နိဒါန်း
အာဆီယံ အလှည့်ကျဥက္ကဌဖြစ်သူ မလေးရှားဝန်ကြီးချုပ်၏ မြန်မာ့အရေးအတွက် ခြေလှမ်းများသည် ယခင့်ယခင် အလှည့်ကျဥက္ကဌများ၏ လုပ်ဆောင်ချက်များထက် ပိုမိုစိတ်ဝင်စားဖွယ်ကောင်းလှသည်။ (၄) နှစ်ကျော်ကြာသည်အထိ အလုပ်မဖြစ်ခဲ့သော “ အာဆီယံဘုံသဘောတူညီချက် (၅) ချက်” ကို ကျော်လွန်လာပြီလားဟုပင် တချို့က ယူဆကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်နှင့် တွေ့ဆုံမှုကို ဓာတ်ပုံနှင့်တကွ အသိပေးခဲ့သည့် မလေးရှားဝန်ကြီးချုပ်၏ ချဉ်းကပ်မှုသည် အာဏာသိမ်းစစ်ခေါင်းဆောင်ထက် တော်လှန်အင်အားစုများဘက်ကို ပိုမိုမျက်နှာသာပေးခဲ့ကြောင်း ထင်ရှားစေသည်။
NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရော၊ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုပါ သီးခြားစီတွေ့ဆုံခဲ့သည့် မလေးရှားဝန်ကြီးချုပ် မစ္စတာအန်ဝါအီဘရာဟင်ကတော့ ငလျင်ဒဏ်သင့်ပြည်သူများ လူသားချင်းစာနာမှုအကူအညီများ လက်ခံရရှိရေးအတွက် ဘက်နှစ်ဘက်စလုံးက “ယာယီ အပစ်ရပ်ကြေညာချက်” သက်တမ်းတိုးဖို့ ပြောဆိုထားပါသည်။
ယခုတပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သုံးသပ်ချက်တွင် အာဆီယံ အလှည့်ကျဥက္ကဌ၏ ခြေလှမ်းများ၊ တော်လှန်ရေးအင်အားစုများဘက်မှ လှုပ်ရှားမှုများနှင့် အာဏာသိမ်းစစ်အုပ်စုဘက်မှ လုပ်ဆောင်ချက်များကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။
အာဆီယံဥက္ကဌ၏ ခြေလှမ်း
၂၀၂၅ ခုနှစ် ဧပြီလ ၁၈ ရက်၊ နံနက်ပိုင်းတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့သည်။ မိနစ် (၄၀) ကြာတွေ့ဆုံမှုအတွင်း မြန်မာပြည်သူများအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် အကူအညီများအား အမှန်တကယ် လိုအပ်နေသူများထံ ရောက်ရှိရန် သေချာစေရေးအတွက် ဦးစားပေးဆွေးနွေးခဲ့ကြောင်း မစ္စတာအန်ဝါက ထုတ်ပြန်ပါသည်။
တွေ့ဆုံဆွေးနွေးမှုများ၏ အရေးကြီးမှုအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး သင့်တော်သည့်အချိန်တွင် မလေးရှားနိုင်ငံတွင် လူကိုယ်တိုင်တွေ့ဆုံနိုင်ဖို့လည်း မျှော်လင့်ကြောင်း မစ္စတာအန်ဝါက ဆိုပါသည်။ 1
မစ္စတာအန်ဝါသည် ဧပြီလ ၁၇ ရက်၊ ညပိုင်းတွင်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘန်ကောက်မြို့တွင် တွေ့ဆုံခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် မြန်မာနိုင်ငံ ပုံမှန်အခြေအနေပြန်ရစေဖို့ အရေးကြီးကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။ 2
ဆိုခဲ့ပါ တွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်သော်လည်းကောင်း 3 ၊ NUG ၏ ထုတ်ပြန်ချက်တွင်သော်လည်းကောင်း 4 မြန်မာနိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခများ ရပ်တန့်ရေး၊ သက်ဆိုင်ရာအစုအဖွဲ့များအချင်းချင်း တွေ့ဆုံဆွေးနွေးရေးဆိုသည့် စကားရပ်များကို မြင်တွေ့ရခြင်းမရှိဘဲ လတ်တလော အရေးပေါ်အကူအညီလိုအပ်နေသည့် ငလျင်ဒဏ်သင့်ပြည်သူများအား ကူညီနိုင်ရေးကိုသာ အလေးပေးဆွေးနွေးခဲ့ကြသည်ဟု နားလည်ရပါသည်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ တွေ့ဆုံဆွေးနွေးရေး၊ ယုံကြည်မှုတည်ဆောက်ဆိုသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး ယခုလိုပဲ ပြောဆိုထားပါသည်။
“ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း မလွှတ်သေးဘူး၊ အခုအချိန်အထိ ရွာတွေ မီးရှို့တာ၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေလည်း မရပ်သေးဘူး၊ ပြောရရင်တော့ အကြမ်းဖက်မှုတွေလည်း မရပ်တန့်သေးဘူးပေါ့၊ အဲလိုမရပ်တန့်သေးဘဲနဲ့ ဘယ်လို ယုံကြည်မှုတည်ဆောက်လို့ရမလဲ၊ ဒါကြောင့်မို့လို့ ယုံကြည်မှု တည်ဆောက်ဖို့ အရေးကြီးတယ်ဆိုတဲ့နေရာမှာ ဒီအချက်တွေကို သိသာထင်ရှားတဲ့ အပြောင်းအလဲလိုမျိုး၊ နိုင်ငံရေးအာသီသလိုမျိုး မဖော်ပြဘဲနဲ့ ကျမတို့က ဆွေးနွေးပါမယ်။ မဆွေးနွေးပါဘူးဆိုတာကို ပြောဖို့ကြတော့ ကျမအနေနဲ့ အချိန်အခါမကျသေးဘူးလို့မြင်ပါတယ်” 5
မလေးရှားဝန်ကြီးချုပ်၏ အဆိုရမူ ယခုတွေ့ဆုံမှု၏ အဓိကဦးစားပေးသည် လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းမှုများသာဖြစ်ပြီး သက်ဆိုင်ရာအင်အားစုများအနေဖြင့် အပစ်အခတ်ရပ်စဲမှုတစ်ခု ရှိရလိမ့်မည်ဟု ဆိုပါသည်။ သို့မှသာ အကူအညီပေးရေးအစီအစဉ်များနှင့် အကူအညီပေးမည့် အမှုထမ်းများအားလုံး ဘေးကင်းလုံခြုံစေရေး သေချာမှုရှိစေရန် လုပ်ဆောင်ရမည်ဟု ဆိုပါသည်။ 6
နိုင်ငံတဝှမ်း အထွေထွေထိုးစစ်
၂၀၂၅ ခုနှစ် မတ်လ ၂၅ ရက်တွင် ပြုလုပ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ဧရာဝတီ)၊ အမှတ် (၂၉) ဗျူဟာ၊ အပတ်စဉ် (၅) အခြေခံ စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားတွင်တော့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စစ်မဟာဗျူဟာအရ ပထမအဆင့်အဖြစ် တစ်နိုင်ငံလုံး ကွက်ပြည့် စစ်ရေးလှုပ်ရှားနိုင်ရေး ကြိုးပမ်းမှု၊ ဒုတိယအဆင့်အဖြစ် မဟာဗျူဟာမြောက် ထိုးစစ်ဆင်ပြီး မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲမှုများ လုပ်ဆောင်ခဲ့ပြီးသည့်အတွက် တတိယအဆင့်ဖြစ်သည့် တစ်နိုင်ငံလုံး အထွေထွေထိုးစစ်ကြီးတရပ်ကို ဆင်နွှဲနိုင်ရေးအတွက် ပြင်ဆင်ကြိုးပမ်းနေကြပြီဖြစ်ကြောင်း အသိပေးခဲ့သည်။
တဆက်တည်းတွင် တိုင်းစစ်ဌာန (ဧရာဝတီ) လှုပ်ရှားရာ မြစ်ဝကျွန်းပေါ်ဒေသသည် အထွေထွေထိုးစစ်ကြီးဆင်နွှဲရာတွင် အရေးကြီးသည့် စစ်မျက်နှာတစ်ခုအဖြစ် ပါဝင်မည်ဟု ဦးရည်မွန်က ဆိုပါသည်။
မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ ဧရာဝတီတိုင်းအတွင်း စစ်ရေးပဋိပက္ခဖြစ်စဉ်များကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ပြီး ၂၀၂၅ ခုနှစ် မတ်လကုန်အထိ ပိုမိုများပြားစွာမြင်တွေ့လာခဲ့ရပါသည်။ အထူးသဖြင့် အဆိုပါဖြစ်စဉ်များအတွင်း အာရက္ခတပ်တော် (AA) နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်မှုများ အရှိန်အဟုန်ပြင်းပြင်းမြင်တွေ့လာရခြင်း ဖြစ်သည်။ ထို့အပြင် စစ်အာဏာသိမ်းကာလအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်မှ ၂၀၂၅ ခုနှစ် မတ်လကုန်အထိ မြန်မာနိုင်ငံတဝှမ်း တိုက်ပွဲဖြစ်စဉ်ပေါင်း (၆၁၁၃) ခုရှိခဲ့ပြီး ၂၀၂၄ ခုနှစ်သည် တိုက်ပွဲအရှိန်အဟုန်အမြင့်ဆုံးနှစ်အဖြစ် တွေ့ရှိရသည်။ 7
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနသည် ငလျင်ဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးအတွက်ဟုဆိုကာ ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၂ ရက်အထိ ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံးရပ်ဆိုင်းထားမှုကို ထပ်မံသက်တမ်းတိုးခြင်း မပြုလုပ်ထားသကဲ့သို့ အာဏာသိမ်းစစ်အုပ်စုသည်လည်း ဧပြီလ ၂၂ ရက်အထိ သက်တမ်းရှိသည့် ၎င်းတို့၏ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို သတ်တမ်းတိုးမြင့်ခဲ့ခြင်း မရှိသေးပေ။
စစ်အုပ်စု ရွေးချယ်ရမည့် လမ်း
အင်အားပြင်းငလျင်လှုပ်ခတ်ခြင်းနှင့် ငလျင်ဒဏ်သင့်ပြည်သူများကို အကြောင်းပြုပြီး မြန်မာနိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခများ ရပ်တန့်ကာ တွေ့ဆုံဆွေးနွေးရေး၊ ငြိမ်းချမ်းရေးဟူသော အခင်းအကျင်းမျိုးကို နှပ်ကြောင်းပေး လော်ဘီလုပ်နေကြသူများသည် စစ်အုပ်စု၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများကို လစ်လျူရှု နှုတ်ဆိတ်နေကြကြောင်း ဝမ်းနည်းဖွယ်တွေ့ရှိရပါသည်။
စစ်အုပ်စု၏ အပစ်ရပ်ကာလအတွင်းရှိ ဧပြီ ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်ဆက်တိုက် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခံရသည့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အတွင်း ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ (၃၇) ဦးသေဆုံးခဲ့ရပြီး (၅၀) ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ သပိတ်ကျင်းမြို့နယ်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထိန်းချုပ်မှုအောက်တွင်ရှိပြီး စစ်အုပ်စု၏ လေကြောင်းရန်ကို အကြီးအကျယ် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ မြန်မာနှစ်သစ်ကူး သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ ၁၆ ရက်ကလည်း သပိတ်ကျင်းမြို့နယ် ရေထွက်ရွာအနီး စစ်ကောင်စီက လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးသည်။ 8
မစ္စတာအန်ဝါသည် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံအား ပုံမှန်အခြေအနေ ပြန်ရစေဖို့ တိုက်တွန်းထားသကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများကလည်း စစ်တပ် နိုင်ငံရေးမှထွက်ရေးအပါအဝင် နိုင်ငံရေးရပ်တည်ချက် (၆) ချက် 9 နှင့်အတူ တွေ့ဆုံဆွေးနွေးရေးအထိ လမ်းဖွင့်ထားသည်ဟု ဆိုရပါမည်။
အာဏာသိမ်းစစ်အုပ်စုကမူ ၎င်းတို့၏ ရွေးကောက်ပွဲအသစ်ကျင်းပရေးကိုသာ ဦးစားပေးလုပ်ဆောင်နေပြီး တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်နယ်မြေများအား လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများအား တရားလက်လွှတ် ကျူးလွန်လျက်ရှိသည်ကို တွေ့ရပါသည်။ အာဏာသိမ်းစစ်အုပ်စုအတွက် ရွေးချယ်ရမည့်လမ်းသည် တွေ့ဆုံဆွေးနွေးအဖြေရှာရေးသာ ဖြစ်ခဲ့ပါမူ လေကြောင်းတိုက်ခိုက်မှုကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များအား ရပ်တန်းကရပ်ဖို့ လိုအပ်နေပြီဖြစ်သည်။
သုံးသပ်တင်ပြချက်
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ဦးဆောင်သည့် အလွတ်သဘောအာဆီယံအကြံပေးအဖွဲ့နှင့်အတူ မြန်မာ့အရေးအတွက် လှုပ်ရှားဆောင်ရွက်နေသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏ ခြေလှမ်းများသည် စောင့်ကြည့်ရမည့်အနေအထားတွင်သာရှိပြီး မြန်မာနိုင်ငံ၏ ပကတိအခြေအနေကို ရှင်းလင်းစွာ သိမြင်နားလည်ဖို့ လိုအပ်ပါသည်။ အာဏာသိမ်းစစ်အုပ်စုအား နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ကြောင်း ပြသလာခဲ့သည့် တော်လှန်ရေးအင်အားစုများ၏ (၄) နှစ်တာအတွင်း အရွေ့အပြောင်းများ၊ အာဏာသိမ်းစစ်အုပ်စု၏ ပြည်သူလူထုအပေါ်ထားရှိသော စိတ်စေတနာများကို လက်တွေ့ကျကျ ချဉ်းကပ်နိုင်ဖို့ သတိပြုရမည်ဖြစ်သည်။
အထူးသဖြင့် အာဏာသိမ်းစစ်အုပ်စု၏ အလိမ်မခံရရေးကို အာဆီယံ အလှည့်ကျဥက္ကဌအနေဖြင့် အထူးသတိပြုရမည်ဖြစ်သည်။ စစ်အုပ်စု၏ “အပစ်ရပ် ကြေညာချက်” တွင် လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်မည့်အကြောင်း စာတစ်လုံးမျှပင် ပါဝင်ခြင်းမရှိသကဲ့သို့ ပြည်သူလူထုအပေါ် ကျူးလွန်ထားသည့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအတွက်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုတစုံတရာ မမြင်တွေ့ရသေးပေ။ စစ်အုပ်စု၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုဟူသည်ပင် စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေးလုပ်ငန်းစဉ်တရပ် ဖြစ်ခဲ့သည်မဟုတ်ပါလား။ 10
(၄) နှစ်တာကာလကို ကျော်လွန်လာခဲ့သည့် နွေဦးတော်လှန်ရေးခရီးသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်နေခြင်း ဖြစ်သည်။ ထိုအတွက် စစ်ဒေသ၊ စစ်နယ်မြေအလိုက် တော်လှန်ရေးအင်အားစုများအချင်းချင်း ပေါင်းစည်းမှုများ ပိုမိုမြင်တွေ့လာရသကဲ့သို့ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များတွင်လည်း အင်အားစုအလိုက် ကျယ်ပြန့်စွာပါဝင်လာစေရေး ကြိုးပမ်းလျက်ရှိပါသည်။
တော်လှန်ရေးအင်အားစုများထံသို့ မြို့ပေါင်း (၉၅) မြို့ကျော် လက်လွှတ်ဆုံးရှုံးထားရသည့် အာဏာသိမ်းစစ်အုပ်စုအတွက်မူ ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေးဆိုသော စကားများကို ရေပတ်မဝင်အောင် ပြောဆိုပင်ပြောဆိုငြားသော်လည်း လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ကာ ပြည်သူလူထုအား အချိန်နှင့်အမျှ ခြိမ်းခြောက်နေဆဲဖြစ်ပါသည်။ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်တွယ်ထားပြီး တော်လှန်ရေးအင်အားစုများအား အထက်စီးမှ ဆက်ဆံတတ်သည့် စစ်အုပ်စု၏ အကျင့်ဆိုးများကို ဖယ်ရှားနိုင်ရန် လွယ်ကူလှသည်မဟုတ်ပါ။
ထို့ကြောင့် တော်လှန်ရေးအင်အားစုများနှင့် အာဏာသိမ်းစစ်အုပ်စုအကြား စေ့စပ်ညှိနှိုင်းရေးဝင်ရောက်လာသည့် မစ္စတာအန်ဝါ၏ ခြေလှမ်းများသည် ဘက်ပေါင်းစုံမှ ပုံစံအမျိုးမျိုးဖြင့် ဆုံးရှုံးခဲ့ရသော မြန်မာပြည်သူများ၏ အသက်များ၊ ဘဝများကို မျက်နှာမူကာ တာဝန်ယူ တာဝန်ခံမှုရှိသော လူထုတရားမျှတမှုဆီ ဦးတည်လျှောက်လှမ်းသင့်ကြောင်း တင်ပြအပ်ပါသည်။
1 https://www.facebook.com/anwaribrahimofficial , ၁၈ ဧပြီ ၂၀၂၅
2 https://www.facebook.com/anwaribrahimofficial , ၁၇ ဧပြီ ၂၀၂၅
3 တွေ့ဆုံဆွေးနွေးများနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ထုတ်ပြန်ချက်၊ ၁၈ ဧပြီ ၂၀၂၅
4 တွေ့ဆုံဆွေးနွေးများနှင့် ပတ်သက်ပြီး NUG ၏ ထုတ်ပြန်ချက်၊ ၁၈ ဧပြီ ၂၀၂၅
5 နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် PVTV သီးသန့် တွေ့ဆုံမေးမြန်းခြင်း၊ PVTV၊ ၁၈ ဧပြီ ၂၀၂၅
6 PM Anwar: Myanmar junta, opposition agree to extend ceasefire for aid efforts, malaymail, 18 April 2025
7 Myanmar Armed Conflict Dashboard, BNI-MPM, 31 March 2025
8 သပိတ်ကျင်းမြို့ ၃ ရက်ဆက် ဗုံးကြဲခံရ၊ ကလေးအပါအဝင် ၃၇ ဦးသေဆုံး၊ မြန်မာနောင်း၊ ၂၁ ဧပြီ ၂၀၂၅
9 Six Political Objectives And A Future Myanmar, BNI-MPM
10 စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေးအတွက် အသုံးချခံငြိမ်းချမ်းရေး၊ BNI-MPM