ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် – အာရက္ခတပ်တော်

By MPM 26 အောက်တိုဘာ, 2026 👁 687

 

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၀ ဧပြီ ၂၀ဝ၉

ရုံးချုပ် – KIO ထိန်းချုပ်နယ်မြေ

လှုပ်ရှားရာ နယ်မြေ – ဧရာဝတီ၊ ပဲခူး (အရှေ့)၊ ချင်း၊ မကွေး၊ စစ်ကိုင်း၊ ရှမ်း (မြောက်) နှင့် ရခိုင် စသော တိုင်းနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်ပေါင်း (၂၈) ခု

စစ်ဦးစီးချုပ် – ဗိုလ်ချုပ်ထွန်းမြတ်နိုင်

ဒုစစ်ဦးစီးချုပ် – ဒေါက်တာညိုထွန်းအောင်

အတွင်းရေးမှူး – ၁ – ဗိုလ်မှူးကြီး ကျော်ဟန်

နိုင်ငံရေးအရ ပူးပေါင်းပါဝင်မှု – ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးမှုညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်

Telegram – https://t.me/aainfodesk

Website – https://www.arakanarmy.net/

ရခိုင်ပြည်နယ်အတွင်းရှိ မြို့ (၂၅) မြို့နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့ (၂) မြို့ စုစုပေါင်း မြို့ (၂၇) မြို့အထိ အာဏာသိမ်းစစ်အုပ်စုထံမှ သိမ်းပိုက်ရရှိထားသည့် အာရက္ခတပ်တော် (ULA/AA) ၏ စစ်ရေးအောင်မြင်မှုသည် တော်လှန်ရေးအင်အားစုတိုင်းအတွက် အားရကျေနပ်စရာ၊ အတုယူစရာဖြစ်ခဲ့သည်ဟု ဆိုရပါမည်။ အဆိုပါထိန်းချုပ်ထားသည် နယ်မြေများအတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ လည်ပတ်နိုင်ရေးနှင့် ဒေသတွင်းလုံခြံရေးအတွက် ဦးစားပေးလုပ်ဆောင်နေသကဲ့သို့ ရခိုင်ပြည်နယ်နှင့် နယ်နမိတ်ချင်းထိစပ်နေသည့် ပဲခူး၊ ဧရာဝတီ၊ မကွေးနှင့် ချင်းဒေသများအတွင်းရှိ ဒေသတွင်း တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ အာဏာသိမ်းစစ်တပ်ကို စစ်ရေးအရ ထိုးစစ်ဆင်ဖိအားပေးလျက်ရှိပါသည်။

သို့သော် ULA/AA အနေဖြင့် ထိန်းချုပ်နယ်မြေများ ကျယ်ပြန့်လာသည်နှင့်အမျှ  မြန်မာနိုင်ငံတဝှမ်းရှိ အခြားသောဒေသများနည်းတူ အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအန္တရယ်ကို ရင်ဆိုင်ကြုံတွေ့နေရသည်။ မောင်တောမြို့နယ်တောင်ပိုင်း မေယုတောင်ကြောအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ဝင်ရောက်လှုပ်ရှားနေသည့် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSO)၊ ရိုဟင်ဂျာ ညီညွတ်ရေးအဖွဲ့ (RSO)၊ အာရကန်ရိုဟင်ဂျာတပ်မတော် (ARA) တို့၏ လှုပ်ရှားမှုများကြောင့် ဒေသခံများ၏ လုံခြုံရေးအပါအဝင် အာရက္ခတပ်တော်၏ အုပ်ချုပ်ရေးယန္တရားများအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေသည်ဟု ဆိုရပါမည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နိုင်ငံရေးအရရော၊ စစ်ရေးအရပါ တရားဝင် ပူးပေါင်းဆောင်ရွက်မှုများ မမြင်တွေ့ရသေးသည့်တိုင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်သည့် အာရက္ခတပ်တော်သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို မျက်ကွယ်ပြုထားသည့် လုပ်ဆောင်ချက်မျိုး မရှိခဲ့ဟု ဆိုရပါမည်။ ရခိုင်အမျိုးသားရေးဆိုင်ရာ ရက္ခိတလမ်းစဉ်၊ ရက္ခိတရည်မှန်းချက်များဖြင့် စတင်ခဲ့သည့် အာရက္ခတပ်တော်၏ အတွေးအခေါ်အရွေ့သည် လူမျိုးပေါင်းစုံလွတ်မြောက်ရေး၊ လူမျိုးပေါင်းစုံ ကြီးငယ်မခွဲခြားဘဲ တန်းတူမျှတစွာ အခွင့်အရေးရရှိရေးနှင့် လူမျိုးစုအလိုက် အကုန်လုံး စည်းလုံးညီညွတ်ရေးဆီသို့ ဦးတည်လာနေပါသည်။

ရခိုင်ဒေသတခုလုံးကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ရေးအတွက် စစ်ရေးအရ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပြောဆိုထားသည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ကျွန်တော်တို့ကတော့ အတူတကွ စည်းစည်းလုံးလုံး အနာဂတ်ကို တည်ဆောက်ချင်တယ်။ သို့သော်လည်းပဲ ကျွန်တော်တို့လိုချင်တဲ့ ကျွန်တော်တို့ရသင့်တဲ့ အတိုင်းအတာကို မရဘူးဆိုရင်တော့ တခြားသော စဉ်းစားမှုတွေလည်း ရှိလာနိုင်တယ်” ဟု ပြောဆိုထားပါသည်။

လက်ရှိတွင်တော့ နယ်မြေထိန်းချုပ်နိုင်မှုအား တိုးချဲ့ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နိုင်ရေးအတွက် အလေးပေးလုပ်ဆောင်သော ULA/AA သည် ဘုံနိုင်ငံရေးရပ်တည်ချက် (၆) ရပ်နှင့် Botton-up Federalism ကို အခြေခံသော SCEF နှင့် တွေ့ထိဆက်ဆံမှုများ ရှိလာခဲ့ပြီဖြစ်သည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်သော SCEF အတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) ဝင်ရောက်လာနိုင်ကြောင်း ယူဆရန် စောနေသေးသော်လည်း နိုင်ငံရေးအရ နိုင်ငံတကာကူစားပြုမှုတွင်ဖြစ်စေ၊ စစ်ရေးအရ ပေါင်းစပ်လှုပ်ရှားနိုင်မှုတွင်ဖြစ်စေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များတွင်ဖြစ်စေ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေမျိုးရှိနေသည်ဟု ဆိုရပါမည်။
Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၅– ၂၀၂၆