မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (ကိုးကန့်တပ်ဖွဲ့)

By MPM 26 အောက်တိုဘာ, 2026 👁 554

မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ – MNTJP

 

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၁ မတ် ၁၉၈၉

ကိုးကန့်ဒေသအုပ်ချုပ်ရေးအဖွဲ့ရုံး – လောက်ကိုင်မြို့နယ်

စစ်ဘက်ဆိုင်ရာဌာနချုပ် – ကုန်းကြမ်းမြို့နယ်

လှုပ်ရှားရာ နယ်မြေ – ကိုးကန့်ဒေသ မုံးကိုးနှင့် လောက်ကိုင်၊ ကွတ်ခိုင်၊ လားရှိုး၊ သိန္နီ၊ မူဆယ်၊ ပန်ဆိုင်းမြို့နယ်များ

ပါတီ အထွေထွေအတွင်းရေးမှူးချုပ်/ ကိုးကန့်တပ်ဖွဲ့ စစ်ဦးစီးချုပ်/ အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ – ဦးဖုန်တာရွှင် (ဦးဖုန်တဲရင်)

နိုင်ငံရေးအရ ပူးပေါင်းအဖွဲ့ – ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးမှုညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်

Facebook – https://www.facebook.com/profile.php?id=61552736162357

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက် ၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) ခေါင်းဆောင် ဖုန်ကြားရှင်ကွယ်လွန်ပြီးနောက်ပိုင်း သားဖြစ်သူ ဖုန်တာရွှင် (ဖုန်တဲရင်) ဦးဆောင်ခဲ့သည့် MNDAA ၏ စစ်ရေး၊ နိုင်ငံရေးအလှည့်အပြောင်းသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ ကိုးကန့်တပ်ဖွဲ့အပါအဝင် ညီနောင်မဟာ မိတ် (၃) ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ “၁၀၂၇” စစ်ဆင်ရေးမှ စတင်သည်ဟု ဆိုရမည်ဖြစ်သည်။ စစ်ဆင်ရေးစတင်ပြီး ရက်ပိုင်းအတွင်း အာဏာသိမ်းစစ်တပ်၏ တပ်စခန်းကြီးငယ်အသွယ်သွယ်နှင့် အရေးပါသော စစ်ဆေးရေးဂိတ်ပေါင်း (၂၅၀) ကျော်ကို သိမ်းပိုက်နိုင်ခဲ့သလို စစ်ဆင်ရေးစတင်ပြီး နှစ်လကျော်မျှအကြာတွင်ပင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ သိန္နီ၊ မုံးကိုး၊ ကွမ်းလုံ၊ ကုန်းကြမ်း၊ မော်ထိုက်နှင့် လောက်ကိုင် စသော မြို့ (၉) မြို့အား စစ်အုပ်စုထံမှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့၊ MNDAA ခေါင်းဆောင်၏ နှစ်သစ်ကူးမိန့်ခွန်းအရ “၁၀၂၇ စစ်ဆင်ရေး” အား လုံးဝ ရပ်စဲသွားမည်မဟုတ်ဘဲ ရှမ်းပြည်နယ်အထူးဒေသ (၁) အာဏာရရေးသည် ၎င်းတို့၏ အမျိုးသားရေးလုပ်ငန်းစဉ် ပထမခြေလှမ်းမျှသာဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁၁) ရက်တွင် အာဏာသိမ်းစစ်အုပ်စုနှင့် ကိုးကန့်တပ်အကြား ဟိုင်ဂင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးကာ အပစ်အခတ်ရပ်စဲခဲ့ကြသည်။

၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ဟိုင်ဂင်သဘောတူညီချက် ကျိုးပျက်ခဲ့ပြီး “၁၀၂၇ စစ်ဆင်ရေး” အပိုင်း (၂) ကို စတင်ကာ ညီနောင်မဟာမိတ်တပ်များနှင့်အတူ MNDAA မှ ဦးဆောင်ကာ လားရှိုးမြို့နယ်အတွင်း စစ်ဆင်ရေးများ အရှိန်မြှင့်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်တွင်တော့ အာဏာသိမ်းစစ်အုပ်စု၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင် လာရှိုးမြို့ကိုပါ MNDAA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင်တော့ စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဟူသော နိုင်ငံရေးဦးတည်ချက်ကို လုံးဝ မပြောင်းလဲကြောင်း၊ နိုင်ငံတော်မှ မခွဲထွက်ကြောင်း၊ နိုင်ငံသစ် မထူထောင်ကြောင်း၊ တရုတ် သို့မဟုတ် မြန်မာကို ဆန့်ကျင်သော နိုင်ငံခြားအသိုင်းအဝိုင်းနှင့် မပူးပေါင်း၊ မဆက်ဆံ၊ မဟာမိတ်မဖွဲ့ကြောင်း၊ NUG နှင့် စစ်ရေး၊ နိုင်ငံရေး မပူးပေါင်းကြောင်း စသည့်အချက်များနှင့်အတူ ချက်ချင်းအပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးသော နည်းလမ်းဖြင့် အဖြေရှာရန်အတွက် တရုတ်နိုင်ငံအား ကြားဝင်စေ့စပ်ဖြေရှင်းပေးရန်ဟူသော ရပ်တည်ချက်ကို MNDAA က ထုတ်ပြန်ခဲ့သည်။

MNDAA နှင့် အာဏာသိမ်းစစ်အုပ်စုအား အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး လားရှိုးမြို့ကို အာဏာသိမ်းစစ်အုပ်စုထံ ပြန်လည်လွှဲအပ်ပေးခဲ့ရသလို စစ်ဆင်ရေးအတွက် ဖမ်းဆီးရမိထားသည့် ရာနှင့်ချီသော စစ်သုံ့ပန်းများကိုလည်း လွှတ်ပေးခဲ့ရသည်။ ထိုအတွက် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း ရရှိခဲ့သည့် နယ်မြေပိုင်စိုးမှုများကို ဆက်လက်ထိန်းသိမ်းကာ အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှလုပ်ငန်းများ လည်ပတ်နိုင်သည့်အခြေအနေမျိုးကို MNDAA အနေဖြင့် ရရှိခဲ့ပါသည်။

ထိုအချိန်မှစ၍ MNDAA နှင့် အာဏာသိမ်းစစ်တပ်အကြား စစ်ရေးပဋိပက္ခဖြစ်စဉ်များ ငြိမ်သက်သွားခဲ့သလို တရုတ်အစိုးရ၏ စေ့စပ်ပေးမှုအရ နှစ်ဖက်ထိတွေ့ဆက်ဆံမှုများလည်း ခပ်စိတ်စိတ်တွေ့ရှိလာခဲ့ပါသည်။

သို့သော် သီပေါ်နှင့် လားရှိုးမြို့နယ်များအတွင်း SSPP/SSA နှင့် MNDAA အကြား နယ်မြေအငြင်းပွားမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ရသလို ပန်းဆိုင်း (ကြူကုတ်) ဘက်တွင်လည်း KIO/KIA နှင့် MNDAA အကြား နယ်မြေပိုင်ဆိုင်မှုအကြောင်းပြုပြီး နှစ်ဖက်တင်းမာမှုဖြစ်ပွားခဲ့သည်။ ကွတ်ခိုင်မြို့နယ်အတွင်းရှိ KIA စစ်ဆေးရေးဂိတ်အား MNNAA က တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့သည်။ ပို၍ဆိုးသည်က “၁၀၂၇ စစ်ဆင်ရေး” အတွင်း အတူသိမ်း ပိုက်ရရှိခဲ့သည့် ကွတ်ခိုင်မြို့ထိန်းချုပ်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအကြား MNDAA နှင့် TNLA အကြား အငြင်းပွားမှုဖြစ်စဉ်သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလထဲတွင် စတင်ခဲ့ပြီး ကြားဝင်စေ့စပ်ပေးမည့်အဖွဲ့အစည်းရော၊ လူပုဂ္ဂိုလ်ပါ ကင်းမဲ့နေခဲ့သည်။ မတ်လ ၁၄ ရက်နေ့တွင်တော့ ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ နမ့်ဖတ်ကာ၊ လွိုင်ဆမ်ဆစ်၊ မန်ပြိန်းနှင့် မြို့အနီးရှိ TNLA တပ်စခန်းများအား ဒရုန်း၊ လက်နက်ကြီးများ အသုံးပြုပြီး MNDAA က တပြိုင်နက်တည်းခိုက်ခဲ့ရာ မတ်လ ၁၅ ရက်နေ့ ညပိုင်းအချိန်တွင် ကွတ်ခိုင်မြို့နယ်တစ်ခုလုံးကို MNDAA က သိမ်းပိုက်ပစ်ခဲ့သည်။

ထို့ကြောင့် FPNCC အဖွဲ့ဝင်အဖွဲ့အစည်းအချင်းချင်းပင်ဖြစ်သော်လည်း MNDAA ၏ မဟာမိတ်တော်လှန်ရေး အင်အားစုများအပေါ်ထားရှိသော သဘောထားနှင့် ပဋိပက္ခဖြေရှင်းနည်းလမ်းများသည် မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။ အခြားတဖက်ရှိ တရုတ်အစိုးရ၏သဘောထား အလျော့အတင်းဒဏ်ကိုလည်း MNDAA အနေဖြင့် တောင့်ခံနိုင်စွမ်းအားနည်းသည်ဟု ဆိုရပါမည်။

၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်၊ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်စတင်ပြီး နာရီပိုင်းအကြာတွင် “၁၀၂၇ စစ်ဆင်ရေး” အတွင်း ဖမ်းဆီးရမိထားသည့် စစ်အုပ်စု၏ တပ်သားများထဲမှ လောက်ကိုင်တွင် ထိန်းသိမ်းခံထားရသူ စစ်သုံ့ပန်း (၂၀၀) နီးပါးအား MNDAA က လွှတ်ပေးခဲ့ရပါသည်။

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၅– ၂၀၂၆