|
|
|
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၅ ဖေဖော်ဝါရီ ၁၉၄၇ ရုံးချုပ် – ကလိုယော်လေး၊ ဘားအံခရိုင်၊ ကရင်ပြည်နယ် လှုပ်ရှားရာ နယ်မြေ – ကရင်၊ ပဲခူးအရှေ့၊ မွန်၊ နေပြည်တော်၊ တနင်္သာရီ စသည့် ဒေသများအတွင်းရှိ မြို့နယ် (၃၂) ခု ဥက္ကဌ – ပဒိုစောကွယ်ထူးဝင်း ဒုဥက္ကဌ – ပဒိုစောဆဲဂေ အထွေထွေအတွင်းရေးမှူး – ပဒိုစောတာဒိုမူး Facebook – https://www.facebook.com/KNUHQKTL Website – https://knuhq.org/mm စစ်အာဏာသိမ်းကာလအတွင်း အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သော နိုင်ငံဝန်ထမ်းများအား ကူညီထောက်ပံ့ပေးခဲ့ပြီး နွေဦးတော်လှန်ရေးနှင့်အတူ ရပ်တည်ကာ စစ်အာဏာသိမ်းမှုကို ကန်ကွက်ခဲ့သည့် KNU သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။ KNU ထိန်းချုပ်နယ်မြေများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်မှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF) အပါအဝင် တော်လှန်ရေး မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းကာ KNU အနေဖြင့် နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ်ကို ဦးဆောင်ဦးရွက်ပြုပြီး ပါဝင်ဆင်နွှဲလျက်ရှိသည်။ NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs) (၄) ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသည့် ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C) တွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး တောင်ပိုင်းစစ်ဒေသအတွင်း KNPP နှင့် NUG တို့ ပူးပေါင်းကာ ပူးတွဲညှိနှိုင်းရေးကော်မတီ (Joint Coordination Committee – J2C) နှင့် ပူးတွဲစစ်ရေးကွပ်ကဲမှု (Joint Operation Command-JOC) တို့တွင် KNU အနေဖြင့် ဦးဆောင်ပါဝင်လှုပ်ရှားနေသည်ကို တွေ့ရပါသည်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘုံသဘောထားရပ်တည်ချက်များနှင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် ပြည်နယ်အား ကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom Up Federalism Approach) ချဉ်းကပ်မှုများတွင် KNU လည်း ပါဝင်နေပြီး ကော်သူးလေပြည်၊ ကော်သူးလေအစိုးရ ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိပါသည်။ ကော်သူးလေပဋိဉာဉ် အတည်ပြုရေး၊ ကော်သူးလေပြည် ထူထောင်ရေး၊ ပါလီမန်စနစ်နှင့် ဆင်တူသည့် ကော်သူးလေအတိုင်ပင်ခံကောင်စီ (KCC) ဖွဲ့စည်းရေး၊ KCC အတွင်း အုပ်ချုပ်ရေးလုပ်ငန်းများကို ကြီးကြပ်ရမည့် ကော်သူးလေအမှုဆောင်ကော်မတီ (KEC) ဖွဲ့စည်းရေး၊ KEC မှတဆင့် ကော်သူးလေအစိုးရ (KG) ကို ဖွဲ့စည်းရေးစသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၏ ၈၀ ရာခိုင်နှုန်းအထက် ပြီးစီးနေပြီဖြစ်ကြောင်း KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ရှင်းပြထားသည်။ တော်လှန်ရေးကာလအတွင်း ဖွဲ့စည်းရထူထောင်ရခြင်းကြောင့် ကော်သူးလေအစိုးရ (KG) ၏ ခေါင်းဆောင်မှုအပိုင်း၊ လမ်းညွှန်မှုအပိုင်းနှင့် ထိန်းကျောင်းမှုအပိုင်းတို့တွင် KNU မှ ဆက်လက်ပါဝင်နေမည်ဖြစ်သော်လည်း KNU Plus (+) ပုံစံဖြင့် ချဉ်းကပ်ဖွဲ့စည်းသွားမည်ဟုလည်း ဆိုပါသည်။ 1 တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသည့် အခွင့်အရေးရရှိရေး၊ တရားမျှတမှုရှိ သည့် အကျယ် အဝန်းရှိသော ကော်သူးလေ (ကရင်ပြည်) ရရှိရေး၊ ဒီမိုကရေစီနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်နယ်ပေါင်းစု ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ရေး၊ ကော်သူးလေပြည်အပြင် ပြည်ထောင်စုအတွင်းရှိ ကရင်လူမျိုးအားလုံးနှင့် ပြည်ထောင်စုသားအားလုံး ဒီမိုကရေစီအခွင့်အရေး အပြည့်အဝရရှိရေး စသည့် နိုင်ငံရေးရည်မှန်းချက်များသည် KNU အစဉ်တစိုက် စွဲကိုင်ခဲ့သည့် အခြေခံမူများဖြစ်ပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်တည်လာချိန်တွင်လည်း ကော်သူးလေပြည်၊ ကော်သူးလေအစိုးရသည် ပြည်ထောင်စု၏အဖွဲ့ဝင် ပြည်နယ်တခုအဖြစ် အပြည့်အဝပါဝင်သွားမည်ဟုလည်း ပဒိုစောတောနီးက ဆိုပါသည်။ အခြားတဖက်တွင် KNU နှင့် ဒေသတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ယနေ့အချိန်ထိ မုန်း၊ ကျုံဒိုး၊ ဖာပွန်နှင့် လေးကေ့ကော်မြို့များကို အာဏာသိမ်းစစ်အုပ်စုထံမှ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီး ရာနှင့်ချီသော စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထားနိုင်ခဲ့ပါသည်။ စစ်ရေး၊ နိုင်ငံရေးနှင့် နယ်စပ်ရေးရာအပါအဝင် ကုန်သွယ်ရေးအရပါ အလွန်ရေးပါသည့် မြဝတီမြို့ကိုပင် ရက်ပိုင်းမျှအကြာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့် အခြေအနေမျိုးအထိ ရောက်ရှိခဲ့သည့် KNU ၏ စစ်ရေးအရွေ့အဟုန်သည် ပြင်းထန်ခဲ့ပါသည်။ ကရင့်တော်လှန်ရေးသမိုင်းတလျှောက်တွင် စစ်ရေးနည်း၊ နိုင်ငံရေးနည်း၊ ငြိမ်းချမ်းရေး အမည်ခံတွေ့ဆုံဆွေးနွေးရေးနည်း စသည့်နည်းလမ်းပေါင်းစုံကို KNU အနေဖြင့် အသုံးပြုထားနိုင်သကဲ့သို့ စစ်အုပ်စု၏ သပ်လျိုသွေးခွဲမှု၊ ခြိမ်းခြောက်မှု၊ အယုံသွင်းလှည့်ဖြားမှု၊ စစ်ရေးအရ ဖိအားပေးမှုစသည့် နည်းလမ်းအသွယ်သွယ်ကိုလည်း ရင်းနှီးကျွမ်းဝင်နေခဲ့ပြီး ဖြစ်ပါသည်။ သို့သော် ကော်သူးလေးဒေသ (ကရင်ပြည်နယ်) အတွင်းရှိ KNU ၏ ဦးဆောင်မှု၊ မဟာမိတ်စုဖွဲ့မှုအောက်တွင်မရှိသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် ကော်သူးလေပြည်၊ ကော်သူးလေအစိုးရ ဖွဲ့စည်းရေးအတွက် သတိထားချဉ်းကပ်ရမည့် လုပ်ငန်းစဉ်တရပ်ဖြစ်နေသကဲ့သို့ စစ်ကောင်စီတပ်၏ လက်အောက်ခံဖြစ်သော ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) အပါအဝင် အခြားသောအင်အားစုများ၏ လှုပ်ရှားမှုများကိုလည်း သတိပြုစရာဖြစ်နေပါသည်။ 1. ကော်သူးလေအစိုးရဖွဲ့စည်းရေးနှင့် KNU ၏ စစ်ရေး နိုင်ငံရေး အရွေ့၊ Bi-WNR Issue 173၊ BNI-MPM
Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅ |
ကရင်အမျိုးသားအစည်းအရုံး
By MPM
9 အောက်တိုဘာ, 2025
👁
