ကရင်နီအမျိုးသားတိုးတက်ရေးပါတီ

By MPM 26 အောက်တိုဘာ, 2026 👁 480

 

KA စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၇ သြဂုတ် ၁၉၄၈

KNPP ဖွဲ့စည်းသည့် နေ့စွဲ – ၂ မေ ၁၉၅၇

ရုံးချုပ် – ညာမူ၊ ရှားတောမြို့နယ်၊ ကရင်နီ (ကယား) ပြည်နယ်

လှုပ်ရှားရာနယ်မြေ – လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဖားဆောင်း၊ မော်ချီးနှင့် ဘောလခဲ မြို့နယ်များ၊ ကရင်နီ (ကယား) ပြည်နယ်

ဥက္ကဌ – ခူဦးရယ်

ဒုဥက္ကဌ – ခူထဲဘူး

အထွေထွေအတွင်းရေးမှူး – ခူပလူးရယ်

KA စစ်ဦးစီးချုပ် – ဗိုလ်မှူးချုပ်အောင်မြတ်

နိုင်ငံရေးအရ ပူးပေါင်းပါဝင်မှု –

  • ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) အဖွဲ့ဝင်
  • တိုင်းရင်းသားလူမျိုးများကောင်စီ (MEC) အဖွဲ့ဝင်
  • ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) အဖွဲ့ဝင်

Facebook – https://www.facebook.com/KNPPHQ

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) တွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေပြီး KSCC ၏ ကြားကာလအစီအမံဖြင့် စုဖွဲ့ထားသော ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တွင် KNPP ဥက္ကဌ ခူဦးရယ်က ဥက္ကဌအဖြစ် တာဝန်ယူထားသည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် နွေဦးတော်လှန်ရေး၏ စစ်ရေးကဏ္ဍဟုဆိုရမည့် “ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ” (Central Command and Coordination Committee – C3C) တွင် KNPP/KA က ပူးပေါင်းပါဝင်လျက်ရှိသည်။ ကရင်၊ ကရင်နီ (ကယား)၊ မွန်၊ တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူး စသည့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ နေပြည်တော်နှင့် ဆက်စပ်နယ်မြေများဖြစ်သည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများပါဝင်သော တောင်ပိုင်းစစ်ဒေသအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA)၊ NUG နှင့်အတူ ပူးတွဲညှိနှိုင်းရေးကော်မတီ (Joint Coordination Committee – J2C) နှင့် ပူးတွဲစစ်ရေးကွပ်ကဲမှု (Joint Operation Command – JOC) တို့ကိုဖွဲ့စည်းပြီး နိုင်ငံရေး၊ စစ်ရေးအရ ဦးဆောင်မှုပေးနေသည်ဟု ဆိုရပါမည်။

နွေဦးတော်လှန်ရေး၏ နိုင်ငံရေးမျက်နှာစာတွင်တော့ အခြားသော တော်လှန်ရေးအင်အားစုများနှင့်အတူ စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်နေခြင်းအား အဆုံးသတ်ရေးအပါအဝင် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား KNPP ကလည်း သဘောတူလက်ခံထားပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် “ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး” ချဉ်းကပ်မှု (Button-up Federalism Approach) ကို ထောက်ခံဆော်သြခဲ့သော MEC တွင်လည်း KNPP ဦးဆောင်ဦးရွက်ပြုလျက်ရှိသည်။

ထို့အပြင် ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်တွင် ဖွဲ့စည်းဖြစ်တည်လာသော SCEF တွင်လည်း ဦးဆောင်မှုအခန်းကဏ္ဍမှပါဝင်ပြီး SCEF ၏ အလှည့်ကျသဘာပတိအဖြစ် KNPP ဥက္ကဌ ခူးဦးရယ်က ရွေးချယ်ခံခဲ့ရကာ မြန်မာနိုင်ငံတဝှမ်း ဒေသအလိုက် တော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံညှိနှိုင်းမှုများကို ဦးဆောင်နေသည်ကို တွေ့ရသည်။

တော်လှန်ရေးအောင်မြင်ရေးအတွက် စည်းလုံးညီညွတ်မှုသည် အခြေခံအုတ်မြစ်ဖြစ်ကြောင်း ခံယူထားသည့် KNPP အနေဖြင့် ကရင်နီတော်လှန်ရေးအင်အားစုများအကြား အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊ ညှိနှိုင်းဆောင်ရွက်မှုနှင့် စုပေါင်းခေါင်းဆောင်မှုတို့ကို ပိုမိုခိုင်မာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း (၇၈) နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့တွင် ထုတ်ပြန်ထားသည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ ဒီမိုကရေစီအင်အားစုများ၊ တော်လှန်ရေးအင်အားစုများနှင့်လည်း ပိုမိုနီးကပ်စွာ ပူးပေါင်း‌ဆောင်ရွက်ပြီး စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်လက်တွဲသွားမည်ဟုလည်း ဆိုထားပါသည်။Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၅– ၂၀၂၆