ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် – အာရက္ခတပ်တော်

By MPM 10 အောက်တိုဘာ, 2025 👁

 

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၀ ဧပြီ ၂၀ဝ၉

ရုံးချုပ် – KIO ထိန်းချုပ်နယ်မြေ

လှုပ်ရှားရာ နယ်မြေ – ဧရာဝတီ၊ ပဲခူး (အရှေ့)၊ ချင်း၊ မကွေး၊ စစ်ကိုင်း၊ ရှမ်း (မြောက်) နှင့် ရခိုင် စသော တိုင်းနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်ပေါင်း (၂၈) ခု

စစ်ဦးစီးချုပ် – ဗိုလ်ချုပ်ထွန်းမြတ်နိုင်

ဒုစစ်ဦးစီးချုပ် – ဒေါက်တာညိုထွန်းအောင်

အတွင်းရေးမှူး – ၁ – ဗိုလ်မှူးကြီး ကျော်ဟန်

Telegramhttps://t.me/aainfodesk

Websitehttps://www.arakanarmy.net/

ရှမ်းမြောက်ဒေသတွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ဆန့်ထွက်လာသည့် အာရက္ခတပ်တော် (AA) ၏ စစ်ရေးအောင်မြင်မှုကိုကြည့်လျှင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ ပလက်ဝမြို့သိမ်းဖြစ်စဉ်မှသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် ဂွမြို့သိမ်းဖြစ်စဉ်အထိ မြို့ပေါင်း (၂၆) မြို့ကို တစ်နှစ်တာအတွင်း သိမ်းပိုက်နိုင်ခဲ့ခြင်းသည် အလွန်ထင်ရှားသည့် အောင်မြင်မှုဟု ဆိုရပါမည်။ တဆက်တည်းတွင် နွေဦးတော်လှန်ရေးကာလအတွင်းမှ ပေါက်ဖွားလာခဲ့ကြသည့် နယ်မြေဒေသအလိုက် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအား အာရက္ခတပ်တော်၏ စစ်ရေးစစ်ရာလမ်းညွှန်သင်ကြားမှုများ၊ ပူးပေါင်းလှုပ်ရှားမှုများနှင့် လက်နက်ခဲယမ်းများ ထောက်ကူပံ့ပိုးနိုင်ခြင်းသည်လည်း ဘဝတူတော်လှန်ရေးအင်အားစုများ၏ ယုံကြည်ကိုးစားမှုကို ပိုမိုတိုးပွားစေခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နိုင်ငံရေးအရရော၊ စစ်ရေးအရပါ တရားဝင်ပူးပေါင်းဆောင်ရွက်မှုများ မမြင်တွေ့ရသေးသည့်တိုင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်သည့် အာရက္ခတပ်တော်သည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို မျက်ကွယ်ပြုထားသည့် လုပ်ဆောင်ချက်မျိုးမရှိခဲ့ဟု ဆိုရပါမည်။ ရခိုင်အမျိုးသားရေးဆိုင်ရာ ရက္ခိတလမ်းစဉ်၊ ရက္ခိတရည်မှန်းချက်များဖြင့် စတင်ခဲ့သည့် အာရက္ခတပ်တော်၏ အတွေးအခေါ်အရွေ့သည် လူမျိုးပေါင်းစုံလွတ်မြောက်ရေး၊ လူမျိုးပေါင်းစုံ ကြီးငယ်မခွဲခြားဘဲ တန်းတူမျှတစွာ အခွင့်အရေးရရှိရေးနှင့် လူမျိုးစုအလိုက် အကုန်လုံး စည်းလုံးညီညွတ်ရေးဆီသို့ ဦးတည်လာနေပါသည်။

ရခိုင်ဒေသတခုလုံးကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ရေးအတွက် စစ်ရေးအရ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပြောဆိုထားသည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ကျွန်တော်တို့ကတော့ အတူတကွ စည်းစည်းလုံးလုံး အနာဂတ်ကို တည်ဆောက်ချင်တယ်။ သို့သော်လည်းပဲ ကျွန်တော်တို့လိုချင်တဲ့ ကျွန်တော်တို့ရသင့်တဲ့ အတိုင်းအတာကို မရဘူးဆိုရင်တော့ တခြားသော စဉ်းစားမှုတွေလည်း ရှိလာနိုင်တယ်” ဟု ပြောဆိုထားပါသည်။

မြို့နယ် (၁၇) ခုသာရှိသည့် ရခိုင်ပြည်နယ်အတွင်း စစ်အုပ်စု၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် မြို့နယ် (၁၄) ခုအထိ စစ်အုပ်စုထံမှ သိမ်းပိုက်ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်၏ စစ်ရေးအရွေ့သည် ရခိုင်ပြည်နယ်နှင့် ဆက်စပ်ဒေသများဆီသို့ ဆက်လက်ဦးတည်ရွေ့လျားနေပြီး ဒေသအလိုက် မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ စစ်အုပ်စုအား စစ်ရေးအရ ဖိအားပေးလျက်ရှိပါသည်။

အခြားတဖက်တွင်တော့ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များအတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး အပါအဝင် အခြားသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးသည် အာရက္ခတပ်တော်အတွက် အရေးပါသည့် လုပ်ငန်းစဉ်များဖြစ်လာသည်။ အထူးသဖြင့် သိမ်းပိုက်ထိန်းချုပ်ထားသည့် နယ်မြေများအတွင်းရှိ ပြည်သူလူထု၏ လုံခြုံရေးနှင့် အသက်အိုးအိမ်စည်းစိမ်များ ကာကွယ်စောင့်ရှောက်နိုင်ရေးသည် အထူးအာရုံစိုက်စရာဖြစ်လာပြီး အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းရန်သည် အဓိကစိန်ခေါ်မှုတစ်ခုဟု ဆိုရမည်ဖြစ်သည်။

ထို့အပြင် အာရက္ခတပ်တော် (AA) အတွက် “အရွယ်ရောက်ပြီးသူတိုင်း အမျိုးသမီး၊ အမျိုးသား မည်သူမဆို (၂) နှစ်တာ စစ်မှုထမ်းရမည်” ဆိုသော ပြဌာန်းချက်အပါအဝင် အသက် (၁၈) နှစ်မှ (၂၅) နှစ်အထိ အမျိုးသမီးများနှင့် အသက် (၁၈) နှစ်မှ (၄၅) နှစ်အထိ အမျိုးသားများကို ရခိုင်ပြည်နယ်ပြင်ပ ထွက်ခွာခွင့်တားမြစ်လိုက်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ ထုတ်ပြန်ချက်သည် အာရက္ခဒေသအတွင်းရှိ ပြည်သူများကို စိုးရိမ်ပူပန်စေခဲ့ပါသည်။

ယခုအခါ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်ဟူသော မြို့နယ် (၃) ခုတွင်သာ အာဏာသိမ်းစစ်အုပ်စုက ဟိုနားတစ၊ ဒီနားတစ ထိန်းချုပ်နိုင်သည့် အနေအထားဖြစ်ပါသည်။ သို့သော် အာရက္ခတပ်တော်၏ စစ်အုပ်စုအား ထိုးစစ်ဆင်လှုပ်ရှားမှုများသည် ဆက်လက်အသက်ဝင်နေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅