF ဟာလည်း AA နဲ့ပူးပေါင်းပြီး တိုက်ပွဲဝင်နေတာတွေရှိတယ်။ တိုက်ရည်၊ ခိုက်ရည်ကိုလည်း လက်တွေ့ကျကျ မြင်ဖူးတယ်ဆိုတော့ စစ်ကောင်စီဟာ ရခိုင်မြေပေါ်မှာ ဘယ်လောက်ထိတောင့်ခံနိုင်မလဲ။

ဖြေ။ ။ မြို့သိမ်းတိုက်ပွဲတွေမှာ အာရက္ခတပ်တော်ဘက်က သာလွန်မှုတွေ အများကြီးရှိတာပေါ့။ စစ်လက်နက်ပစ္စည်းဆိုင်ရာ သာလွန်မှုတွေ၊ စစ်ဗျူဟာဆိုင်ရာသာလွန်မှုတွေ အများကြီးကို ကျနော်တို့ တွေ့ရတယ်။ ဒါတွေဟာ အင်မတန်အားကောင်းတဲ့အချက်တွေ ဖြစ်တယ်။ အဲဒီအထဲမှာမှ အရေးကြီးဆုံး အချက်ကဘာလဲဆိုတော့ စစ်သားတစ်ယောက်မှာ စိတ်ပိုင်းဆိုင်ရာက အရမ်းအရေးကြီးတယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒီနေရာမှာ စစ်ကောင်စီက ရခိုင်ဒေသမှာစစ်ရှုံးနေတယ်။ သူတို့ရဲ့ ရဲဘော်တစ်ဦးချင်းစီမှာ စစ်ရှုံးနေတဲ့ခံစားချက်ပေါ့။

ဒါပေမဲ့ တဖက်မှာက အဲဒါနဲ့ကွဲပြားစွာပဲ အာရက္ခတပ်တော်ရဲ့စစ်သားတွေက ဘယ်ချိန်သိမ်းသိမ်း၊ နိုင်တယ် ဆိုတဲ့ စိတ်ခံစားမှုတွေရှိကြတယ်။ အဲဒီဟာက ရခိုင်ဒေသက စစ်ကောင်စီထွက်ခွာရမယ့် အခြေအနေဟာ အရမ်းနီးကပ်လာနေပြီ။ သူတို့တောင့်ခံနိုင်ဖို့အတွက်က စိတ်ပိုင်းဆိုင်ရာတွေ ကွာတယ်။ ဗျူဟာပိုင်းတွေ ကွာတယ်။ စစ်ကောင်စီရဲ့တင်းခံနိုင်မှုက တာရှည်ခံမှာမဟုတ်ဘူးလို့ ကျနော်တို့အနေနဲ့မြင်တယ်။ ဒါတွေမှ လေကြောင်းတိုက်ခိုက်မှုတွေ၊ နောက်ပြီးတော့ နေဗီ (Navy) က တိုက်ခိုက်မှုတွေလုပ်နေတာတွေတောင်မှ စစ်ရှုံးနေတော့ စစ်ကောင်စီအနေနဲ့ ထပ်ပြီးတော့တောင့်ခံနိုင်စရာ မရှိတော့ဘူးလို့ ကျနော်တို့အနေနဲ့ မြင်ပါတယ်။

မေး။ ။ SAF နဲ့ NUG ရဲ့ဆက်ဆံမှုက ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ကျနော်တို့အခြေစိုက်တဲ စစ်ဒေသတွေတိုင်းမှာ NUG တပ်ရင်း၊ တပ်ဖွဲ့တွေ၊ နောက်ပြီးတော့ ပကဖ (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)၊ ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) တွေနဲ့ စစ်ဆင်ရေးကိစ္စတွေအပြင် အရပ်ဖက် လုပ်ငန်းတွေ၊ ရပ်ရွာကိစ္စတွေကိုလည်း ကျနော်တို့အတူတူ ဆောင်ရွက်နေတဲ့အပိုင်းတွေ ရှိပါတယ်။ ဒါတွေက တော့ ကျနော်တို့ မြေပြင်အဆင့်ပူးပေါင်းဆောင်ရွက်မှုတွေပါ။ ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ရှိပါတယ်။

မေး။ ။ နောက်ဆုံးမေးခွန်းပါ၊ SAF ရဲ့ဗဟိုကော်မတီဝင်တစ်ယောက်အနေနဲ့ မြန်မာပြည်သူတရပ်လုံးကို ဘယ်လိုသတင်းစကားမျိုး ပြောချင်ပါလဲ။

ဖြေ။ ။ လက်ရှိအချိန်မှာ ကျနော်တို့တော်လှန်စစ်က အရှိန်မြှင့်လာတာဖြစ်ပါတယ်။ မြေပြန့်ဒေသတွေမှာပါ ထိုးစစ်တွေ၊ မြို့သိမ်းတိုက်ပွဲတို့မျိုးကိုပါ ကြုံရတော့မှာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် လူထုအနေနဲ့ ဒါတွေကိုရင်ဆိုင်နိုင်ဖို့ လူထုအနေနဲ့ကြိုပြီးတော့ ပြင်ဆင်ထားကြဖို့လိုပါတယ်။ ဒါကိုလေးလေးနက်နက် ကျနော်အနေနဲ့ တိုက်တွန်းချင်ပါတယ်။ နောက်ထပ်တချက်အနေနဲ့က ကျနော်တို့တိုင်းပြည်ကို စစ်အာဏာ သိမ်းမှုသံသရာထဲကို တကျော့ပြီးတကျော့ ဆွဲချနေတဲ့ စစ်အုပ်စုရဲ့ပြောစကားတွေကို အယုံမလွယ်ဖို့ လိုပါတယ်။ လက်ရှိအချိန်မှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ကိစ္စမျိုးတွေ၊ ညှိနှိုင်းမယ်ဆိုတဲ့ကိစ္စမျိုးတွေက အများကြီး အသံထွက်လာတယ်။ စစ်အုပ်စုက သူရဲ့ထွက်ပေါက်ကို သူရှာတာဖြစ်ပါတယ်။ အဲလိုမျိုး ထွက်ပေါက်မပေးဖို့ ဆုံးဖြတ်ထားတဲ့အတိုင်း ရင်ဆိုင်ဖို့က အရေးကြီးတယ်။

အဲဒါကို ကျနော်အနေနဲ့ အလေးနက် တိုက်တွန်းလိုတယ်။ နောက်တချက်က ကျနော်တို့ပြည်သူတွေဟာ ဘယ်လောက်ပဲခက်ခဲပါစေ၊ ပင်ပန်းပါစေ။ မရရတဲ့စိတ်နဲ့ ဖြတ်ကျော်ဖို့ လိုပါတယ်။ ဆိုလိုချင်တာကတော့ လက်ရှိကြုံတွေ့နေရတဲ့တော်လှန်ရေးကို အခွင့်အရေး တရပ်အဖြစ် ရှုမြင်ဖို့ပါ။ သမိုင်းမှာလည်း ကျနော်တို့ ကြုံခဲ့ရတယ်။ အဖြေမထွက်ခဲ့တဲ့ ကိစ္စတွေ၊ လွှတ်တော်ထဲမှာ စစ်တပ်ရဲ့ကိုယ်စားလှယ်တွေ ရှိနေတယ်။ ဒါဟာ တကယ့်ကိုဖြေရှင်းလို့မရတဲ့ မတင်မကျ အခြေအနေ တွေ။ ဒီလိုအခြေအနေတွေအားလုံးကို လက်ရှိ တော်လှန်ရေးနဲ့ ဖြိုချပေးလိုက်ဖို့ ဒီကာလမှာ ကျနော်တို့ရရှိနေတာ ဖြစ်တယ်။ ဒါကြောင့် ခက်ခဲရင်၊ ပင်ပန်းရင်၊ စိတ်ဓာတ်ကျနေရင်တောင် ဒါဟာအခွင့်အရေးတရပ်လို့ ရှုမြင်ပြီးတော့ ပြည်သူတွေအနေနဲ့ ကျော်ဖြတ်ဖို့ အဲဒီဟာကိုတိုက်တွန်းချင်ပါတယ်။

နိရဉ္စရာ ပေးပို့သည်။

“ ဝန်ကြီးချုပ်ကြီးနဲ့ မလေးရှားဝန်ကြီးချုပ်တို့ တွေ့တဲ့အချိန်တုန်းကလည်း လူချင်းတွေ့ဆုံမှုဆိုတဲ့ကိစ္စတွေလည်း ပြောခဲ့တာရှိတယ်။ အွန်လိုင်းကနေ တွေ့ဆုံတာကလည်းကောင်းသလို ဒါပေမယ့် တကယ်တမ်း မြေပြင်မှာ လူချင်းတွေ့ဆုံနိုင်ဖို့ အခြေအနေမျိုးဆို ပိုပြီးရင်းနှီးကျွမ်းဝင်မှုပိုရှိတယ်။ ဒါကြောင့်မို့ ဒါတွေကလည်းဖြစ်လာဖို့ ရှိပါတယ်” – ဦးနေဘုန်းလတ်/ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ

NUG နှင့် အာဆီယံဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်အား ဆက်သွယ်မေးမြန်းချက်။ မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် လူသားချင်းစာနာမှု အကူအညီပေးရန်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် စစ်ကောင်စီကို ပြီးခဲ့သည်ရက်ပိုင်းအတွင်း သီးခြားစီ...

“တံတားဦးမှာ တအိမ်ဝင်တအိမ်ထွက်သွားလှူတော့ အမေကြီးတွေဦးလေးကြီးတွေက ပြောကြတယ်။ သျှမ်းပြည်မှာ ဒီလောက်စစ်ဖြစ်နေတာ ငါတို့တောင်တခါမှမရောက်ခဲ့ဖူးဘူး၊ ဘယ်သူမှလည်း တကူးတက သွားမကူကြဘူးတဲ့။ ကိုယ့်အလှည့်ဖြစ်တော့ ခဲရာခဲဆစ်အခြေအနေ လုံးဝမဟန်တဲ့နယ်မြေကနေ ဒီအထိ တကူးတက လာကူပေးကြတယ်ဆိုပြီး တချို့အိမ်တွေဆို ဝမ်းသာလွန်းလို့ငိုကြတယ်” သျှမ်းလူငယ်တစ်ဦး

ငလျင်ဒဏ်ဆိုးရွားစွာခံစားခဲ့ရသည့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့သို့ ကူညီကယ်ဆယ်ရေးနှင့်ထောက်ပံရေးတွင် ပါဝင်ကူညီလုပ်ဆောင်နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး လူမှုကူညီရေးအသင်းဝင် သျှမ်းလူငယ်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်သွားခဲ့သည့် ၇ ဒဿမ ၇ ရစ်ချ်တာစကေး အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် မန္တလေး၊ တံတားဦးနှင့် စစ်ကိုင်းမြို့တို့တွင် အိုးအိမ်တိုက်တာများ...

“ကျနော်တို့ကူညီချင်ပေမဲ့ လာရောက်လှူဒန်းတဲ့ ငွေကြေးကများမလာတဲ့အတွက် ဘယ်နေရာက အဖြစ်များဆုံး အခက်ခဲဆုံးလဲ၊ အဲ့လိုနေရာကိုပဲ ကြည့်ပြီးလုပ်ရတယ်။ ပုံမှန်ရနေကြလူတွေတော့ အနည်းငယ်၊ နည်းသွားတာမျိုးရှိမယ်။ အဲ့လိုပုံစံမျိုးတော့ဖြစ်သွားတယ်” စောခဲလေ – ဒုညွန်ကြားရေးမှူး / CIDKP

စစ်ရှောင်ဦးရေတိုးပွားလာမှုနှင့် ကူညီထောက်ပံ့မှုအခြေအနေများအပေါ် ကရင့်ပြည်တွင်းနေရပ်စွန့်ခွာသူများရေးရာကော်မတီ - CIDKP ဒုညွန်ကြားရေးမှူးစောခဲလေနှင့် ဆက်သွယ်မေးမြန်းချက်။ KNU - ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ကော်သူးလေနယ်မြေများဖြစ်သည့် တောင်ငူ၊ ဘိတ်၊ ထားဝယ်နှင့် ဖားအံခရိုင်တို့တွင် ပြီးခဲ့သည့်မတ်လအတွင်း စစ်ဘေးကြောင့် နေရပ်ရွှေ့ပြောင်းနေထိုင်ရသူ (IDP) ဦးရေ ၃ ထောင်နီးပါးတိုးလာကြောင်း ကရင့်ပြည်တွင်းနေရပ်စွန့်ခွာသူများရေးရာကော်မတီ-CIDKP ကထုတ်ပြန်သည်။ ကရင့်လက်နက်ကိုင်တပ်များနှင့် စစ်ကောင်စီတပ်တို့ကြား...