“ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့က ထိုင်းအစိုးရဘက်ကလည်း ကျနော်တို့ကို ဒီအတိုင်း လျစ်လျူရှုထားတာမဟုတ်ဘဲ ကိုယ်ချင်းစာတရားနဲ့ အခွင့်အရေးတွေပေးဖို့ လမ်းဖွင့်ပေးတာတွေရှိတယ်” KRC အတွင်းရေးမှူး စောပွယ်စေး

By MPM 6 ဇွန်, 2026 👁

ကရင်ဒုက္ခသည်များကော်မတီ (KRC) အတွင်းရေးမှူး စောပွယ်စေးနှင့် အမေးအဖြေ

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် ရိက္ခာထောက်ပံ့မှု လျော့နည်းလာခြင်းနှင့်အတူ ငါးနှစ်အတွင်း စခန်းများ ပေါင်းစည်းမည့်အစီအစဉ် နှင့် စခန်းပြင်ပ၌ အလုပ်လုပ်ကိုင်ခွင့်ရရှိမည့် ၁၃ လုံးပါ အထောက်အထားအသစ် ထုတ်ပေးမည့် သတင်းများကြောင့် ဒုက္ခသည်ထုအကြားအမျိုးမျိုးပြောဆိုလျက်ရှိသည်။

အဆိုပါ အထောက်အထားအသစ် ထုတ်ပေးမည့် လုပ်ငန်းစဉ် မည်သို့အကောင်အထည်ဖော်မည်နည်း၊ စခန်းအတွင်း နေထိုင်သူအားလုံး အကျုံးဝင်မှု ရှိမရှိနှင့် စခန်းချင်းပေါင်းစည်းမည့် ထိုင်းအာဏာပိုင်တို့၏ အစီအစဉ်အပေါ် မည်သို့ ကြိုတင်ပြင်ဆင်ရမည်နည်း စသည့် အခြေအနေများနှင့်ပတ်သက်၍ ကရင်ဒုက္ခသည်များကော်မတီ (KRC) ၏ အတွင်းရေးမှူး စောပွယ်စေးအား ကေအိုင်စီ-ကရင်သတင်းဌာနက သီးသန့်ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ အခုက ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတိုင်းမှာ အလုပ်ထွက်လုပ်နိုင်တဲ့ အထောက်အထားတစ်ခု ထုတ်ပေးဖို့ရှိတယ်လို့ သိရတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး။

ဖြေ။ ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ ကြားထားပါတယ်။ သို့သော် စာနဲ့တော့ ကျနော်တို့ဆီကို ရောက်တာမရှိသေးဘူး။ အကြောင်းရင်းက ပလာ (စခန်းအာဏာပိုင်) ရိုက်ထားပေးတဲ့ ဂဏန်း ၁၃ လုံးပါတဲ့ အထောက်အထားရှိတဲ့လူတွေကို ကတ်ပြန်ရိုက်ပေးမှာဖြစ်တယ်။ ဘာလဲဆိုရင် ရှေ့ဆက် ဒီအထောက်အထားရှိတဲ့လူတွေ နောက်ဆို ပြင်ပဘက်မှာ အလုပ်ထွက်လုပ်လို့လွယ်အောင်၊ ပြီးရင် တခြားနေရာမှာ ပြောင်းရွှေ့ပြီး အလုပ်ထွက်လုပ်ရင် ခွင့်တောင်းပြီး သူတို့သတ်မှတ်ထားချက်အတိုင်း ပြောင်းရွှေ့နေသွားနိုင်ဖို့အတွက် သူတို့က လုပ်ပေးဖို့ အစီအစဉ်ရှိထားပါတယ်။

သူတို့ရိုက်ပေးမယ့် ဒီအထောက်အထားက အဓိက စခန်းပြင်ပထွက် အသက်မွေးဝမ်းကြောင်းအတွက် အလုပ် ထွက်လုပ်နိုင်ဖို့နဲ့ ဆက်စပ်မှုရှိတယ်။ ရိုက်ပေးဖို့က သူတို့ပြောထားတုန်းပဲ ရှိသေးတယ်။ လုပ်ငန်းစဉ်က ဒီနှစ်ကုန်ပိုင်းလောက်မှ စလုပ်ဖြစ်နိုင်မယ်။ သူတို့လုပ်မှာက ဒုက္ခသည်စခန်းမှာရောက်တဲ့ လူအားလုံးတော့ မဟုတ်ဘူး။ အထူးသဖြင့် ပလာက ရိုက်ထားတဲ့ ဂဏန်း (၁၃) လုံးရှိတဲ့သူတွေ ဖြစ်ရမယ်။ အဲဒီစာရင်းမှာရှိ တဲ့သူတွေ အားလုံးပဲ လူကြီးလူငယ်အားလုံး ပါမယ်။ ရိုက်မယ့်အချိန်နီးကပ်လာရင်တော့ သူတို့ အသေးစိတ်ဆက်အကြောင်းကြားမယ် ထင်တယ်။ အခုက စစချင်းပဲ ရှိသေးတယ်ဆိုတော့ အကုန်လည်း မသိသေးပါဘူး။

မေး။ ။ ဒီအထောက်အထားပြန်ရိုက်ဖို့က ထိုင်းအစိုးရဘက်က ဘယ်လိုအသိပေးညွှန်ကြားချက်မျိုးရှိနေပြီလဲ။

ဖြေ။ ။ ပြောရမယ်ဆိုရင် ဒီဟာက အစည်းအဝေးထဲမှာပဲ သူတို့ပြောထားတာရှိတယ်။ ဘန်ကောက်မှာ KRC ဥက္ကဋ္ဌတို့၊ ပြီးတော့ UN၊ INGO အဖွဲ့တို့နဲ့ ထိုင်းအစိုးရတာဝန်ရှိသူတို့ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောထားတာရှိတယ်။ ဘယ်လိုအဆင့်ဆင့်သွားမလဲ စာနဲ့တော့ တိတိကျကျ အသိပေးအကြောင်းကြားလာတာတော့ မတွေ့ရသေးဘူးဆိုတော့ အသေးစိတ်လည်း ပြောလို့မရသေးဘူး။ ပြီးရင် ဒုက္ခသည်စခန်းထဲမှာ နေထိုင်တဲ့လူတွေကလည်း ပလာရိုက်ပေးတဲ့ (ဂဏန်း ၁၃ လုံး) ရှိတဲ့သူတွေချည်းပဲ နေတာမကပါဘူး။ တချို့ဆိုရင် ဘယ်စာရင်းထဲမှာမှ မဝင်သေးတဲ့လူတွေလည်း အများကြီးရှိသေးတယ်။

မေး။ ။ ပြင်ပထွက်အလုပ်လုပ်မယ့်သူတွေကို ဦးစားပေးရိုက်မယ်လို့ ကြားရတယ် အဲဒါရှင်းပြပေးပါဦး။

ဖြေ။ ။ စခန်းထွက်အလုပ်လုပ်မယ့်လူတွေနဲ့ ဆက်စပ်မှုရှိတယ် ခုနက ကျနော်ပြောသလိုပါပဲ။ စခန်းအပြင်ဘက်ကို အလုပ်ထွက်လုပ်တော့မယ်ဆိုရင် အထောက်အထားတစ်ခုခု ရှိရမှာပဲ။ ဒီကတ်ကို ရိုက်ပြီးသွားပြီဆိုရင် ထိုင်းနိုင်ငံထဲက ဘယ်နေရာမှာပဲ အလုပ်သွားလုပ်တာပဲဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ် ကိုယ်ရပ်တည်ရမယ် ကိုယ့်ဘာသာကိုယ်ပဲ ကြည့်ရှုရမယ်။ ပြီးတော့ အလုပ်လုပ်တဲ့ အလုပ်သမားရဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းအတိုင်း သွားရမယ်။ အလုပ်သမားတစ်ယောက်အတိုင်း ဆက်သွားရင် ကုန်ကျမှုတွေ ဘယ်လိုရှိလဲတော့ မသိသေးဘူး။ သို့သော်လည်းပဲ ဒီကတ်လုပ်တာက ပြင်ပထွက် အလုပ်ထွက်လုပ်ဖို့နဲ့တော့ ဆက်စပ်မှုရှိတယ်လို့ ပြောလို့ရတယ်။

မေး ။ ။ အခုစခန်းထဲမှာ တခြားဒေသကို အလုပ်သွားလုပ်တဲ့အခါ အလုပ်လုပ်ခွင့်ကတ်တစ်ခု ထုတ်ထားပေးတာ ရှိတယ် ။ အဲဒီကတ်နဲ့ ဒုက္ခသည်အတွက် ထပ်ရိုက်ပေးမယ့်ကတ်နဲ့က ဘာကွာခြားမှုရှိမလဲ။

ဖြေ။ ။ အလုပ်ထွက်လုပ်တဲ့သူတွေက ထုတ်ပေးတဲ့ကတ်က သီးသန့်အလုပ်သမားကတ်တစ်ခုထဲပဲ ဖြစ်တယ် သက်တမ်းက တစ်နှစ်ပဲရှိတယ်။ အခုထုတ်ပေးမယ့်ကတ်ကတော့ ထိုင်းနိုင်ငံထဲမှာ ယာယီနေထိုင်ခွင့်ရတဲ့ကတ် ဖြစ်တယ်။ ပြောရမယ်ဆိုရင် ၁၀ နှစ်ခံကတ်လို့လည်း ပြောလို့ရမယ်။ တစ်ဆင့်ချင်းစီ သွားရမှာပေါ့။ အရင်တုန်းကလို ထိုင်းမှာအနေကြာပြီး အထောက်အထားမရှိတဲ့လူတွေကို ရိုက်ပေးတဲ့ ပန်းရောင်ကတ်လိုမျိုး (၅) နှစ်ပြည့်သွားရင် သူတို့စာရင်းထဲမှာ ဝင်သွားပြီး သူတို့ နိုင်ငံအုပ်ချုပ်မှုအောက်မှာ စည်းမျဉ်းစည်းကမ်းလိုက်နာပြီး ကျေးရွာသားတွေလို ဖြစ်သွားတာတွေလည်း အများကြီးရှိပါတယ်။

မေး။ ။ လက်ရှိဒုက္ခသည်စခန်းမှာ ရိက္ခာဖြတ်တောက်မှုတွေလည်း ကြာလာပြီဆိုတော့ လတ်တလော အခြေအနေတွေက ဘယ်လိုရှိလဲ။

ဖြေ။ ။ ရိက္ခာမရတော့ တချို့က တော်တော်လေးကို အဆင်မပြေမှုတွေ ရှိလာတယ်။ အဆင်မပြေမှုတွေရှိတော့ တချို့က အဝေးမှာ အလုပ်သွားလုပ်တဲ့သူတွေရှိသလို အနီးဝန်းကျင်ရွာတွေမှာလည်း သွားလုပ်တာတွေရှိတယ်။ တချို့ကတော့ ဆိုင်ကယ်နဲ့ ဈေးလိုက်ပတ်ရောင်း ပြီးတော့ သူများအိမ်တွေမှာလည်း အလုပ်သွားလုပ်တဲ့လူကလုပ် ဝမ်းစာအတွက်တော့ အမျိုးမျိုးဖြေရှင်းကြတာပေါ့။ တချို့ကလည်း တတိယနိုင်ငံမှာ ရောက်သွားတဲ့ သူတို့ဆွေမျိုးတွေက ပိုက်ဆံပို့ ပြန်ထောက်ပံ့တာရှိတယ်။ တချို့ကလည်း ဘာသာရေးအသင်းတော်က နည်းနည်းပါးပါး ဝိုင်းဝန်းထောက်ပံ့ပေးတာတွေရှိတယ်။ လုံးဝကို ဝမ်းရေးဖြေရှင်းမတတ်နိုင်တဲ့သူတွေ တချို့ကတော့ ရိက္ခာဆက်ပေးတဲ့ အကူအညီ အရမ်းလိုအပ်ချက်စာရင်း ပြန်တင်တာရှိတယ်။

နောက်ပြီး ပြင်ပမှာ အလုပ်ထွက်လုပ်တာက တော်တော်လေးကို အထောက်အကူဖြစ်တယ်။ သူတို့မိသားစု စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးအတွက် အရမ်းကို အထောက်အကူဖြစ်တယ်။ အခု ပြင်ပမှာအလုပ်ထွက်လုပ်တာ အယောက် (၆၀၀၀) ကျော်သွားပြီ။ စိတ်ဝင်စားမှုက အရင်ကထက် များလာပြီ။ အစတုန်းကတော့ တချို့က သူတို့သွားလုပ်တာ အဆင်မပြေတာရှိတော့ ပြန်လာပြီး အွန်လိုင်းပေါ်မှာ အမျိုးမျိုးပြောတော့ နောက်ထပ်သွားလုပ်မယ့်လူတွေက သွားရဲပါ့မလားဆိုပြီး ဇဝေဇဝါဖြစ်ကုန်တယ်။ တချို့ကလည်း သူဌေးတွေက လူကိုယ်စားလွှတ်ပြီး အလုပ်သမားတွေကို လာခေါ်တဲ့အခါ ပြောပြတာတွေက ဟိုမှာရောက်တဲ့အချိန် လုပ်ရတာတွေနဲ့ ကွဲလွဲမှုတွေရှိတယ်။ ပြီးတော့ ပေးတဲ့လစာ၊ ပိုက်ဆံပြန်နှုတ်ယူရတာတွေ သေချာမရှင်းပြတော့ ကွဲလွဲတာတွေရှိတော့ တချို့က ပြန်လာတာရှိတယ်။ အခုဆိုရင် လုပ်ငန်းခွင်တွေမှာ ထောင်နဲ့ချီ အလုပ်သမားလိုအပ်တယ်၊ အလုပ်အများကြီးရှိတယ်၊ ခေါ်တာတွေလည်း အများကြီးရှိတယ် ၊ သွားလုပ်နိုင်ဖို့ပဲလိုတယ်။

မေး။ ။ နောက်ပြီး ဒုက္ခသည်စခန်းအချို့ ပြန်ပေါင်းဖို့ ထိုင်းဘက်က အစီအစဉ်ရှိတယ်လို့ ကြားရတယ်၊ ရှင်းပြပေးပါဦး။

ဖြေ။ ။ ဒီလ (၁၅) ရက်နေ့တုန်းကပဲ ပြောလာတယ်။ ဒုက္ခသည်စခန်းကို စောင့်ကြည့်နေတဲ့ ထိုင်းအာဏာပိုင်တွေက ပြောလာတာဖြစ်တယ်။ (၅) နှစ်အတွင်း ဒုက္ခသည်တွေကို ပေါင်းမယ်ဆိုပြီး ပြောတယ်။ ဘယ်လိုပေါင်းမလဲတော့ မသိသေးဘူး။ (၅) နှစ်ပြီးတော့ (၁၀) နှစ်အတွင်းမှာ ဒုက္ခသည်ဖြုတ်လိုက်မယ် အဲလိုပြောတယ်။ အဲဒီသတင်းက ဒုက္ခသည်မှာနေတဲ့လူတွေက သိကောင်းသိလောက်ပြီ။

အဲဒီလိုပြောပြီး ရက်မကြာဘူး အုန်းဖျန်၊ မယ်လဒုက္ခသည်စခန်းတွေမှာ လူမနေတော့တဲ့ အိမ်အလွတ်နေရာတွေကို အိမ်ထပ်ဆောက်သေးလား၊ မဆောက်ရင် အိမ်ဘယ်နှစ်လုံးစာဆံ့လဲ၊ စာရင်းကောက်ခိုင်းတာရှိတယ်။ နို့ဖိုးမှာဆိုရင်တော့ ဘာအသိပေးလာတာရှိလဲဆိုရင် အဲဒီမှာနေတဲ့လူတွေက အုန်းဖျန်တို့၊ မယ်လတို့မှာ သွားနေချင်တဲ့လူ စိတ်အားထက်သန်တဲ့လူရှိလား၊ ရှိရင် စာရင်းလာတင်ဖို့ အကြောင်းကြားစာပို့လာတာရှိတယ်။ ဒါကတော့ တာ့ခ်ခရိုင်မှာရှိတဲ့ ဒုက္ခသည်စခန်း (၃) ခုအခြေအနေ ညွှန်ကြားထားတာပေါ့။ ပြီးတော့ ကျန်းမာရေးကို ထောက်ပံ့တဲ့ NGO အဖွဲ့တွေဆိုရင်လည်း ထိုင်းရဲ့ နယ်မြေအလိုက် ကျန်းမာရေးဌာနအသီးသီးအောက်မှာ သွားဖို့ပြောတာရှိတယ်။ ဒါကတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေကို ပြောတာဖြစ်တယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်တာ ရှိပါသလဲ။

ဖြေ။ ။ လူထုဘက်ကတော့ ကြိုတင်ပြင်ဆင်မှုနဲ့ နေရမယ်။ ကျနော်တို့တွေဟာ စည်းမျဉ်းစည်းကမ်း လမ်းညွှန်ချက်နဲ့ နေထိုင်ရတော့ ဒုက္ခသည်အနေနဲ့ဖြစ်တော့ နောက်ဆုံးဘယ်အထိမှာပဲ ဆက်နေရမှာလား။ ကျနော်တို့ဆိုရင်လည်း ကရင်ဒုက္ခသည်များကော်မတီအလျောက် ကိုယ့်လူမျိုးတွေကို ကြည့်ပေးစီစဉ်ပေးရမယ့် တာဝန်ရှိတယ်။ ဒီနှစ်ပေါင်း ၃၀၊ ၄၀ ကျော်မှာ ဒုက္ခသည်စခန်းမှာ အများကြီးကျန်နေသေးသလို တတိယနိုင်ငံရောက်သွားတဲ့သူတွေလည်း သိန်းဂဏန်းကျော်တယ်။ ဘာအထောက်အထားတစ်ခုမှမရှိဘဲ ဒုက္ခသည်စခန်းမှာ ရှိနေတဲ့သူတွေအများကြီးလည်း ရှိသေးတယ်။ သူများက နေရာမပေးနေတော့ဘဲ ဒုက္ခသည်စခန်းဖြုတ်လိုက်ရင် ကျနော်တို့တွေက ကိုယ့်ခြေထောက်ပေါ်မှာပဲ ရပ်တည်နေရမယ်။ ဘယ်သူမဆို ရှေ့ဆက်ပြီး အခက်အခဲတွေက ရှိတာမှန်တယ်။

လက်ရှိ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့က ထိုင်းအစိုးရဘက်ကလည်း ကျနော်တို့ကို ဒီအတိုင်း လျစ်လျူရှုထားတာမဟုတ်ဘဲ ကိုယ်ချင်းစာတရားနဲ့ အခွင့်အရေးတွေပေးဖို့ လမ်းဖွင့်ပေးတာတွေရှိတယ်။ ကျနော်တို့တွေက ကိုယ့်နေရပ်ကို ကိုယ်ပြန်နေလို့မရဲတဲ့အခြေအနေ၊ ပြီးရင် တတိယနိုင်ငံမှာ သွားဖို့လည်း မရသေးတဲ့အခြေအနေမှာ ထိုင်းနိုင်ငံထဲမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး တရားဝင် နေထိုင် သွားနိုင်ဖို့အတွက် ကျနော်တို့မှာလည်း အမြဲစဉ်းစားပေးတာရှိပါတယ်။ ကရင်ဒုက္ခသည်များကော်မတီလို့ ပြောပေမယ့်လည်း ဒုက္ခသည်စခန်းမှာ လူမျိုးစုံရှိတယ် အကုန်စဉ်းစားပေးပါတယ်။

ဒါကြောင့် ဒုက္ခသည်စခန်းမှာရှိတဲ့သူတွေအားလုံး စိုးရိမ်စိတ်ရှိပေမယ့်လည်း အလွန်အကျွံမစိုးရိမ်ပါနဲ့။ ကျနော်တို့တွေဟာ လူသားတွေဖြစ်တယ်၊ လူသားတစ်ဦးရဲ့ ရှိရမယ့် လူ့အခွင့်အရေးရှိတယ်ဆိုတာ ထိုင်းအစိုးရကလည်း သိတဲ့အတွက် ကျနော်တို့ဒုက္ခသည်တွေကို နှစ်ပေါင်း ၅၀ ကျော် လက်ခံပေးထားခဲ့တာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့တွေ သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းနေပြီး စိုးရိမ်စိတ်မလွန်ကဲဖို့ ပြောချင်ပါတယ်။

ကေအိုင်စီ